သရက်ချောင်း၊ ကနက်သီရိရွာကို စစ်ကောင်စီလေယာဉ်နဲ့ဗုံးထပ်ကြဲလို့ လှေလုပ်သားသုံးဦးသေဆုံး

Author ဝက်ဝံနက်
Categories
Published on May 11, 2024

တနင်္သါရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို မနေ့ မေလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီ လေယာဉ်နဲ့ ဒုတိယအကြိမ် ဗုံးထပ်ကြဲလို့ လှေလုပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“သေဆုံးတာကတော့ အမျိုးသားသုံးယောက်ဗျ။ အသက် ၄၀ ကျော်တွေပါ။ တစ်နေရာတည်းမှာ ဆုံးကြတာပါ။ ​လှေနားမှာရှိနေတုန်းထိ သွားတာ။ လှေလုပ်သားတွေပါ။ ဒဏ်ရာရသူတော့ မကြားမိဘူးဗျ” လို့ သူက ပြောပါတယ်။

 

မေ ၈ ရက်နေ့ ညနေ ၅ နာရီလောက်က သရက်ချောင်း၊ ကနက်သစ်ရွာ ဘောလုံးကွင်းထဲ ဘောလုံးကစားနေစဉ် စစ်ကောင်စီလေယာဉ်ဗုံး ကျရောက်ပေါက်ကွဲလို့ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ နေရာမှာတင် သေဆုံးခဲ့တဲ့အပြင် ရှစ်ယောက်လောက်ထိခိုက်ဒဏ်ရာတွေရခဲ့ရပါတယ်။

 

ဒါ့အပြင် အဲဒီမြို့နယ် ကနက်သီရွာရှိ ယာယီပိတ်ထားတဲ့ တိုက်နယ်ဆေးရုံပေါ် ဗုံးထိမှန်လို့ ဆေးရုံအဆောက်အအုံ လုံးဝပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု့သပိတ်ကော်မတီ

 

Related News

Depend on news