ပြည်သူ့ငွေဖြင့် ပြည်သူ့သ-တ်ရန် အစီအစဉ်ဖြစ်သည့် “အောင်ဘာလေထီ” ထိုးသူမရှိ၍ ဆုကြေးငွေမတိုးမြှင့်နိုင်

Author မွန်လေး
Categories
Published on Sep 30, 2022

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အောင်ဘာလေထီအား ပြန်လည်ဖွင့်လှစ်သော်လည်း ထိုးသူမရှိ၍ ဆုကြေးငွေကို အမြင့်ဆုံးကျပ်သိန်းငါးထောင်နှင့် အနိမ့်ဆုံး ကျပ်တစ်သောင်းအထိသာ ပေးနိုင်ကြောင်း သိရသည်။

အောင်ဘာလေထီ၏ စက်တင်ဘာလဆုကြေးအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း ၃၃၄၇ဒသမ၅၀၀ဖြစ်ပြီး ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းကိုထီဆုငွေအဖြစ် ကျပ်သန်း ၂၃၄၃ဒသမ၂၅၀ ချီးမြှင့်မည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် အောင်ဘာလေထီကို ရန်ကုန်၊မန္တလေး၊ နေပြည်တော်အစရှိသည့် မြို့ကြီးများတွင် အဓိကထားရောင်းချနေပြီး ပြည်သူ့ ခုခံတော်လှန်စစ် ပြုလုပ်နေသည့်နေရာများတွင် ရောင်းချနိုင်မှု မရှိကြောင်းလည်းသိရသည်။

“သူတို့ထိန်းချုပ်ထားတဲ့မုံရွာမြို့ပေါ်မှာတောင် ထီဆိုင်ဘယ်သူမှမဖွင့်ကြဖူး ဖွင့်ပြီးရောင်းတဲ့သူလည်းရှုံးမှာပဲ ပြည်သူ့ငွေနဲ့ ပြည်သူကို ပြန်သတ်နေတဲ့သူတွေကိုဘယ်သူမှအားပေးပြီးမထိုးဖူး”ဟု အသက်သုံးဆယ်ကျော် မုံရွာမြို့ခံတစ်ဦးကပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းတွင်လည်း အောင်ဘာလေထီ ရောင်းချသူအချို့ပင် အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်နေကြသည်။

“ထီထိုးတဲ့သူက အမေစုခေတ်ကလိုမရှိတော့ဖူး။ ပြီးတော့ ဒီအလုပ်လုပ်ရတာ သူတို့ကိုအားပေးအားမြှောက်ဖြစ်သလိုထင်လို့ ဆိုက်ကားပဲနင်းစားတော့တယ်”ဟု လှိုင်မြို့နယ်တွင်နေထိုင်သည့် ယခင်ထီရောင်းခဲ့သူ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကိုပြောကြားသည်။

အောင်ဘာလေထီဆု ရောင်းချမှုနှုန်းကျနေသည့်အတွက် စစ်ကောင်စီသည် အွန်လိုင်းစနစ်ဖြင့် ထီရောင်းချနိုင်ရန် အီလက်ထရောနစ်ဥပဒေအသစ်ပြင်ဆင်မည့် လျှို့ဝှက် ထီဥပဒေကြမ်းသည် ယခင်နှစ် သြဂုတ် ၂၂ရက်တွင် ပေါက်ကြားခဲ့သော်လည်း ထိုးသူမရှိ၍ ယင်းစခနစ်ကိုလက်ရှိအချိန်ထိအကောင်အထည်မဖော်နိုင်သေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းကြောင်း ၂၀၂၁သြဂုတ် ၂၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။