မောင်တောမြို့ကို AA ထိန်းချုပ်ထားနိုင်ပြီဟုဆို၊ ရခိုင် မြောက်ပိုင်းတွင် နှစ်မြို့သာ သိမ်းရန်ကျန်

Author လင်းနွေဦး
Categories
Published on May 03, 2024

ရခိုင်ပြည်(မြောက်ပိုင်း) မောင်တောမြို့ရှိ နောက်ဆုံးကျန်ရှိသော အမှတ်(၁)နယ်ခြားစောင့်စခန်းဖြစ်သည့် ကျီးကန်းပြင်ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့ မေ ၂ ရက် ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မောင်တောမြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သိရှိသူ ဦးဖေသန်းက CJ Platform သို့အတည်ပြုပြောကြားသည်။

 

ရက္ခိုင့်တပ်တော်(AA)က ရက္ခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ဘူးသီတောင်၊ မောင်တောမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်ခဲ့သည်မှာ လနှင့်ချီကြာမြင့်ပြီဖြစ်သည်။ တိုက်ခိုက်မသိမ်းပိုက်မီ ယင်းမြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဝိုင်းဝန်းပိတ်ဆို့ထားပြီးမှသာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရရှိထားသောမြေပြင်သတင်းအချက်အလက်များအရ သိရကြောင်း ၎င်းက ဆိုသည်။

 

“ဘူးသီးတောင်၊ မောင်တောမြို့ကို AA တိုက်နေတာက လနဲ့ချီကြာပြီပေါ့။ တိုက်တယ်ဆိုတာထက် ဝိုင်းပြီးပိတ်ဆို့ထားတာပေါ့လေ။ မနေ့ညပိုင်းက စခန်းကိုသိမ်းပြီး မြို့ကိုထိန်းချုပ်လိုက်နိုင်တယ်လို့သိရပါတယ်။ ဒီသတင်းကလည်း အများကြီးမှန်နိုင်ပါတယ်။ ULA/AA အနေနဲ့တော့ တရားဝင်ထုတ်ပြန်လာတာမျိုး မရှိသေးဘူး။ ဒါပေမဲ့လို့ ဒီသတင်းက မှန်တယ်လို့ပြောလို့ရပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဖေသန်းက CJ Platformသို့ အတည်ပြုသည်။

 

ရက္ခိုင့်တပ်တော်(AA)ဘက်က သတင်းမထုတ်ပြန်ရခြင်းအကြောင်းအရင်းနှင့်ပတ်သက်၍ AA ဘက်က စခန်းနှင့် နယ်မြေရှင်းလင်းခြင်း၊ ဓာတ်ပုံမှတ်တမ်များရယူခြင်း၊ သိမ်ဆည်းရမိသည့်လက်နက်ခဲယမ်းများ စာရင်းပြုစုခြင်း၊ စစ်ကောင်စီထောင်သွားသည့်မိုင်းများ ရှင်းလင်းခြင်းစသည်တို့ကို အပြီးသတ်လုပ်ဆောင်ပြီးမှသာ သတင်းထုတ်ပြန်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

 

ထို့ကြောင့် ယခုကဲ့သို့ စစ်ရေးသတင်းများကို AA ၏ သတင်းထုတ်ပြန်ချက်ထက်စော၍ မြေပြင်ရှိ အရပ်ဘက်ဆိုင်ရာပိုင်းမှ သတင်းရယူနိုင်မှုများရှိကြောင်း ဦးဖေသန်းက ဖြည့်စွက်ပြောကြားသည်။

 

ယမန်နေ့ မေ ၂ ရက် ညပိုင်းတွင် သိမ်းပိုက်လိုက်သည့် နောက်ဆုံးကျန်ရှိသော အမှတ်(၁) နယ်ခြားစောင့်စခန်း တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅၀ ခန့် ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့သည့်အပြင် တပ်ဖွဲ့ဝင်ရာချီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း ရခိုင်ဒေသအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။

 

ထို့ပြင် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားချက်များအရ ဘူးသီတောင်၊ မောင်တောမြို့နယ်တွင် လူမျိုးရေး ပဋိပက္ခအသွင်ဆောင်ရန် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် ARSA, ARA, RSO စသည့်အဖွဲ့များကလည်း ကျီးကန်းပြင်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ရခိုင်ပြည်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ရန်ကျန်ရှိသည့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့  သုံးမြို့အနက် မောင်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဘူးသီးတောင်၊ စစ်တွေ နှစ်မြို့သာကျန်ရှိတော့သည်။ ဘူးသီးတောင်မြို့ကိုလည်း ထပ်မံသိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်ကို လေးဆခန့်ပိုမို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

လက်ရှိတွင် ရခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ ရမ်းဗြဲနှင့် ယခု မောင်တောမြို့တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ရက္ခိုင့်တပ်တော်(AA )မှ တိုက်ခိုက်သိမ်းပိုက်ထားသည်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – မတ်လ (၅) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲသည့် လက်နက်ခဲယမ်းများကို မြင်ရစဉ် (ပုံဟောင်း)

Related News

Depend on news