“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (မေ ၅ မှ ၁၁ ရက်အထိ)

Published on May 11, 2024

ဒီတစ်ပတ်(မေ ၅ မှ ၁၁ ရက်အထိ)အတွင်း နိုင်ငံအနှံ့အပြား စစ်ရေးအခြေအနေတွေကလည်း သူ့ဒေသနဲ့သူ အားကောင်းနေတုန်းပဲဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ တပ်သားသစ်ရရှိဖို့ စစ်မှုထမ်းဥပဒေကိုင်တွယ်ပြီး နေအိမ်တွေအထိအပြင် လမ်းသွားလမ်းလာလူငယ်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “လေပေါ်က လူသတ်သမား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံ ၂၅ ဦးအထိ အသက်ဆုံးရှုံးရတဲ့ အကြောင်းတွေ အပါအဝင် “စစ်ကောင်စီရဲ့ လက်နက်ချ၊ အလင်းဝင်မှု ဓလေ့” စစ်ကောင်စီတပ်သားတွေ AA ဆီလက်နက်ချအလင်းဝင်မှု၊ “မိုးမောက်က Sold Oud တော့မှာလား” မိုးမောက်မြို့ကို အလုံးစုံသိမ်းနိုင်ဖို့ KIA ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စစ်ကောင်စီဘက်က အသည်းအသန်ကာကွယ်ရင်နေရတဲ့ အခြေအနေတွေအပြင် ဟွမ်ဆန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့မှုအပါအဝင် သက်ဆင်နဲ့ NUG + ERO တွေ တွေ့ဆုံမှုအကြောင်း တစေ့တစ်စောင်းကို ကောက်နုတ်ဖော်ပြထားပါတယ်။

 

****************************************

 

“လေပေါ်က လူသတ်သမား”

 

လေကြောင်းတိုက်ခိုက်မှုကိုသာ အားထားနေရတဲ့ စစ်ကောင်စီဟာ မကွေးတိုင်း၊ ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မေလ ၉ ရက် မနက် ၁၁ နာရီလောက်မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ ၂၅ ဦးအထိသေဆုံးခဲ့ပြီး ပျောက်ဆုံးသူတွေလည်းရှိသလို ဒေသခံတွေအများကြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ဒေသခံတွေဟာ ဒေသဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးအတွက် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းမှာ တွေ့ဆုံဆွေးနွေးနေတုန်း တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးမကြဲမီ ကျောက်ထုမြို့နယ်ကို ဖုန်းလိုင်းတွေဖြတ်တောက်ခဲ့ပြီး ဒရုန်းနဲ့ ကင်းထောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပြီး ဧပြီ ၂၂ ရက်က စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့နယ်နဲ့ ကလေးမြို့နယ် နှစ်နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ အရပ်သား လေးဦးသေဆုံးပြီး ခြောက်ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝမ္မသူးပြည်သူ့ဆေးရုံကိုလည်း ဧပြီ ၂၅ ရက်နဲ့ ၂၈ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာလေးဦး၊ လူနာစောင့်တစ်ဦး စုစုပေါင်းငါးဦးသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

 

လူထုကို ပစ်မှတ်သဖွယ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ​ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့ရောင်းချမှုမလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်တွင်းပြည်ပက တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတကာကို မကြာခဏတောင်းဆိုနေပါတယ်။

****************************************

 

“စစ်ကောင်စီရဲ့ လက်နက်ချ၊ အလင်းဝင်မှု ဓလေ့”

 

နိုင်ငံအဝန်း လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်မှာ စစ်ဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလံဖြူထောင် လက်နက်ချ အလင်းဝင်တဲ့ လုပ်ဆောင်မှုတွေဟာ မြင်ရတာများလာတော့ ဓလေ့တစ်ခုလိုတောင် ဖြစ်လာနေခဲ့ပါပြီ။

 

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)ကို ရက္ခိုင့်တပ်တော်(AA)က မေ ပထမပတ်မှာ သိမ်းပိုက်နိုင်ခဲ့ရာ စကခ(၁၅)တပ် ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မေ ၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ချခဲ့တဲ့ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ သူတို့ရဲ့ တပ်မိသားစုဝင်တွေကို မေလ ၄ရက်က တွေ့ရတဲ့ ရုပ်သံမှတ်တမ်းကို ဖော်ပြရာမှာ တန်းစီပြီး လမ်းလျှောက်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ၊ အဲ့ဒီထဲမှာ ဒဏ်ရာရသူတွေ သယ်ဆောင်လာတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။ ကလေးငယ်နဲ့ အမျိုးသမီးတွေပါဝင်တာကိုလည်း တွေ့ရပါတယ်။

 

ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၁၅)တပ်မဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြတ်အသတ်ရှုံးနိမ့်ပြီး လုံးဝမလွတ်မြောက်နိုင်တဲ့ အခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံခဲ့တာဖြစ်တယ်လို့ AAက ထုတ်ပြန်တယ်။

