၂၀၂၄ တွင် မြန်မာလူဦးရေ ၅၆ သန်းကျော်အထိ ရှိနိုင်ဟု စစ်ကောင်စီ လဝကဝန်ကြီးခန့်မှန်း ၊ ယခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ၁၅ ရက်ကြာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မည်

Author ကိုထားဝယ်
Categories
Published on May 03, 2024

ဦးသိန်းစိန်လက်ထက်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို ဆယ်နှစ်အကြာတွင် ပြန်လည်ကောက်ခံရန် စစ်ကောင်စီ လဝကက ပြင်ဆင်နေရာတွင် ၂၀၂၄ ခုနှစ်၌ မြန်မာလူဦးရေ ၅၆ သန်းကျော်အထိရှိလာနိုင်သည်ဟု လဝက ဝန်ကြီးက ဦးမြင့်ကြိုင်က ခန့်မှန်းပြောကြားသည်။

 

ယမန်နေ့ မေလ ၂ ရက်က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ စစ်ကောင်စီဝန်ကြီး တက်ရောက်လာစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ဆောင်ရွက်လျက်ရှိသည်” ဟု ၎င်းက ပြောသည်။

 

ယူနီဖောင်းပြောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ၃၁ နှစ်အကြာမှပြန်လည်ကောက်ယူနိုင်ခဲ့သော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် မတ်လ ၂၉ ရက်အထိ မြန်မာလူဦးရေမှာ ၅၁ သန်းကျော်ရှိခဲ့သည်။

 

ထို့ကြောင့် စစ်ကောင်စီ လဝကဝန်ကြီး၏ ခန့်မှန်းချက်အရ ဆယ်နှစ်အတွင်း မြန်မာလူဦးရေ ၅ သန်းခန့်တိုးလာဖွယ်ရှိသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းယူနစ်(Census Unit) ၈၀,ဝ၀ဝ ခန့်နှင့် စာရင်းကောက်ကွက်ပေါင်း ၁၁၀,ဝ၀ဝ ခန့်ရှိမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်သူ ၄၂,၀ဝ၀ ခန့်ဖြင့် ကောက်ယူရန်လျာထားကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာပြည်လုံးကျွတ်အဆင့် စာရင်းကောက်ခံမည်ဖြစ်သည်ဟု စစ်ကောင်စီ လဝက ဝန်ကြီးက ပြောသည်။

 

လုံခြုံရေးအခြေအနေမှလွဲ၍ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေးကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း NLD လက်ထက် လဝက ဒုဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သော ဦးမြင့်ကြိုင်က ထည့်သွင်းပြောကြားသည်။

 

ဩဂုတ်လအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

 

“နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်” ဟု စစ်ကောင်စီ ဝန်ကြီးက ပြောသည်။

 

စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ဆောင်နေမှုကြောင့် မြို့နယ်အလိုက် လဝကဝန်ထမ်းများအနေဖြင့် ရုံးတွင်းအပြင် ကွင်းဆင်းလုပ်ဆောင်ရသည့်အတွက် Non-CDM လဝကဝန်ထမ်းများ အနားမရဘဲ ကိုယ်ပိုင်အချိန်ပင် မရှိကြောင်း ယင်းဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

 

“ကျွန်တော့်သားဆို အိမ်တောင် တစ်ပတ်တစ်ခါမပြန်ရဘူး။ ရုံးမှာပဲ အိပ်၊ ရုံးမှာ စားပဲ။ အိမ်ကနေ တစ်ပတ်တစ်ခါလောက် ဟင်းချက်ပို့ပေးနေရတယ်” ဟု လက်ထောက်မြို့နယ်မှူးအဆင့်ရှိ လဝကအရာရှိတစ်ဦး၏ ဖခင်တစ်ဦးက ပြောသည်။

 

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက်ကြိုးပမ်းလုပ်ဆောင်မှုတစ်ခုအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အာဏာသိမ်းပြီးကတည်းက ကောက်ခံရန် အပူတပြင်းလုပ်ဆောင်နေခြင်းဖြစ်သည်။