ရုရှားက ယူကရိန်းနိုင်ငံ ခရာကိဗ်ဒေသကို ဝင်ရောက်တိုက်ခိုက်ကာ စစ်မျက်နှာအသစ်ဖွင့်

Author အဂ္ဂ
Categories
Published on May 11, 2024

ယူကရိန်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး ဒုတိယအကြီးဆုံးမြို့လည်းဖြစ်တဲ့ ခရာကိဗ် (Kharkiv) မြို့အနီးဝန်းကျင်ကို သောကြာနေ့ (မေ ၁၀ ရက်) မနက်ပိုင်းမှာ ရုရှား သံချပ်ကာတပ်ရင်းတွေက မြေပြင်ထိုးစစ်ဆင်မှု စတင်ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

 

ရုရှားဘက်က အခုလို ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့တာဟာ ကာလရှည်ကြာ ကျူးကျော်တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အရှေ့ဘက်နဲ့ တောင်ဘက်ပိုင်းတွေအပြင် အရှေ့မြောက်ပိုင်းကိုပါ စစ်မျက်နှာအသစ် ဖွင့်လာခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

ယူကရိန်းဘက်က သူတို့ဒေသတွင်းက ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတွေကို စစ်ကူတွေ ပို့ဆောင်ထားလျက်ရှိပြီး  ရုရှားဘက်ကလည်း နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ဗော့ချန့်ဆ် (Vovchansk) မြို့ကို လေကြောင်းကနေသာမက အမြောက်တပ်တွေကနေပါ ဗုံးမိုးတွေရွာနေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“ရုရှားဘက်က အခုလမ်းကြောင်းအတိုင်း တန်ပြန်ထိုးစစ် လှိုင်းအသစ်တစ်ခုကို စနေခဲ့ပါပြီ၊ အခုဆိုရင် အဲ့ဒီလမ်းကြောင်းမှာ ထိတွေ့တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်”လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ကိယက်ဗ် (Kyiv) မြို့မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်ပွဲမှာ ပြောခဲ့ပါတယ်။

 

ယူကရိန်းဘက်က အဲ့ဒီဒေသတွင်းမှာ ရုရှားရဲ့ စစ်ရေးအရှိန်မြှင့်လာနိုင်မှုကို သတိပေးထားပြီး ထိုးစစ်ဆင်မှုကို ခုခံနိုင်ရေး ပြင်ဆင်ထားဖို့နဲ့ ရုရှားထိုးစစ်ကို လမ်းကြောင်းပြောင်းတာ ဒါမှမဟုတ် အင်အားအလုံးအရင်းနဲ့ ခံစစ် အမြောက်အမြားပြင်ပြီး ရုရှားတပ်တွေကို ဝိုင်းရံပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ကိုလည်း အချက်ပေး ပြောဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ရုရှားဘက်က ထိုးစစ်ဆင်မှုကို ဆက်ပြီးချဲ့ထွင်မလား ဆိုတာကတော့ သေချာမသိရှိရသေးပါဘူး။

 

ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားတပ်တွေဟာ ဒီနှစ်နွေဦး ဒါမှမဟုတ် နွေရာသီမှာ အကြီးအကျယ် ထိုးစစ်ဆင် ထိုးဖောက်လာဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ကြောင်းနဲ့ ယူကရိန်းတပ်တွေဟာ သောကြာနေ့ ကျူးကျော်တိုက်ခိုက်မှုအတွက် ကြိုပြင်ဆင်ထားနိုင်ခဲ့ပေမယ့် မကြာခင်မှာ ရုရှားဘက်က နောက်ထပ် တပ်ဖွဲ့ဝင်တွေကို အဲ့ဒီဒေသကို ထပ်ပြီးလွှတ်နိုင်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

“မနက် ငါးနာရီဝန်းကျင်မှာ ရန်သူဘက်က သံချပ်ကာယာဉ်တွေကို အကာအကွယ်ယူပြီး ကျွန်တော်တို့ရဲ့ ခံစစ်တန်းကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်၊ လောလောဆယ်မှာ အဲ့ဒီကျူးကျော်မှုကိုတော့ တွန်းလှန်နိုင်ခဲ့ပါပြီ၊ တခြားနေရာတွေမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲပါပဲ” လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

ခရာကိဗ်ဒေသရဲ့ အုပ်ချုပ်ရေးမှူးကလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အတည်ပြုပေးခဲ့ပြီး နယ်စပ်မျဉ်းတလျှောက်နဲ့ လူတွေအခြေချနေထိုင်ရာဒေသကို “မီးခိုးရောင်နယ်မြေ” အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

 

အမည်မဖော်လိုတဲ့ ယူကရိန်း စစ်ဘက်ဆိုင်ရာ အကြီးအကဲ သတင်းရင်းမြစ်ကတော့ ရုရှားတပ်တွေဟာ ယူကရိန်းနယ်စပ်မြို့ ဖြစ်တဲ့ ဗော့ချန့်ဆ်မြို့အနီးမှာ ယူကရိန်းပိုင်နက်အတွင်း တစ်ကီလိုမီတာ ( ၀ ဒဿမ ခြောက်မိုက်) ခန့် ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေကို သူတို့ရဲ့ပိုက်နက်အတွင်း ဆယ်ကီလိုမီတာလောက်အထိ နောက်ဆုတ်သွားအောင် ထိုးဖောက်တိုက်ခိုက်ကာ ကြားခံနယ်မြေတစ်ခုဖန်တီးဖို့ ရည်ရွယ်နေခဲ့တာ ဖြစ်တယ်လို့ အဲဒီ သတင်းရင်းမြစ်ကဆိုပြီး ယူကရိန်းတပ်တွေကတော့ နောက်မဆုတ်ပေးရအောင် ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

