အာဏာသိမ်း ရက်ပေါင်း ၁၂၀၀ ပြည့်မှာ သေဆုံးသူအရပ်သား ၆၉၀၀ နီးပါးအထိရှိလာ

Author ကိုထားဝယ်
Categories
Published on May 16, 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတဲ့ စစ်တပ်အာဏာသိမ်းမှုဟာ မေ ၁၅ ရက်မှာ ရက်ပေါင်း ၁၂၀၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ လပေါင်းအားဖြင့် ၄၀ ဖြစ်ပါတယ်။

 

အာဏာသိမ်း ရက်ပေါင်း ၁၂၀၀ အတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူသေဆုံးရမှု ၅၀၆၃ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဒါ့အပြင် AAPP အနေနဲ့ မည်သူမည်ဝါအတည်မပြုနိုင်သေးတဲ့ (၁၈၀ဝ)ဦးဝန်းကျင်လည်း သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စုစုပေါင်း ၆၈၆၃ ဦးအထိ စစ်ကောင်စီက သတ်ဖြတ်ထားပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။

 

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၆,၆၈၃ ဦးရှိပြီး အဲဒီထဲက ၂၀,၄၆၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၎င်းတို့အနက် ၈၉၉၇ ဦးမှာ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံထားရပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူကတော့ ၆၂၂၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် မေ ၁၅ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ ၁၂၃ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦးအပါအဝင် ၁၁၉ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်တယ်လို့ AAPP စာရင်းအရ သိရပါတယ်။

 

အခုအရေအတွက်ဟာ AAPP က လက်လှမ်းမီသလောက်ကောက်ယူထားတဲ့စာရင်းတွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက်များပြားနိုင်တယ်လို့ ပြောပါတယ်။

 

ဓာတ်ပုံ – AAPP