“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဧပြီ ၂၈ မှ မေ ၄ ရက်အထိ)

Published on May 04, 2024

ဒီအပတ်(ဧပြီ ၂၈ မှ မေ ၄ ရက်အထိ)အတွင်း နိုင်ငံအနှံ့အပြား စစ်ရေးအခြေအနေတွေထက် အပူဒဏ်ခံစားရတဲ့အခြေအနေက ပြည်သူတွေကြား အသံကျယ်လောင်စွာထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းထဲ ချောက်က နံပါတ် ၁ ဖြစ်ခဲ့သလို မကွေး၊ စစ်ကိုင်း၊ မန္တလေးမြို့တွေလည်း ၁ ကနေ ၁၀ အတွင်း စံချိန်တင်ပါဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ တပ်သားသစ်ရရှိဖို့အတွက် စစ်မှုထမ်းဥပဒေကိုင်တွယ်လို့ အမှတ်စဉ်(၂)စစ်သင်တန်းအတွက် နေအိမ်တွေအထိပါ လာရောက်ဖမ်းဆီး ခေါ်ဆောင်မှုတွေရှိနေပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “မိုးနဲ့ လေနဲ့ မေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အပူဒဏ်ကြားကနေ မိုးလေကြမ်းသွားလို့ တိုင်းနဲ့ ပြည်နယ်တွေမှာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အခြေအနေတွေအပါအဝင် “မောင်တော ဆိုးလ်အောက်” မောင်တောမြို့ကို AA က ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့အကြောင်း၊ “ကျားတွေ အပြင်မထွက်ရ” ခေါင်းစဉ်နဲ့ အမျိုးသားတွေ ပြည်ပထွက်ပြီး အလုပ်သွားလုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်း၊ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)မှာ UID လက်မှတ်မပါရှိတဲ့သူတွေကို ထိုင်းဘက်ခြမ်းကို ပြန်လည်ဝင်ရောက်ခွင့် မပြုတော့တဲ့အကြောင်းအရာတွေကို တစေ့တစ်စောင်း ကောက်နုတ်ဖော်ပြထားပါတယ်။

**********************************************

 

“မိုးနဲ့လေနဲ့ မေ”

 

ဧပြီလထဲမှာ အပူချိန်ကို ကျောကော့နေအောင်ခံစားခဲ့ရသမျှ မေလဟာ မိုးနဲ့ လေကို ခေါ်ဆောင်လာခဲ့ပါတယ်။ မေ ၁ ရက်နဲ့ ၂ ရက်မှာ စတင်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းလို အပူပိုင်းဒေသတွေသာမက ရှမ်းနဲ့ ကချင် အအေးပိုင်းဒေသတွေအထိ မိုးသက်လေပြင်းတွေကျရောက်ခဲ့တဲ့အတွက် သစ်ပင်တွေပြိုလဲတာ၊ နေအိမ်အဆောက်အအုံတွေပျက်စီးတာ၊ ဘုရားကျောင်းကန်နဲ့ ဓာတ်တိုင်တွေ ကျိုးကျပျက်စီးတဲ့အပြင် လူနဲ့ တိရိစ္ဆာန်သေးဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

 

သပိတ်ကျင်းမြို့မှာ မိုးကြိုးပစ်လို့ လူ သုံးဦး နေရာမှာတင် သေဆုံးခဲ့သလို ၁၄ ဦး ဆေးကုသမှုခံယူခဲ့ရပါတယ်။ မုံရွာမြို့မှာလည်း လေပြင်းတိုက်ခတ်လို့ နေအိမ်ထုတ်တန်းပိလို့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့တယ်။ နမ္မတူမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ နေအိမ် ၈၀ ကျော် ပျက်စီးခဲ့တယ်။ မိုးကောင်းမြို့မှာလည်း  နွား ၂၂ ကောင်သေဆုံးခဲ့ပါတယ်။ မိုးညှင်းမြို့နယ် ပင်ဟဲရွာမှာလည်း  မိုးသက်လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၁၀၀ ခန့်ပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်။

 

ရွာငံ-ပင်းတယ ဒေသတွင်းလမ်းပိုင်းတွေမှာလည်း သစ်ပင်၊ ဓာတ်တိုင်တွေပြိုလဲပြီး နေအိမ်တွေပျက်စီးခဲ့တယ်။ မန္တလေးတိုင်း၊ မလှိုင်မြို့ မြင်းခြံ-မိတ္ထီလာလမ်း မိုင်တိုင်အမှတ်(၁၉/၂)မှာ မိုးသက်လေပြင်းကြောင့် နေအိမ်ပေါ်ကို သစ်ပင်လဲကျခဲ့တဲ့အပြင် မလှိုင်-ကံကြီးကားလမ်းမှာ သစ်ပင်လဲလို့ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တယ်။

 