 

လတ်တလောမှာတော့ အခုကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားဘက်က မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပါဘူး။

 

နယ်စပ်ဒေသက လူတွေအခြေချနေထိုင်ရာနေရာကို ရုရှားဘက်က အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ခရာကိဗ်ဒေသရဲ့ အုပ်ချုပ်ရေးမှူး Oleh Synehubov က ပြောပါတယ်။

 

“ရန်သူဘက်က လုပ်နိုင်တာက တချို့အုပ်စုငယ်လေးတွေကို ဝင်ရောက်တိုက်ခိုက်တာတွေလောက်ပါပဲ။၊ သူတို့တွေဟာ အဖျက်အမှောင့် သမားတွေ ဒါမှမဟုတ် လာပြီးကင်းထောက်တဲ့သူတွေ ဒါမှ မဟုတ် အခြားတစ်ခုခုပေါ့ဗျာ။ သူတို့တွေဟာ ကျွန်တော်တို့စစ်တပ်ရဲ့ အခြေအနေကို လာပြီးစမ်းသပ်နေတာပါ”လို့ သူက ရုပ်မြင်သံကြားကနေတဆင့် ပြောကြားခဲ့ပါတယ်။

 

နယ်စပ်မြို့လေးဖြစ်တဲ့ ဗော့ချန့်ဆ်မြို့လေးမှာ စစ်မဖြစ်ခင်က လူဦးရေ (၁၇,၀၀၀) လောက်ရှိပြီး နောက်ပိုင်းမှာ ထောင်ဂဏန်းလောက်အထိကို တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာတာပါ။ အာဏာပိုင်တွေကတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်နေတာကြောင့်  အခြေချနေထိုင်သူတွေအတွက်နဲ့ ဘေးပတ်ဝန်းကျင်က သူတွေကို  ဘေးကင်းရာကို ရွှေ့ပြောင်းပေးတဲ့ အစီအစဉ်တွေ လုပ်ဆောင်ပေးလျက် ရှိတယ်လို့ ဆိုပါတယ်။

 

၂၀၂၂ ဖေဖော်ဝါရီလအတွင်း ရုရှားတို့ရဲ့ အလုံးစုံကျူးကျော်ထိုးစစ်ဆင်မှု ပြီးတဲ့နောက် ခရာကိဗ်ဒေသရဲ့ နေရာအများစုမှာရှိနေခဲ့တဲ့ ရုရှားတပ်တွေကို ယူကရိန်းတို့ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ပြန်လည် မောင်းထုတ်ထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ယူကရိန်းတို့ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီးတဲ့နောက် ရုရှားတပ်တွေဟာ ယူကရိန်းတောင်ဘက်စွန်းမှာရှိတဲ့ ဒိုနတ်ဆစ် (Donetsk) ဒေသထဲကို ထိုးစစ်ဆင်ဝင်ရောက်ပြီး ရှေ့ကို ဖြည်းဖြည်းချင်း ချီတက်လာနေခဲ့ပါတယ်။

 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က “ရုရှားဘက်ကို လက်နက်ကြီးကျည်ဆန်ကျရောက်တာနဲ့ နယ်စပ်ကျူးကျော်မှုတွေကို ကာကွယ်ဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့” ယူကရိန်းပိုက်နက်အတွင်းက ခရာကိဗ်ဒေသမှာ ကြားခံနယ်မြေ တစ်ခုဖန်တီးဖို့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ တောင်းဆိုခဲ့ပြီးတဲ့နောက် စစ်ရေးအရှိန်မြင့်တင်လာမှာကို ယူကရိန်းဘက်က  စိုးရိမ်မှုတွေ တိုးခဲ့ရပါတယ်။

 

အဲ့ဒီအချိန်ကစလို့ ရုရှားနဲ့နယ်မြေထိစပ်ပြီး နီးကပ်လွန်းနေတာကြောင့် ခုခံကာကွယ်ဖို့ ပျော့ကွက်တွေ ရှိနေခဲ့တဲ့ ခရာကိဗ်ဒေသဟာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ကြုံတွေ့လာရပြီး ဒေသတွင်းက လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

ရုရှားတို့ရဲ့ ကျူးကျော်ထိုးစစ်ဆင်မှု နှစ်နှစ်ကျော်လာပြီးတဲ့နောက် ရုရှားဘက်က စစ်မြေပြင်မှာ အရှိန်အဟုန် မြှင့်တင်လာနေခဲ့ပြီး ယူကရိန်းဘက်ကတော့ လူအင်အား၊ လက်နက်ကြီးကျည်ဆန်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ တဖြည်းဖြည်းလျော့ပါးလာနေပြီလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – REUTERS/Vyacheslav Madiyevskyy

 

ပုံစာညွှန်း – ရုရှားတို့၏ တိုက်ခိုက်မှုကြောင့် ခရာကိဗ်ဒေသတွင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပုံ

 

ကိုးကား – Reuters