အပူချိန်မြင့်တက်မှုက အီလက်ထရောနစ်ပစ္စည်းတွေကို ထိခိုက်နိုင်လား . . .?

Author Z
Categories
Published on Apr 28, 2024

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအတော်များများမှာ အခုလပိုင်းထဲ အပူချိန်တွေ အဆမတန် မြင့်တက်နေပါတယ်။ အဲဒီလို အင်မတန် ပူပြင်းလာတဲ့ ရာသီဥတုက သက်ရှိဖြစ်တဲ့ လူတွေအပေါ်ပဲ နာမကျန်းဖြစ်စေတာ မဟုတ်ဘဲ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကိုလဲ ထိခိုက်စေနိုင်တဲ့အကြောင်း သိထားကြပါသလား . . .?။ တကယ်လို့ မသိသေးဘူးဆိုရင်တော့ ဒီအပတ် CJ Platform ရဲ့ သိစေချင်လို့ ကဏ္ဍမှာ အပူချိန်မြင့်တက်မှုက အီလက်ထရောနစ်ပစ္စည်းတွေကို ထိခိုက်နိုင်လားဆိုတဲ့ မေးခွန်းလေးကို နှိုက်နှိုက်ချွတ်ချွတ် အဖြေရှာကြည့်ကြပါ့မယ်။

 

အီလက်ထရောနစ် ပစ္စည်းတွေရဲ့ အုတ်မြစ်

 

အပူချိန်ကြောင့် အီလက်ထရောနစ် ပစ္စည်းတွေ ကမောက်ကမဖြစ်ရတဲ့ အကြောင်း မလှည့်ခင် အဲဒီပစ္စည်းတွေ ဘယ်လို၊ ဘယ်ပုံ အလုပ်လုပ်တယ်ဆိုတဲ့ အကြောင်း အကြမ်းလောက် သိထားသင့်ပါတယ်။ ကျွန်တော်တို့ လက်ထဲ ကိုင်ထားတဲ့ စမတ်ဖုန်းတွေနဲ့ ကွန်ပြူတာတွေ အားလုံးကို မိုက်ခရိုချစ်ပ်ပြားတွေ၊ ထရန်စစ်စတာတွေ၊ ဆားကစ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီပစ္စည်းသေးသေးလေးတွေ အကုန်စုပေါင်းပြီးကာကျမှ ကျွန်တော်တို့ ခိုင်းတဲ့ အလုပ်တွေကို သူတို့ဘာသာ ချိတ်ဆက်ဆောင်ရွက်သွားကြတာပေါ့။

 

ခက်တာက အီလက်ထရောနစ်ပစ္စည်းတိုင်းမှာ အပူချိန်နဲ့ ပတ်သက်ရင် သူ့ရဲ့ ‘လစ်မစ်’ တစ်ရပ်က အမြဲရှိတယ်။ အပူချိန်မြင့်လာတာနဲ့အမျှ ပြဿနာတွေ တန်းစီ တက်လာတော့တာပဲ။

 

နမူနာ ကျွန်တော်တို့က လူထူထပ်တဲ့ မြို့လယ် တစ်နေရာကို ရောက်နေတယ်ဆိုပါစို့။ လူအုပ်ကြားထဲကနေ ကိုယ်သွားချင်တဲ့ လမ်းကို အတင်း တိုးဝှေ့ တွန်းတိုက်ပြီး သွားနေရတယ်။ အဲဒီမှာ တိုးဝှေ့ပြီး သွားရတဲ့ လူအုပ်က ကြီးရင် ကြီးသလောက်၊ ဒါမှမဟုတ်လဲ လမ်းတစ်လျှောက်လုံး မနေမနားတိုးနေရမယ်ဆိုရင် အတော်လေး တိုင်ပတ်ပါလိမ့်မယ်။ အီလက်ထရောနစ်လောကမှာလဲ ဒီသဘောတရားတစ်ရပ် ရှိပါတယ်။ လျှပ်ပြန့်ခုခံအားလို့ခေါ်တဲ့ ‘Resistance’ ဆိုတာ အဲဒါကို ခေါ်တာပေါ့။ ကျွန်တော်တို့ သုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေမှာ လျှပ်စီးတွေ ရှိပြီး ဒီကောင်လေးတွေက ဒြပ်ထုကြားခံနယ်တစ်ခုကနေ ဖြတ်သန်းစီးဆင်းကြရတယ်။ အဲဒီဖြတ်သန်းစီးဆင်းမှုကို အတိုက်အခံလုပ်တဲ့ကောင်ကို လျှပ်ပြန့်ခုခံအားလို့ ခေါ်တာပါ။

