စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နန်ယန်ကျောင်းအုပ် အကျင့်ပျက်ချစားမှုတွေ ပြုလုပ်နေတယ်လို့ဆို

Author လဂွန်းအိမ်
Categories
Published on May 09, 2024

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ရှိတဲ့ နန်ယန်ကျောင်း ခေါ် ဗဟန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမကြီးက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အကျင့်ပျက်ချစားမှုတွေ လုပ်ဆောင်နေပြီး​တော့ ကျောင်းမှာရှိတဲ့ ဆရာ၊ဆရာမတွေကိုလည်း ဖိနှိပ်အုပ်ချုပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

 

ကျောင်းအုပ်ဆရာမကြီးဟာ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ နာမည်ကျော်ကြားနေပြီးတော့ ကျောင်းဖွင့်ချိန်တွေမှာ ငွေကြေးသိန်းဆယ်နဲ့ချီပြီး ပေးတဲ့ ကျောင်းသားမိဘတွေရဲ့ သားသမီးတွေကို A ခန်းမှာ ထားရှိစေပြီး ငွေကြေးမပေးသူတွေ မိဘတွေရဲ့ သားသမီးတွေကို အဆင့်နိမ့်တန်းလို့ သူတို့ သတ်မှတ်ထားတဲ့ အခန်းတွေကို ပြောင်းရွေ့ထားစေတယ်လို့ ဆိုပါတယ်။

 

” ကျောင်းသူကျောင်းသားတွေ ဆီကလည်း မတရား ငွေကြေးတွေ ကောက်ခံပြီး ကိုယ်ကျိုးအတွက် အသုံးပြုသူပါ၊ ကျောင်းကိုလည်း စီမံခန့်ခွဲတဲ့နေရာမှာ အရမ်းညံ့ဖျင်းပါတယ်၊ ကျောင်သားမိဘတွေကလည်း စိတ်ပျက်လို့ တစ်ချို့ဆို ကျောင်းပြောင်းဖို့တောင်ဖြစ်တယ်၊ သူ့ယောင်္ကျားကလည်း တပ်ထဲပြန်ဝင်ပြီး အာဏာပြချင်နေတယ် ” လို့ ကျောင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မနှစ်က ပထမဆုရတဲ့ ကျောင်းဘင်ခရာအဖွဲ့က တူရိယာတွေကို ပြင်ဆင်ပေးတာမရှိသလို ပထမဆုအဖြစ် ရရှိခဲ့တဲ့ ငွေသိန်းတစ်ရာကျပ်ကိုလည်း သူတစ်ဦးတည်း သိမ်းဆည်းခဲ့တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

 

” ကျောင်းအုပ်က ကျောင်းတစ်ကျောင်းမှာ ရှိရမယ့် သက်တမ်းက ကျော်နေပြီဗျ၊ လာဘ် ထိုးလာဘ်စားမှုတွေ အများကြီးရှိပါတယ်၊ အစိုးရက ချပေးထားတဲ့ ငွေတွေလည်း တစ်ဦးထဲအဖြစ် ယူတာမျိုးလည်းရှိတယ်၊ သူ့အထက်ကို တိုင်ရင်လည်း အထက်ကို လာဘ်ထိုး ပြီးနှုတ်ပိတ်ပါတယ်” လို့ ကျောင်းသားမိဘ တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ထို့အပြင် မနှစ်က (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နှင့် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူတဲ့ အခမ်းအနားမှာ စစ်ကောင်စီခန့် ဝန်ကြီးက နန်ယန်ကျောင်း ဘင်ခရာဖျော်ဖြေရေးအဖွဲ့အတွက် အယောက် ၃၀ စာငွေကြေးကို တစ်ယောက် ၁ သောင်းကျပ် ပေးရာမှာ တစ်ယောက် ၅ ထောင်ကျပ်သာ ပြန်ပေးခဲ့တယ်လို့လည်း ထပ်ပြောပါတယ်။

 

ကျောင်းအုပ်ဆရာမကြီးရဲ့ အမည်ဟာ ဒေါက်တာ နွယ်နီလွင်လို့ သိရပြီး သူ့ရဲ့ အမျိုးသားကတော့ ရန်ကုန်တိုင်း ထွေထွေအုပ်ချုပ်ရေးဌာနက  အရာရှိတစ်ဦးဖြစ်တဲ့အပြင် စစ်ကောင်စီတပ်က အငြိမ်းစား ဗိုလ်ကြီး တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

 

မေလ ၇ ရက်နေ့ကလည်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းသူ အယောက် ၁၀၀ ခန့်ကို ဘုရင့်နောင်စစ်ကြေးရေးစခန်းကို ခေါ်ဆောင်သွားပြီးတော့ ကလေးငယ်တွေရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး စစ်မှုထမ်း အမှုစဉ်(၂) အတွက် ရောက်ရှိလာတဲ့ လူငယ်အချိုကို ကြိုဆိုခိုင်းခဲ့ဖူးပါတယ်။