မန္တလေး မီးပွိုင့်တစ်ခုမှာ တောင်းရမ်းနေတဲ့ ကလေးငယ် ဆိုင်ကယ်နဲ့ချိတ်မိ

Author အညာသား
Categories
Published on May 14, 2024

မန္တလေးမြို့ ၆၂ လမ်းနဲ့ သိပ္ပံလမ်းမီးပွိုင့်မှာ ဒီနေ့ မေ ၁၄ ရက် မနက် ၁၀ နာရီလောက်က တောင်းရမ်းနေတဲ့ ကလေးငယ်တစ်ဦး ဆိုင်ကယ်နဲ့ သူ့ရဲ့လွယ်အိတ်ကြိုးချိတ်မိပြီး ဒရွတ်တိုက်ပါသွားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်ကို လမ်းသွားလမ်းလာတစ်ဦးက ကားပေါ်ကနေ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲ မီးပွိုင့်မှာရပ်စောင့်နေတဲ့ ဆိုင်ကယ်တစ်စီးနားကို တောင်းရမ်းဖို့ ကလေးငယ်က လာရောက်နေတုန်း ဆိုက်ကယ်ထွက်ခွာချိန် ကလေးငယ်ကိုချိတ်မိပြီး ဆိုင်ကယ်နောက် ဒရွတ်တိုက်ပါသွားတာကိုတွေ့မြင်ခဲ့ရပါတယ်။

 

အဲဒီလိုဖြစ်သွားတာကို ဘေးကလူတွေမြင်လို့ ဝိုင်းဝန်းအော်ကြတဲ့အတွက် ဆိုင်ကယ်သမားသိသွားပြီး ခဏချင်းမှာပဲ ဆိုင်ကယ်ကိုရပ်လိုက်တာဖြစ်ပါတယ်။

 

“ဆိုင်ကယ်ရဲ့နောက်မှာလည်း ပစ္စည်းတွေတင်ထားတာတွေ့တယ်။ ကလေးစီးစက်ဘီးလေးပါဆိုင်ကယ်နောက်မှာ တင်လာတာတွေ့ရတယ်။ မီးစိမ်းလို့ဆိုင်ကယ်လည်းထွက်ရော အဲဒီကလေးရဲ့လွယ်အိတ်ကြိုးနဲ့ ဆိုင်ကယ်နောက်က တင်ထားတဲ့စက်ဘီးနဲ့ သွားငြိတယ်ထင်တယ်။ ဖြစ်သွားတာတော့ ခဏလေးမှာပဲ” လို့ အဲဒီဗီဒီယိုဖိုင်ကို မှတ်တမ်းတင်ခဲ့သူက CJ Platform ကိုပြောပါတယ်။

 

အဲဒီလိုဖြစ်ပြီးနောက်ပိုင်း ကလေးငယ်ဟာ သူ့ဘာသာသူလဲရာမှထပြီး ဆက်လက်အလှူခံငွေတောင်းဖို့လမ်းလျှောက်သွားတာကို မှတ်တမ်းထားသူရဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

 

မန္တလေးမြို့ရှိ လူစည်ကားရာမီးပွိုင့်နေရာတွေမှာ မီးနီစောင့်တဲ့ ယာဉ်တွေကို ငွေကြေးအလှူခံတာ၊ စားစရာတောင်းယူတာတွေကို ကလေးငယ်တွေ၊ အမျိုးသမီးတွေက လုပ်ဆောင်လေ့ရှိပြီး မြို့တော်စည်ပင်သာယာရေးအနေနဲ့ကလည်း သူတို့ကို အခုလိုအလှူခံတောင်းယူမှုမပြုဖို့ လုပ်ဆောင်ခဲ့ဖူးပေမဲ့ ပပျောက်သွားတာမျိုးမရှိဘဲ ပိုများလာတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

 

ကလေးငယ်တွေကို ယာဉ်တွေကြားအတင်းတိုးခိုင်းပြီး ဘေးနားကအရိပ်ရှိတဲ့နေရာတွေမှာ လူကြီးတွေက စောင့်ကြည့်ခိုင်းစေနေတာမျိုးတွေလုပ်ဆောင်နေတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

 

ဓာတ်ပုံ – Winmin Naing