 

အီလက်ထရောနစ် ပစ္စည်းတစ်ခုခု အပူချိန် မြင့်လာပြီဆိုရင် အဲဒီပစ္စည်းကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဒြပ်ထုတွေက လျှပ်ပြန့်ခုခံအား ပိုပိုများလာတတ်ပါတယ်။ ဒါကြောင့်ပဲ အပူချိန်မြင့်မားမှုက အီလက်ထရောနစ်ပစ္စည်းတွေရဲ့ လျှပ်စီးမှုကို အဟန့်အတားဖြစ်စေတယ် ဆိုရမယ်။ အကျိုးဆက်အနေနဲ့ လျှပ်စစ်အစိတ်အပိုင်းတွေကလဲ ဒီခုခံအားကို ပြန်ကန်နိုင်ဖို့၊ သူတို့တာဝန်သူတို့လုပ်နိုင်ဖို့ရာ ပိုအားစိုက်ရတော့တယ်။ အဲဒီအပိုထည့်လိုက်ရတဲ့ အားကြောင့်ပဲ အတွင်းပိုင်း အပူချိန်က ပိုမြင့်လာပြီး သံသရာလည်နေတာပေါ့။

 

ပြီးရင် အရာဝတ္ထုတိုင်းမှာ သူ့ရဲ့ ‘လစ်မစ်အမှတ်’ တစ်ရပ် ရှိပါတယ်။ အဲဒီအပူချိန်မှတ်ကို ရောက်သွားရင် အစိုင်အခဲအဖြစ်ကနေ အသွင်ပြောင်း အရည်ပျော်သွားနိုင်တဲ့ ‘ပွိုင့်’တစ်ခုပေါ့။ အပူချိန်တွေ များလာလို့ အီလက်ထရောနစ်အစိတ်အပိုင်းတွေသာ သူ့ရဲ့အရည်ပျော်မှတ်ကို ရောက်သွားရင် အထဲမှာ ချိတ်ဆက်ထားတဲ့ ဂဟေဆစ်တွေ၊ ဂျွိုင့်တွေ ကျိုးပျက်သွားနိုင်ပြီး ကော်နက်ရှင်တွေ အကုန် ယိုယွင်းသွားနိုင်တာပေါ့။

 

မြင်သာအောင်ပြောရရင် ပစ္စည်းတစ်ခုနဲ့ တစ်ခုကို ကော်သုံးပြီး ကပ်ထားတယ်ဆိုပါစို့။ အပူချိန်မြင့်လာရင် အဲဒီကော်ရည်က သေချာပေါက် အရည်ပျော်သွားနိုင်တယ်။ ကော်သာ အရည်ပျော်သွားရင် အဲဒီကော်သုံးပြီး ချိတ်ဆက်ထားတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကလဲ တစ်ပိုင်းတစ်စစီ ကွဲထွက်ကုန်မဲ့ သဘောပဲ။

 

ဒါပေမဲ့ တစ်ခုရှိတာက Device တွေရဲ့ အတွင်းပိုင်းကို နွယ်ထားတဲ့ ဂဟေဆက်တွေ အရည်ပျော်ဖို့ဆိုတာ အပူချိန်အတော်မြင့်မှ ရမှာမို့ သာမန်အခြေအနေမှာ သမရိုးကျ သုံးစွဲနေတဲ့ အီလက်ထရောနစ်ပစ္စည်းတွေအဖို့တော့ ဖြစ်နိုင်ချေ အတော်လေး နည်းပါတယ်။ အဲဒီလို အခြေအနေမျိုးက အပူချိန်အတော်မြင့်တဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပစ္စည်းတွေ၊ အပူချိန်နဲ့ ထိတွေ့မှုကာလ အတော်ကြာနေတဲ့ ပစ္စည်းတွေမှာပဲ ဖြစ်နိုင်ချေများတာပါ။