 

အဲဒီလို လက်နက်ချလို့လည်း အသက်ချမ်းသာရာရခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

AAဟာ ဘူးသီးတောင်မြို့ စကခ (၁၅)တပ်ကို ကာလအတန်ကြာ ဝိုင်းပတ်ပိတ်ဆို့ပြီး ဧပြီ နောက်ဆုံးပတ်မှာ ထိုးစစ်အရှိန်မြှင့်လို့ မေလ ၂ရက်မှာ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်။

****************************************

 

“မိုးမောက်က Sold Out တော့မှာလား”

 

တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီကို ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာခဲ့တဲ့နောက် စစ်ကောင်စီအနေနဲ့ တစ်မြို့ပြီးတစ်မြို့ တော်လှန်ရေးအင်အားစုတွေလက်ထဲ မြို့တွေ Sold Out ခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ မေ ၆ ရက်က မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့ရာမှာ မိုးမောက်နဲ့ မံစီမြို့မှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

 

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ နေရာဟာ ဒေသအခေါ် (၅)မိုင်လို့ လူသိများတဲ့ ဂျေအင်းရွာအနီးမှာ  ဖြစ်ပါတယ်။ “မိုးမောက်ကို တက်လာတဲ့ တင့်ကားကို ဆော်တာ။ ဘာနဲ့ပစ်ချလိုက်လဲ မသိပါဘူး။ ကျနော်တို့ကြားသလောက်တော့ တင့်ကားတစ်စီးနဲ့ စစ်ကား နှစ်စီး ပျက်စီးတယ်။ အဲ့ဒါအတိအကျပဲ” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောတယ်။

 

မိုးမောက်မြို့နဲ့ (၁၀)မိုင်ခန့်ဝေးတဲ့ ဗန်းမော်မြို့ မှာ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ (၈၈)ရှေ့တန်းဌာနချုပ်နဲ့ အမြောက်တပ်ရင်း(၃၆၆)တို့ရှိနေပြီး အဲ့နေရာတွေကနေ စစ်ကောင်စီက လက်နက်ကြီးအင်အားသုံး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

KIAပူးပေါင်းတပ်တွေဟာ  ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မိုးမောက်ရဲစခန်းကို သိမ်းပိုက်တဲ့အပြင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ရှင်းလင်းပြီး မြို့ကို ထိန်းချုပ်ထားတာဖြစ်တယ်။

KIAဟာ မြစ်ကြီးနား – ဗန်းမော်လမ်း၊ ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မိုးမောက်မြို့သိမ်းတိုက်ပွဲကို ဒီလ မေလဆန်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ မြို့ကို KIAက စိုးမိုးထိန်းချုပ်ထားပြီး ခမရ(၄၃၇)တပ်ရင်း ရရှိခဲ့ရင် ဒေသတွင်းမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်တော့မှာဖြစ်ပါတယ်။

****************************************

 

“နိုင်ငံတော်အတိုင်ပင်ခံ၊ ဟွမ်ဆန်၊ NUG, ERO နဲ့ သက်ဆင်”

 

သင်္ကြန်ရက်ထဲ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ NUG, ERO တွေ ချင်းမိုင်မှာ တွေ့ဆုံခဲ့တဲ့ကိစ္စနဲ့ မေလ ၇ရက် မနက်ပိုင်းက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ ဟွမ်ဆန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

ဟွမ်ဆန်ရဲ့ တောင်းဆိုမှုကို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နှောင့်နှေးစေနိုင်တဲ့ မလိုအပ်ဘူးလို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာ အကြောင်းတော့ မရှိသေးပါဘူးခင်ဗျ”လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေကနေ ပြောဆိုတုန့်ပြန်ထားပါတယ်။

 

မစ္စတာသက်ဆင်နဲ့ NUG + ERO တွေ တွေ့ဆုံမှုနဲ့ ပတ်သက်လို့လည်း ထိုင်းအစိုးရက သက်ဆင်ရဲ့ ပုဂ္ဂိုလ်ရေး သီးသန့်တွေ့ဆုံမှုဖြစ်ပြီး ထိုင်းအစိုးရကို ကိုယ်စားမပြုဘူးလို့လည်း မီဒီယာတွေမှာ တုန့်ပြန်ပြောဆိုထားပါတယ်။

 

ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း သက်ဆင်နဲ့ NUG + ERO တွေ တွေ့ဆုံမှုအပေါ် သက်ဆင်အနေနဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ဆောင်ဖို့ တိုက်တွန်းအားပေးမှု လုပ်လာခဲ့ရင်လည်း လက်မခံနိုင်ဘူးလို့ သဘောထားထုတ်ပြန်ထားတာတွေရှိပါတယ်။