လေ့လာတွေ့ရှိအချက် အသစ်တွေအရ တိရစ္ဆာန်အများစုမှာ သိစိတ်နဲ့ ခံစားချက်တွေ တည်ရှိနေနိုင်

Author ဇက်
Categories
Published on May 05, 2024

❝ပျားတွေ အုပ်စုလိုက်ဖွဲ့ပြီး သစ်သားဘောလုံးငယ်တွေကို လှိမ့်ရင်း ကစားကြတယ် . . .။ Cleaner wrasse မျိုးစိတ်ဝင် ငါးတစ်ကောင်က ရေထဲ ထည့်ထားတဲ့ မှန်ထဲမှာ မြင်နေရတဲ့ သူ့ပုံရိပ်ကို မှတ်မိနေတယ် . . .။ ရေဘဝဲတွေဟာ ထုံဆေးကို တုံ့ပြန်မှုရှိသလို သူတို့ကို အနာတရဖြစ်စေခဲ့တဲ့ နေရာတွေ၊ အခြေအနေတွေကို ရှောင်ကျဉ်နိုင်စွမ်း ရှိတယ် . . .။❞

 

ဒီအကြောင်းအရာ သုံးခုစလုံးက ပုံပြင်တွေ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ လက်ရှိ ၂၀၂၄ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတွေနဲ့ ရှာဖွေတွေ့ရှိမှုတွေပါ။ ရှာဖွေလေ တွေ့ရှိလေဆိုတဲ့ စကားအတိုင်း ပညာရှင်တွေဟာလဲ ဒီသုတေသနတွေက တစ်ဆင့် တိရစ္ဆာန်တွေအကြောင်းကို တစ်နေ့တစ်ခြား ပိုပိုနားလည်လာနိုင်နေပါတယ်။ အဲဒီထဲမှာ နောက်ဆုံးထွက်ရှိလာတဲ့ တွေ့ရှိချက် အသစ်တွေအရ အင်းဆက်တွေ၊ ငါးတွေနဲ့ ခရက်စ်တေးရှန်းအနွယ်ဝင် သက်ရှိ တိရစ္ဆာန်မျိုးစိတ် အတော်များများက ‘သိမြင်ဆင်ခြင်စိတ် (consciousness) နဲ့ ‘အာရုံခံစားချက် (sentient) တွေ ရှိတယ်လို့ ဆိုထားတာပါ။

 

ဒီအကြောင်းကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နယူးယောက်တက္ကသိုလ် ညီလာခံမှာ စမိတ်ဆက်တဲ့ ‘နယူးယောက်တိရစ္ဆာန်များ၏ သိမြင်ဆင်ခြင်စိတ်အကြောင်း နယူးယော့ခ် ကြေညာစာတမ်း’ထဲ ဖော်ပြထားပြီး ဒီကြေညာချက်ကိုလဲ သုတေသနပညာရှင် အယောက် ၄၀ ကျော်က အသိအမှတ်ပြု လက်မှတ် ရေးထိုးထားပါတယ်။ တိရစ္ဆာန်တွေဟာ သိမြင်ဆင်ခြင်စိတ် မရှိ၊ စိတ္တဝိညာဉ်ကင်းမဲ့တယ်လို့ ကာလရှည်ကြာလက်ခံလာခဲ့တဲ့ ကမ္ဘာကြီးနဲ့ ထိပ်တိုက်တွေ့လိုက်တယ် ဆိုရမှာပါပဲ။

 