 

ဒါတင် မကသေးဘဲ အပူချိန်မြင့်တာကြောင့် ဆားကစ်တွေ ပြတ်တောက်နိုင်သလို အခန့်မသင့်ရင် မီးဘေးအန္တရာယ်ကိုပါ ကြုံရနိုင်ပါတယ်။ ဆားကစ်ပြတ်တယ်ဆိုတာမှာ အပေါ်မှာ ပြောခဲ့သလို အစိတ်အပိုင်းတစ်ခုခု ထိခိုက်မှုကြောင့်၊ ဝါယာကြိုးပေါက်ပြဲမှုကြောင့် လျှပ်စီးကြောင်းက ရောက်သင့်တဲ့ နေရာ မရောက်ဘဲ လမ်းလွဲသွားတဲ့အခါ ဖြစ်တာမျိုးပါ။ အပူချိန်မြင့်တာကြောင့် လျှပ်စစ်ပစ္စည်းတွေထဲ ရှိတဲ့ လျှပ်ကာဒြပ်တွေကလဲ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့လို့ ဝိုင်ယာကြိုးတွေ အကျုံ့၊ အကျယ်လွန်ပြီး ဝါယာရှော့ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

 

မှတ်ထားဖို့လိုတာက အီလက်ထရောနစ် အစိတ်အပိုင်းအများစုရဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းပုံက သမရိုးကျ အခြေအနေမှာ ဘယ်လိုပြဿနာမှ မရှိအောင် ထုတ်လုပ်ထားတာမျိုးပါ။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေက လက်ရှိ မြန်မာနိုင်ငံလို ရာသီဥတု အင်မတန်ပြင်းထန်တဲ့ နေရာတွေမှာမှသာ ဖြစ်ပေါ်နိုင်တာမျိုးပေါ့။ အပူချိန်က နဂိုကကို မြင့်နေတဲ့အထဲမှာ ကိုယ်ကသာ device တွေကို မရပ်မနား အသုံးပြုမယ်ဆိုရင် ဒီကိစ္စတွေ မလွှဲမသွေ ကြုံတွေ့ရနိုင်ပါတယ်။

 

အတော်လေးကို ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် အပူချိန်ကြောင့်ပဲ အီလက်ထရောနစ်ပစ္စည်းတွေထဲမှာ ရှိတဲ့ မီးလောင်လွယ်တဲ့ ဒြပ်တွေကြောင့် မီးထတောက်နိုင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပြန်တယ်။

 

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ အီလက်ထရောနစ်ပစ္စည်း – စမတ်ဖုန်း၊ လက်ပ်တော့ – စတာတွေက ဆီလီကွန်ကို အခြေပြုပြီး ထုတ်လုပ်ထားတဲ့ မိုက်ခရိုချစ်ပ်တွေနဲ့ ထရန်စစ်စတာတွေ ပေါင်းစု ဖွဲ့စည်းထားတာပါ။ ဒီပစ္စည်းလေးတွေက အရွယ်အစားအားဖြင့် အလွန်အင်မတန်သေးငယ်ပေသိ စွမ်းဆောင်ရည်ကတော့ အတော်မြင့်ပါတယ်။ အီလက်ထရောနစ်ပစ္စည်းတိုင်းရဲ့ အသက်သွေးကြောလို့ ပြောလို့ရလောက်အောင်ကို တွက်ချက်မှုတွေ၊ ဒေတာစိစစ်မှုတွေနဲ့ ကျွန်တော်တို့ ခိုင်းစေတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်သွေမတိမ်း လုပ်ပေးနိုင်စွမ်း ရှိကြတာပါ။

 

