KIA စစ်ဦးစီးချုပ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း NUG ဆို

Author ကိုထားဝယ်
Categories
Published on May 14, 2024

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ်နဲ့ အမှတ်(၁)စစ်ဒေသရဲ့ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း(Ruhkyau Hkawng Lum)မနေ့ မေလ ၁၃ ရက်နေ့က ကွယ်လွန်သွားမှုအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

 

KIA/KIO ဟာ NUG ရဲ့အရင်းနှီးဆုံးမဟာမိတ်ဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးဟာ တော်လှန်ရေး တပ်မှူးကောင်းကြီးတစ်ဦးဖြစ်တဲ့အတွက် အတိုင်းမသိဝမ်းနည်းကြေကွဲရပါတယ်လို့ NUG က ဆိုပါတယ်။

 

ကချင်အမျိုးသားထုအတွက်သာမက တစ်တိုင်းပြည်လုံးအတွက် ပြန်လည်အစားထိုးလို့မရတော့တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးကို ဆုံးရှုံးလိုက်ရမှုအပေါ် NUG က ဖော်ညွှန်းပါတယ်။

 

KIA စစ်ဦးစီးချုပ် ဦးဆောင်ခဲ့တဲ့ စစ်ရေးကဏ္ဍကို NUG က ဆက်လက်ထိန်းသိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် အလျင်မြန်ဆုံး ပုံဖော်တည်ဆောက်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ NUG ရဲ့ သဝဏ်လွှာထဲ ထည့်သွင်းရေးသားထားပါတယ်။

 

မနေ့ ညနေ ၆ နာရီခွဲလောက်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ အသက် ၆၂ နှစ်မှာ သူခံစားနေရတဲ့ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

 

သူကွယ်လွန်ရခြင်းအပေါ် NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း ဝမ်းနည်းကြောင်း သူ့လူမှုရက်ကတစ်ဆင့်ပြောပါတယ်။

 

“ကျန်တဲ့အချိန် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်ပေမဲ့ စစ်ရေးနဲ့ပတ်သက်ရင် အင်မတန် လေးနက်သူ၊ လျှို့ဝှက်တဲ့နေရာ၊ အမိန့်ပေးတဲ့နေရာ တိကျသေချာလွန်းသူ။ အောက်လိုက်ငယ်သားများရဲ့ ယုံကြည်ခြင်း၊ ချစ်ကြောက်ရိုသေခြင်းခံရသူ ဖြစ်ပါတယ်။ စစ်ရေး ပရိယာယ် ကြွယ်ဝသူအဖြစ်လည်း နာမည်ကြီးပါတယ်” လို့ ဒေါက်တာ တူးခေါင်က ပြောပါတယ်။

 

KIA ဟာ ဒီနှစ် မတ်လ ၇ ကစလို့ ကချင်စစ်မျက်နှာကို စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်လကျော်ကာလအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့အနီးတဝိုက်အပါအဝင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်အပါအဝင် စစ်ကောင်စီတပ်စခန်း ကြီး/ငယ် ၉၀ နီးပါးအထိ သိမ်းယူထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – NUG

Related News

Depend on news