ငှက်တွေ၊ နို့တိုက်သတ္တဝါတွေမှာ သိမြင်ဆင်ခြင်စိတ်ရှိတယ်ဆိုတာကို သိပ္ပံနည်းကျ ရေရေရာရာ သက်သေပြနေနိုင်သလို မယုတ်မလွန်ပြောရရင် ကျောရိုးရှိသတ္တဝါတွေ အားလုံးမှာတောင် အဲဒီလို သိစိတ်ရှိနေနိုင်တယ်လို့ ဒီကြေညာစာတမ်းထဲမှာ ပြောထားပါတယ်။ ကျောရိုးရှိသတ္တဝါလို့ ပြောရင် တွားသွားသတ္တဝါတွေ၊ ကုန်းနေရေနေသတ္တဝါတွေနဲ့ ငါးတွေတောင် ပါတာပေါ့။ ဒါမှာတင် မရပ်သေးဘဲ အဲဒီဖြစ်နိုင်ချေက ကျောရိုးမဲ့ သတ္တဝါတွေဆီကိုပါ ရှေ့ဆက်တိုးပြန်တယ်။ အင်းဆက်တွေ၊ ဂဏန်းနဲ့ ကျောက်ပုစွန်တို့လို ဒီကာပေါ့ ခရက်စ်တေးရှန်း (decapod crustaceans) တွေနဲ့ ပြည်ကြီးငါး၊ ရေဘဝဲနဲ့ ကင်းမွန်တို့လို့ စီဖာလိုပေါ့ဒ် မိုလက်စ်ခ် (cephalopod mollusks) အနွယ်ဝင်တွေကပါ အာရုံသိ ခံစားချက်တွေ ပိုင်ဆိုင်နေနိုင်လို့ ဆိုထားတာပါ။

 

အာရုံတွေ၊ သိမြင်ဆင်ခြင်စိတ်တွေဆိုတာ ‘ဘယ်လိုပါလို့’ သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖွင့်ဆိုထားတာမျိုးတော့ လက်ရှိအချိန်ထိ မရှိသေးဘူး ဆိုရပါမယ်။ အကြမ်းဖျင်းပြောရရင်တော့ ပုဂ္ဂလဓိဋ္ဌာန်ကျတဲ့၊ အဇ္ဈတ္တိကဆန်တဲ့ အတွေ့အကြုံ/သဘာဝမျိုး ရှိတယ် ပြောရမှာပေါ့။ ပျော်ရင် ပျော်တယ်၊ နာကျင်ရင် နာကျင်တယ်ဆိုတာလို ခံစားချက်မျိုးရှိပြီး အာရုံသတိကပ်နေတဲ့၊ ကိုယ့်ကိုယ်ကိုယ် ဘာမှန်း အသိရှိတဲ့ စိတ်မျိုးပါ။

 

၁၇ ရာစုမှာ ပြင်သစ် ဖလော်ဆော်ဖာ ရီနီဒေးကာ့တ် (René Descartes) က တိရစ္ဆာန်တွေဆိုတာ စိတ်ဝိဉာဉ်ကင်းမဲ့နေတဲ့ သက်ရှိစက်ရုပ်သာသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ခံစားချက်မရှိ၊ ဆင်ခြင်နိုင်စွမ်းမရှိတဲ့ တိရစ္ဆာန်တွေအပေါ် သနားကြင်နာမှု ထားနေရင်၊ စာနာဂရုပြုနေရင်၊ လူစိတ်သဘောထားတာဟာ အတော်လေး မိုက်မဲတဲ့ အလုပ်ဖြစ်တယ်လို့ သူက ဆိုတာပေါ့။

 

၂၀ ရာစုအစောပိုင်းကျတော့လဲ နာမည်ကြီး စိတ်ပညာရှင်အများစုက သိပ္ပံအနေနဲ့ တိရစ္ဆာန်တွေရဲ့ ထင်ပေါ်မြင်သာတဲ့ အပြုအမူ ဝိသေသတွေကိုပဲ အားစိုက်လေ့လာသင့်ကြောင်းနဲ့ ခံစားချက်တွေ၊ ပုဂ္ဂလဓိဋ္ဌာန်ဆန်တဲ့ ဖြစ်တည်မှုတွေကို လျစ်လျူရှုဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၆၀ နှစ် အစောပိုင်းက စလို့ ပညာရှင်တွေရဲ့ အယူအဆက ပြောင်းလဲသွားပြီး တိရစ္ဆာန်တွေနဲ့ သိမြင်ဆင်ခြင်စိတ်ကို လူတွေနဲ့ နီးတဲ့ မျောက်တွေက တစ်ဆင့် စလေ့လာကြတော့တာပဲ။