ဒီဆီလီကွန်အစိတ်အပိုင်းလေးတွေက ‘တစ်ပိုင်းလျှပ်ကူး’ ပစ္စည်းတွေ ဖြစ်တဲ့အလျောက် အပူဒဏ်ကို အံတုခံနိုင်ပေမဲ့ သူတို့မှာလဲ ‘လစ်မစ်’ တစ်ရပ် ရှိနေတာကို သတိချပ်စေလိုပါတယ်။ ကိုယ်က စွမ်းဆောင်ရည် အတော်မြင့်ပါတယ်ဆိုတဲ့ processor ပါတဲ့ device ကို ကိုင်ထားရင်တောင် လက်ရှိ မြန်မာနိုင်ငံရဲ့ အပူချိန်နဲ့က ဘယ်လိုမှ အကြမ်းပတမ်းအသုံးပြုလို့ မရ၊ အနုအရွထားရမဲ့ အခြေအနေပါ။ ဖုန်းတွေ ပူလာတယ်၊ ထစ်လာတယ်၊ စွမ်းဆောင်ရည်ကျလာတယ်။ လက်ပ်တော့ဆိုရင်လဲ အလားတူပဲ၊ ပန်ကာလည်သံ ကြမ်းလာတယ်၊ စက်ဘော်ဒီတွေ ပူကျစ်လာတယ်၊ ဘက်ထရီသက်တမ်း တိုလာတယ်ဆိုတာ ဒီဆီလီကွန်အစိတ်အပိုင်းလေးတွေ ထိခိုက်လာလို့ ပြတဲ့ လက္ခဏာပေါ့။ ဆီလီကွန်အစိတ်အပိုင်းဆိုတာမှာ မိုက်ခရိုချစ်ပ်ပြားတွေ၊ ထရန်စစ်စတာတွေ၊ ဆားကစ်တွေ အကုန်ပါပါတယ်။

 

ဘက်ထရီကိစ္စ ဆက်ပြောရရင်တော့ ကျွန်တော်တို့ သုံးတဲ့ ဆဲလ်ဖုန်းတွေနဲ့ အခုနောက်ပိုင်း ရေပန်းစားလာတဲ့ လျှပ်စစ်ကားတွေက လီသီယမ်အိုင်းရွန်း ဘက်ထရီ (Lithium-ion) အမျိုးအစားကို အဓိက သုံးကြတာပါ။ ဒီဘက်ထရီအမျိုးအစားတွေက ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် မြင့်တဲ့ အပူချိန်ကို ကြုံရပြီဆိုတာနဲ့ အခြေအနေ စ မဟန်တော့ပါဘူး။

 

အပူချိန်မြင့်မားမှုက ဘက်ထရီတွေထဲမှာရှိတဲ့ ဓာတုဓာတ်ပြုမှုတွေကို အတော်လေး ကမောက်ကမနိုင်စေတယ်။ လီသီယမ်ဘက်ထရီတွေမှာဆိုရင် လီသီယမ်ဓာတ်ကို အားနည်းစေလို့ ဘက်ထရီသိုလှောင်နိုင်စွမ်းက အပူချိန်မြင့်လာတာနဲ့အမျှ နည်းသွားတယ်လို့ အီလက်ထရောနစ် ကျွမ်းကျင်သူတွေက မှတ်ချက်ပြုတာပါ။ ဒါကြောင့်ပဲ လျှပ်စစ်ကားတွေဆိုရင် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ကျော်တဲ့ အပူလှိုင်းဒဏ်နဲ့ တွေ့ပြီဆိုရင် စွမ်းဆောင်ရည်ပိုင်း၊ ကာလရှည်ကြာ မောင်းနှင်နိုင်စွမ်း အားနည်းသွားတာပေါ့။

 

ပြင်းထန်တဲ့ အပူချိန်က အီလက်ထရောနစ်ပစ္စည်းတွေရဲ့ ဘက်ထရီသက်တမ်းကိုလဲ ထိခိုက်စေပြန်တယ်။ ဘက်ထရီတွေဆိုတာ အသုံးမပြုဘဲ ဒီတိုင်းပစ်ထားရင် Self-discharge လို့ ခေါ်တဲ့ အလိုအလျောက် လျှပ်ဓာတ်ပြယ်မှု ဖြစ်ပွားတာပါ။ ဒီလျှပ်ဓာတ်ပြယ်မှုနှုန်းက အပူချိန်မြင့်တဲ့အချိန်ဆို အလိုအလျောက် များလာတတ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဘက်ထရီအတွင်းမှာ လျှပ်စစ်ဓာတ်အား ထိန်းသိမ်းနိုင်စွမ်း နည်းသွားပြီး နဂိုမူလက ထိန်းသိမ်းထားနိုင်သလောက် မရှိတော့ဘူးပေါ့။ အဲဒီလိုနဲ့ ဘက်ထရီတွေရဲ့ သက်တမ်းကိုလဲ ကျဆင်းစေပြန်တယ်။

