“လဝက ဗိုက်ဖောင်း ၊ ပြည်သူတွေ မထောင်းသာတဲ့ UID”

Author လင်းနွေဦး
Categories
Published on May 11, 2024

အားအားရှိငွေညှစ်၊ လာဘ်စားဖို့ကြံနေတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေဟာ သူတို့အတွက် စမတ်ကတ်(UID)ဆိုတဲ့ A4 စာရွက်နဲ့ထုတ်ပေးတဲ့သက်သေခံလက်မှတ်ကို နိုင်ငံတဝန်းမလုပ်မနေရ လုပ်ခိုင်းနေတာပါ။ QR Code တစ်ခုပါတဲ့ အဲဒီစက္ကူစာရွက်မပါရင် နယ်စပ်ဖြတ်ကျော်ခွင့်မပေးဘူးဆိုလို့ မြဝတီ-မဲဆောက် ကူးလူးနေကြသူတွေဟာ နေပူမိုးရွာကြားထဲက မြဝတီလဝကရုံးဆီ သွားရောက်လုပ်ကိုင်နေကြရပါတယ်။ အဲဒီထဲ စစ်ကောင်စီ ဝန်ထမ်းတွေလို BGF ဝန်ထမ်းတွေကလည်း လုပ်စားနေကြပြီး အစက စမတ်ကတ်တစ်စောင် အမြန်ကြေး ငါးသောင်းကနေ အခုဆို တစ်သိန်းကနေ နှစ်သိန်းကြာအထိ တောင်းယူနေကြပါတယ်။ ဒီလိုအသံတွေကို မြဝတီမြို့ခံတွေနဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ မြဝတီ-မဲဆောက်ကူးနေသူတွေရဲ့ အသံတွေကို ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ”အနေနဲ့ ဖော်ပြအပ်ပါတယ်။

****************************************

 

“လူတိုင်းလိုလို လုပ်နေကြတယ်ဆိုတော့ ပိုက်ဆံတွေဇွတ်တောင်းကြတယ်လေ။”

 

အသက် ၂၉ နှစ်အရွယ် မြဝတီမြို့ခံ အမျိုးသမီးတစ်ဦး

 

“UID ကတ်လုပ်ဖို့ ပြင်နေတာ။ အခုတော့ မလုပ်ရသေးဘူး။ Smart Card(UID)သာ ပြောတာပါ။ A4 သာသာပါပဲ။ ပထမတော့ မလုပ်ဘူးနေမလို့ပဲ။ လုပ်ဖို့အတွက်မေးထားတာ အဆင်ပြေတယ်ဆို လုပ်လိုက်မယ်ဆိုပြီး ချိန်နေတာပေါ့။ အဲဒီကတ် မရှိရင် အခုမြဝတီတံတားကနေ ထိုင်းဘက်ကို ပေးမကူးတော့ဘူးလေ။ လူတိုင်းလိုလို လုပ်နေကြတယ်ဆိုတော့ ပိုက်ဆံတွေဇွတ်တောင်းကြတယ်လေ။ ခုဆို ပွဲစားတွေဆီက ကြားရတာ အမြန်ကြေး ကျပ် တစ်သိန်းထိ ပေါက်နေတယ်။ တကယ်တမ်းသာ တန်းစီလုပ်ရင် ၂၅၀ဝ ပဲကုန်မှာ။ ဒါပေမဲ့ အကြာကြီးတော့စောင့်ရတာပေါ့။ အသိတွေထဲကဆိုရင် တန်းစီရင်း တစ်နေကုန်သွားတာမျိုးတွေရှိတယ်။ မြို့ပေါ်မှာ ကြားရတဲ့သတင်းတွေကလည်း မကောင်းဘူး။ မျိုးစုံကို ကြားနေရတာ။ တိုက်ပွဲတွေ ပြန်ဖြစ်ဦးမှာတို့၊ မဖြစ်တော့ပါဘူးတို့၊ စစ်ကောင်စီတပ်တွေ တက်လာနေတယ်တို့ ဆိုတာမျိုးတွေပေါ့။ ပေါင်းစုံပဲ။ ခုချိန်ကတော့ ရပ်တည်ရတာ တကယ်မလွယ်ပါဘူး။”