 

အခုအသစ်ထွက်လာတဲ့ သုတေသနကြေညာချက်မှာတော့ သက်သေသက္ကာရတွေ တစ်ပုံတစ်ပင် ပါလာပါပြီ။ နမူနာအနေနဲ့ တိရစ္ဆာန်တွေရဲ့ အာရုံသတိရှိမှုကို Mirror-mark test နဲ့ စမ်းသပ်လေ့ရှိပါတယ်။ အဲဒီစမ်းသပ်မှုကို Cleaner Wrasse ငါးမျိုးတွေက အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ဖူးတာပါ။ CW ငါးမျိုးစိတ်တွေ ရှိတဲ့ ကန်ထဲ မှန်ချပ်တစ်ချပ်ကို အဖုံးအုပ်ပြီး ရေထဲ ချလိုက်ပါတယ်။ အဲဒီအထိ ငါးတွေက ဘာတုံ့ပြန်မှုမှ မရှိပေမဲ့ မှန်အဖုံးကို ဖယ်လိုက်ချိန်မှာတော့ ငါးဆယ်ကောင်ထဲက ခုနှစ်ကောင်က မှန်မှာ မြင်နေရတဲ့ သူတို့ပုံရိပ်ကို ကျူးကျော်လာတဲ့ ငါးတွေ အထင်နဲ့ ပြေးဝင်တိုက်ခိုက်တယ် ဆိုပါတယ်။ ရက်နည်းနည်းကြာတော့ ငါးတစ်ကောင်က မှန်ရှေ့မှာ အချိန်အကြာကြီး မလှုပ်မရှား ရပ်နေပြီးတော့ သူ့ပုံရိပ်ကို သူမှတ်မိတဲ့ ပုံစံနဲ့ အပေါ်တက် အောက်ဆင်း စမ်းသပ် ကူးခတ်ပါတယ်။ နောက်တော့ စမ်းသပ်သူတွေက အဲဒီငါးရဲ့ အရေပြားအောက်မှာ ဆေးအကွက်အပြောက်တစ်ခု မှတ်ပေးထားတာကိုလဲ မှန်က တစ်ဆင့် တွေ့သွားပြီး ပွတ်ဖျက်ဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။

 

ချင်ပန်ဇီတွေ၊ လင်းပိုင်တွေလို ဉာဏ်ရည်မြင့် သက်ရှိမျိုးစိတ်တွေမှာပဲ အောင်မြင်နိုင်ချေရှိတဲ့ အဲဒီစမ်းသပ်ချက်ကို ငါးသေးသေးလေး တစ်ကောင်က ဖြတ်ကျော်သွားနိုင်တာပေါ့။ နောက်ပိုင်း သုတေသနတွေမှာလဲ Zebrafish လို့ ခေါ်တဲ့ မြင်းကျားငါးမျိုးတွေက သူတို့နေတဲ့ ကန်ထဲ ရောက်လာတဲ့ ပစ္စည်းအသစ်လေးတွေကို လိုက်စူးစမ်းတတ်လေ့ရှိသလို ကင်းမွန်တွေဟာလဲ သူတို့ တွေ့ခဲ့၊ အနံ့ရခဲ့တဲ့ အရာတွေကို မှတ်မိနိုင်စွမ်း ရှိတယ်လို့ ကြေညာစာတမ်းထဲမှာ ပြောထားပါရဲ့။ ဒါတင် မကသေး၊ စမ်းသပ်မှုတစ်ခုမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ ဖိအားဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေချိုကျောက်ပုစွန်တွေကို လျှပ်စစ်ရှော့တိုက်တယ် ဆိုပါတယ်။ နောက်တော့ လူတွေသောက်လေ့ရှိတဲ့ စိတ်ဖိစီးမှုလျော့ကျစေတဲ့ ဆေးဝါးတွေကို ပေးတိုက်လိုက်ချိန်မှာတော့ အဲဒီပုစွန်တွေ ပုံမှန်ပြန်ဖြစ်သွားပါတယ်တဲ့။

