တွန်းဇံမှာ တိုက်ပွဲမဖော်ဆောင်ဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြို့မိ/ဖတွေ တောင်းဆို

Author ဆလိုင်း
Categories
Published on May 08, 2024

CNA နဲ့ CDF တို့ စစ်ဆင်ရေးဖော်ဆောင်ဖို့ စီစဉ်နေတဲ့ ချင်းပြည်၊ တွန်းဇံမြို့နယ်ရှိ မြို့/ရွာတွေမှာ တိုက်ပွဲမဖော်ဆောင်ဖို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယအဖွဲ့နဲ့ မြို့မိ/မြို့ဖတွေက တောင်းဆိုလိုက်ပါတယ်။

 

အဲဒီတောင်းဆိုချက်ဟာ ဒီမိုကရေစီဖော်ဆောင်ရေးကို နှောင့်နှေးစေလိုခြင်းမဟုတ်ဘဲ လူသားစာနာမှု ရှုထောင့်တစ်ခုတည်းကနေ ရှုမြင်ပြီး တောင်းဆိုလိုက်တာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

 

“တိုက်ပွဲဆိုတာ အားလုံးသိတဲ့ အတိုင်းပါပဲလေ။ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရသလို  ပြည်သူတွေ နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ဒါကြောင့် ​ဘာသာရေး ဆရာ၊ မြို့မိမြို့ဖတွေနဲ့ အစည်းဝေးလုပ်ပြီးမှ သဘောတူ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်” ဟု တွန်းဇံမြို့မှ ဓမ္မဆရာတစ်ဦးက CJ Platform သို့ပြောသည်။

 

ဒါကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုကို အဓိကဖြစ်ပေါ်စေတဲ့ လက်နက်စွဲကိုင်တိုက်ခိုက်မှုမှန်သမျှကို အများပြည်သူ ကွန်းခိုရာ မြို့/ရွာတွေမှာ ရှောင်ရှားပေးဖို့ ဒေသခံပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ထုတ်ပြန်ပြောကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ တွန်းဇံမြို့က ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအနီးတစ်ဝိုက်မှာ နေထိုင်ကြသူတွေဟာ တခြားကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့ မေလ ၇ ရက်က CDF-Tonzang အဖွဲ့က အနောက်ဘက် တောင်ကြောစစ်ဆင်ရေးနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့တာဟာ အများပြည်သူရဲ့ အသက်အိုးအိမ်တွေကို ဖျက်ဆီးဖို့မဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို ရှင်းလင်းတိုက်ထုတ်ဖို့သာဖြစ်တယ်လို့ ဆိုပါတယ်။

 

တွန်းဇံမြို့နယ်ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ရှိနေဆဲဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA)နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်(တွန်းဇံ)တို့အပြင် ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)တို့ စစ်ရေးလှုပ်ရှားတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

လတ်တလော တီးတိန်ခရိုင်ထဲက တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်ဦး(CNA/CNF)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က စစ်ကောင်စီတပ်တွေအပေါ် စစ်ဆင်ရေးဆင်နွှဲဖို့ စီစဉ်နေကြပါတယ်။

 

ဒါ့အပြင် တီးတိန်မြို့ကိုလည်း CNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဇိုလန်း)တို့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

 

လတ်တလောတော့ ချင်းပြည်ထဲ ရက္ခိုင့်တပ်တော် AA သိမ်းထားတဲ့ ပလက်ဝဒေသအပါအဝင် CNA/CNF၊ ချင်းညီနောင်တပ်ဖွဲ့တွေအနေနဲ့ ရိခေါ်ဒါရ်မြို့၊ ရေဇွာမြို့၊ ဆူရ်ခွား၊ နှာရိန်၊ လိုင်လင်းပီ၊ မကွီအိမ်နူး၊ ဝေဘူလနဲ့ ကျင်ဒွေး မြို့တွေကို သိမ်းပိုက်ထားပါတယ်။

 

ဓာတ်ပုံ – CJ