မကွေးတိုင်း၊ စလင်းမြို့နယ် သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း မိုင်တိုင်အမှတ်(၄၁)နဲ့(၄၂)ကြားမှာ မိုးရွာသွန်းနေတုန်း မောင်းနှင်နေတဲ့ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိလို့ ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာ၊ ဒီပဲယင်း၊ ဘုတလင်၊ ကနီမြို့နယ်တွေမှာလည်း လေပြင်းတိုက်ခတ်လို့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပျက်စီးမှုရှိခဲ့ပါတယ်။ မိတ္ထီလာမြို့မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ရွှေမြင်တင်စေတီတော်ရဲ့ ထီးတော်ကျိုးပြတ်ခဲ့ပြီး နေအိမ်တချို့ အမိုးလန်တာမျိုးတွေလည်းဖြစ်ပေါ်ခဲ့ရပါတယ်။

**************************************

 

“မောင်တော Sold Out”

 

ရခိုင်ပြည်(မြောက်ပိုင်း) မောင်တောမြို့က နောက်ဆုံးလက်ကျန် အမှတ်(၁)နယ်ခြားစောင့်စခန်းဖြစ်တဲ့ ကျီးကန်းပြင်ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA)က  မေ ၂ ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မောင်တောမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သိရှိသူ ဦးဖေသန်းက CJ Platformကို အတည်ပြုပြောကြားပါတယ်။

 

အမှတ်(၁)နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နဲ့ ၂ မိုင်ခန့်အကွာမှာတည်ရှိပြီး ​​ဒေသတွင်းစစ်​ကောင်စီရဲ့ နယ်ခြား​စောင့်တပ်တွေကို အဓိက အမိန့်​ပေးကွပ်ကဲ​နေ​တဲ့ဌာနချုပ်ဖြစ်တယ်။ AA အနေနဲ့ မောင်တောမြို့နယ်က နယ်ခြားစောင့်စခန်းတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီကစတင်ပြီး AAက တိုက်ခိုက်နေတာဖြစ်ပါတယ်။

 

မောင်တောမြို့ရှိ အကြီးဆုံး နယ်ခြေားစောင့်စခန်းဖြစ်တဲ့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို AAက ဧပြီ ၇ရက်မှာ သိမ်းပိုက်ခဲ့တယ်။ အဲဒီစခန်းသိမ်းပိုက်တုန်းက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ဝ ခန့် အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

 

အခုကျီးကန်းပြင်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်တဲ့အခါမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ဦးထက်မနည်း လက်နက်ချအညံ့ခံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်‌​ပြေးသွားသူတွေရှိတယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားတယ်။

 

ဒါအပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA ၊ ARA နဲ့ RSO တို့က စစ်ကောင်စီဖက်ကနေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းရင်းမြစ်တွေရဲ့ အပြောကို ကိုးကားပြီး Western News သတင်းဌာနကဖော်ပြထားပါတယ်။

 

ရခိုင်ပြည်နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် အပြီးသတ်သိမ်းပိုက်ရရှိဖို့အတွက် အပြင်းထန်ဆုံးနဲ့ အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင်သွားမယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ရက်မှာ ကျရောက်ခဲ့တဲ့ ၁၅နှစ်မြောက် အာရက္ခတပ်တော်(AA)နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောကြားထားပါတယ်။

 

AA က ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မှ မြောက်ဦး ၊​ကျောက်​တော်၊မင်းပြား၊ ​ပေါက်​တော ၊​မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရ​သေ့​တောင် ၊ရမ်းဗြဲ မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတယ်။ ​မောင်​တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်ကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အမ်း၊ သံတွဲ၊ ​တောင်ကုတ်၊ ဘူးသီး​တောင်မြို့နယ်ရှိ စစ်တပ်စခန်းတွေကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

 

************************************

 

“ကျားတွေ အပြင်မထွက်ရ”

 

စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေပြည်ပကို နည်းလမ်းမျိုးစုံနဲ့ထွက်နေချိန်မှာပဲ စစ်ကောင်စီကနေ အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်အသစ်လျှောက်ထားတာကို မေ ၁ ရက်က စပိတ်လိုက်ပါတယ်။

 

အမျိုးသားတွေ ပြည်ပထွက်ပြီး အလုပ်သွားလုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ ထွက်ခွာခွင့်တွေကို ပိုမို စိစစ်နိုင်ဖို့အတွက် အခုလို ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ အကြောင်းပြပါတယ်။

 

ဒီလိုပိတ်လိုက်တာကြောင့် အလုပ်ခန့်ထားမှုဆိုင်ရာ အစိုးရချင်းသဘောတူညီချက်(MOU) လုပ်သားအများဆုံးရှိတဲ့ ထိုင်းနိုင်ငံနဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်‌စီတွေက ပို့တဲ့ဂျပန်နိုင်ငံကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်နဲ့ ထွက်ခွာဖို့ ကြိုးစာနေသူတွေကို သက်ရောက်မှုအရှိဆုံးဖြစ်မယ်လို့ သိရပါတယ်။

 