 

အဲဒီကြေညာစာတမ်းက ပြီးခဲ့တဲ့ ဧပြီ ဒုတိယအပတ်ဝန်းကျင်ကမှ စထွက်တာဆိုပေမဲ့ ကမ္ဘာနဲ့အဝှမ်းမှာတော့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပါပြီ။ “တိရစ္ဆာန်အခွင့်အရေးတွေ ပေါ်လာတော့မှာလား”၊ “တိရစ္ဆာန်ကာကွယ်ရေး ဥပဒေ ရော ပြဋ္ဌာန်းဖို့ ရှိလား” ဆိုတဲ့ မေးခွန်းသံတွေက စလို့  “အသားစားရမှာတောင် တွန့်လာပြီ” ဆိုတဲ့ မှတ်ချက်တွေအလယ် “ဖြစ်တည်မှု ပဓာန ဝါဒသမားတွေ ဘယ်မလဲ” ဆိုတဲ့ ခနဲ့သံတွေ အဆုံး ဗလောင်ဆူလို့ပါပဲ။

 

သိပ္ပံပညာရှင်တွေကတော့ ‘ဘယ်တိရစ္ဆာန်တွေက သိမြင်ဆင်ခြင်စိတ် ရှိလဲ” ဆိုတဲ့ မေးခွန်းအစား “ဘယ်တိရစ္ဆာန်တွေမှာ မရှိဘူးလဲ” ဆိုတဲ့ မေးခွန်းကို ပြောင်းမေးရမလို ဖြစ်နေပါပြီ။ ဆွေးနွေးငြင်းခုံသံတွေ မရေမတွက်နိုင်အောင် ထွက်နေပေမဲ့ ဥပဒေပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ တိရစ္ဆာန်တွေအတွက် ကာကွယ်မှုတွေ ပိုတိုးရှိလာမယ်လို့တော့ ပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။

 

သေချာတာ တစ်ခုကတော့ ကျွန်တော်တို့အနေနဲ့ “တိရစ္ဆာန်တွေဟာ ဘာလဲ” ဆိုတဲ့ မေးခွန်းအစား “လူသားတွေဟာ ဘာလဲ” ဆိုတဲ့ မေးခွန်းကိုပဲ ပြောင်းလဲအဖြေရှာဖို့ အချိန်သင့်ပြီ ထင်ပါရဲ့။ လူသားတွေဆိုတာလဲ တိရစ္ဆာန်တွေထဲက တိရစ္ဆာန်တွေပဲ မဟုတ်လား . . .?။

 

References – Bush, E. (2024, April 19). Scientists push new paradigm of animal consciousness, saying even insects may be sentient. NBC News.

– Dona, H. S. G., Perry, C., Kowalewska, A., Mäkelä, K., MaBouDi, H., & Chittka, L. (2022). Do bumble bees play? Animal Behaviour, 194, 239–251.

– Kohda, M., Hotta, T., Takeyama, T., Awata, S., Tanaka, H., Asai, J., & Jordan, A. (2019). If a fish can pass the mark test, what are the implications for consciousness and self-awareness testing in animals? PLoS Biology, 17(2), e3000021.

– Crook, R. J. (2021). Behavioral and neurophysiological evidence suggests affective pain experience in octopus. iScience, 24(3), 102229.

– The New York Declaration on Animal Consciousness. (n.d.). Google Site.