****************************************

 

“ပွဲစားနဲ့ လုပ်ရင် ပွဲစားခကို ၂ သိန်းပေးရမယ်တဲ့။”

 

ရွှေကုက္ကိုလ်က အသက် ၁၉ နှစ်အရွယ် ကရင်အမျိုးသမီးဝန်ထမ်းတစ်ဦး

 

“ပွဲစားနဲ့ လုပ်ရင် ပွဲစားခကို ၂ သိန်းပေးရမယ်တဲ့။ ရုံးမှာသွားလုပ်ရင် ကြာမယ်။ ဒေးမူ(ညီမ)လည်း သွားလုပ်ဖို့ ချိန်းထားတာ ခုမလုပ်ဖြစ်တော့ဘူး။ ပွဲစားခကြီးပဲ နှစ်သိန်း ပေးပြီး အဲဒီ လ.ဝ.က ရုံးကို တစ်ခေါက်တော့မဖြစ်မနေသွားရမယ်လေ။ ပြီးရင် ရုံးက လူတွေကလည်း ရစ်တယ်။ သူတို့ ငွေရပေါက်ကြီးလိုဖြစ်နေတာလေ။ နောက်ထပ် ငွေမရရအောင် အကြောင်းမရှိ အကြောင်းရှာပြီး ပိုက်ဆံတောင်းတယ်။ အဲဒါနဲ့ မလုပ်ဖြစ်တော့ဘူး။”

****************************************

 

“ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကတော့ တစ်နေကုန်နီးပါးကြာတယ်။ ဒါတောင် မရတဲ့သူတွေရှိတယ်။”

 

တံတားကူးလက်မှတ်ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး

 

ကျွန်တော်ကတော့ တံတားလက်မှတ်နဲ့ နေတဲ့သူတစ်ဦးပါ။ ကနဦးပိုင်း UID တွေလုပ်ရမယ်လို့ အသံထွက်တဲ့ မေလ ပထမအပတ် အစပိုင်းထဲက လုပ်ခဲ့တာပေါ့နော်။ အဲဒီတုန်းက ပုံမှန်အတိုင်းမတန်းစီချင်ရင် BGF က ငါးသောင်းနဲ့ လုပ်ပေးတယ်ဆိုလို့ လုပ်လိုက်တယ်။ တန်းစီစရာမလိုဘဲ သီးသန့် တစ်ဖွဲ့သပ်သပ်ပုံစံဖြစ်သွားတာပေါ့။ ရုံးထဲရောက်တော့ စာရေးမကို ငါးထောင်ထပ်ပေးလိုက်တော့ အများကြီးရှိနေတဲ့ ဖိုင်တွေထဲကမှ ကိုယ့်ဖိုင်ကို ဆွဲထုတ်ပြီး ချက်ချင်း လက်ဗွေနှိပ်၊ မျက်လုံး စကန် ဖတ်တာ လုပ်ပြီး ခဏကြာတာနဲ့ UID ကတ်ရလာတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကတော့ တစ်နေကုန်နီးပါးကြာတယ်။ ဒါတောင် မရတဲ့သူတွေရှိတယ်။ နောက်ရက် ထပ်စောင့်ပေါ့။ မနေ့က တံတားလက်မှတ် သက်တမ်းကုန်လို့ ထပ်သွားလုပ်တော့ လဝက လူတွေနဲ့ BGF ကလူတွေ ပေါင်းလုပ်စားတာ ငါးသောင်းနဲ့ မရတော့ဘူး။ ရှစ်သောင်းဖြစ်သွားတယ်။ ပွဲစားတွေက မုန့်ဖိုးတောင်းတာက နှစ်သောင်းလောက်ပေးရတာမျိုးတွေတွေ့တယ်။ စုစုပေါင်းဆို တစ်သိန်းကျော်လောက် သွားကုန်တာပေါ့။