ပြည်ပနိုင်ငံတွေရဲ့ မြန်မာအမျိုးသားအလုပ်ခေါ်စာတွေကို ယာယီဆိုင်းငံ့လိုက်တာနဲ့ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက “လိုအပ်လို့ ကျွန်တော်တို့ ဆိုင်းငံ့ပါတယ်။ ယာယီဆိုင်းငံ့တာပါ။ လောလောဆယ် Demand တင်ရင်၊ အမျိုးသား Demand ပါလာရင် ခွင့်မပြုဘူးပေါ့ဗျာ။ လတ်တလောခွင့်မပြုဘူးပေါ့ဗျာ” လို့ မီဒီယာတချို့ကို ဖြေကြားထားတာတွေ့ရပါတယ်။

 

လက်ရှိ ပြည်ပကို သွားရောက်လုပ်ကိုင်နေတဲ့ ယောကျာ်းလေးတွေထဲမှာ စစ်မှုထမ်းစာရင်းပါဝင်တဲ့ လူငယ်တွေ၊ အသက်အပိုင်းအခြားတွေ ပါဝင်နေတာကြောင့် အလုပ်ခေါ်စာအသစ်နဲ့ ယောင်္ကျားလေးတွေကို ပစ်မှတ်ထား အလုပ်လုပ်ကိုင်ခွင့်ပိတ်လိုက်တာဖြစ်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကဆိုပါတယ်။

 

မြန်မာနိုင်ငံကနေ ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်မှုအများဆုံးနိုင်ငံတွေက ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် နိုင်ငံတွေက အများဆုံးဖြစ်ပြီး စင်ကာပူ၊ ဒူဘိုင်း၊ ကာတာနိုင်ငံတွေကိုလည်း သွားရောက်မှုရှိနေပါတယ်။

********************************

 

“နယ်စပ်တံခါးပေါက်တွေကို ထပ်တိုးခတ်လိုက်တဲ့ UID သော့ခလောက်”

 

ကရင်ပြည် ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)မှာ မေ ၃ ရက်ကစလို့ UID လက်မှတ်မပါရှိတဲ့သူတွေကို ထိုင်းဘက်ခြမ်းကို ပြန်လည်ဝင်ရောက်ခွင့် မပြုတော့ပါဘူး။

 

နယ်စပ်ဖြတ်သန်းသွားလာမှုကို လူအဝင်အထွက် ထိန်းချုပ်နိုင်ဖို့ မေ ၁ ရက်ကစလို့ UID ခေါ် စမတ်ကတ်ပါရှိမှသာ ဖြတ်သန်းခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဧပြီ ၄ ရက်မှာ ထုတ်ပြန်လိုက်တယ်။

 

မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေကို နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ဝင်ထွက်သွားလာရာမှာ ယခင်က ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP)လက်မှတ်တွေနဲ့ ခွင့်ပြုခဲ့တယ်။

 

စစ်ကောင်စီရဲ့ အခုထုတ်ပြန်ချက်အရ တစ်ဖက်နိုင်ငံကို သွားရောက်လိုသူတွေအနေနဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် (TBP/BP) လက်မှတ်တွေ လျှောက်ထားရာမှာ မိမိမှတ်ပုံတင်မူရင်းနဲ့အတူ UID ခေါ် စမတ်ကတ် စာရွက်ပါ တစ်ပါတည်း ယူဆောင်သွားရမယ်လို့ သိရပါတယ်။

 

အလားတူ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ပြုလုပ်ရာမှာလည်း UID ခေါ် စမတ်ကတ် စာရွက်ပါရှိမှသာ ပြုလုပ်ပေးတော့တယ်လို့  ပတ်စ်ပို့ သွားရောက်ပြုလုပ်သူတွေဆီက သိရတယ်။

 

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး(လဝက)က လက်ရှိပြုလုပ်ပေးနေတဲ့ UID(Unique Identity Number) ခေါ် စမတ်ကတ်ဟာ နိုင်ငံအတွင်း နေထိုင်တဲ့ အသက် (၁၀)နှစ်အထက် ရှိသူတွေကို အီလက်ထရောနစ် စနစ်နဲ့ ဇီဝအချက်အလက်အပါအဝင် ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူမှတ်ပုံတင်ပြီး ဂဏန်း (၁၀)လုံး ပါရှိတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ မြဝတီမြို့လဝကရုံးမှာ ကရင်နယ်ခြားစောင့်တပ်(BGF)က ထိုင်း-မြန်မာနယ်စပ် တံတားမှတစ်ဆင့် ထိုင်းဘက်ကိုတရားဝင်ကူးရန် မဖြစ်မနေလိုအပ်တဲ့ UID  လက်မှတ်တစ်စောင်ကို အမြန်စနစ် ငါးသောင်းကျပ်နှုန်းနဲ့ ကရင်အမျိုးသားတပ်(KNA)ဟုနာမည်ပြောင်းထားတဲ့ BGF ကကောက်ခံနေတဲ့အပြင် အခြားဆက်စပ်စီးပွားရှာမှုတွေလည်းပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။