 

ကျွန်တော်တို့ device တွေထဲမှာ ရှိတဲ့ ဘက်ထရီတွေရဲ့ ကာလသက်တမ်းကို ဆွဲဆန့်ပေးချင်ရင်တော့ အပူချိန် တိုက်ရိုက်ထိတဲ့ နေရာမှာ အီလက်ထရောနစ် ပစ္စည်းတွေကို မထားပါနဲ့၊ ပြီးရင် အတော်လေးရုန်းရမဲ့ အလုပ်တွေကို မခိုင်းပါနဲ့၊ ဘက်ထရီအခြေအနေကို ဂရုတစိုက် စောင့်ကြည့်ပေးပြီး လိုအပ်ရင် ‘Battery-saving mode’ ဖွင့်သုံးပါ။

 

အပူလွန်ကဲတာကြောင့် ဖြစ်နိုင်တဲ့ နောက်ပြဿနာတစ်ရပ်က စခရင်မျက်နှာပြင်တွေရဲ့ အရည်အသွေး ထိခိုက်မှုပဲ။ ရာသီဥတုအင်မတန် ပူပြင်းလာရင် device တွေရဲ့ စခရင်မျက်နှာပြင်က ငွေ့ရည်ဖွဲ့မှုတွေ ဖြစ်ပြီး မြူခိုးတွေ၊ မှိုင်းတွေ ပေါ်ပေါက်လာနိုင်ချေ ရှိပါတယ်။ အဲဒီလိုအရာတွေက စခရင်တွေရဲ့ ကြည်လင်ပြတ်သားမှုကို အတော်လျော့ကျစေတာပေါ့။ နောက်ပြီး အပူချိန်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ ကာလ ကြာရင် စခရင်တွေမှာ ကာလာတွေကျွမ်းတာ၊ အရောင်ပြောင်းတာ၊ အမည်းစက်တွေ၊ အစက်အပြောက်တွေ ပေါ်တာနဲ့ အထိအတွေ့တွေကို မတုံ့ပြန်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

 

ဒီပြဿနာကို ဖြေရှင်းဖို့က ကိုယ့်ရဲ့ ဖုန်းတွေ၊ device တွေကို စီးတဲ့ ကားတွေထဲ မထည့်ခဲ့ဖို့နဲ့ လမ်းမှာ သုံးရမယ်ဆိုရင်လဲ အရိပ်ရတဲ့ တစ်နေရာ ခိုပြီး သုံးဖို့ အကြံပြုပါတယ်။ နောက်ပြီး နေရောင်တိုက်ရိုက်မထိအောင်လဲ ဂရုစိုက်ပါ။ စခရင်အလင်းကို ချိန်ညှိပြီးတော့လဲ device အပူချိန် မြင့်တဲ့ ဒဏ်ကို ထိန်းနိုင်ပါတယ်။

 

အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလဲ ဒီအပူနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ်။ Device တွေထဲမှာ ဖန်တွေ ထည့်ပေးတာ၊ အပူထွက်ပေါက်တွေ ထည့်ပေးတာနဲ့ thermal paste လိုအရာတွေ ထည့်ပေးတာမျိုးပေါ့။ အပူချိန် အင်မတန်မြင့်ချိန် လက်ပ်တော့ သုံးတဲ့အခါ လက်ပ်တော့ရဲ့ ပန်ကာလည်သံက အတော်ကျယ်လာတာကို သတိထားမိကြမယ် ထင်ရဲ့။ ဒီပန်ကာလည်နှုန်း မြင့်လာတယ်ဆိုတာ device ထဲမှာ ရှိတဲ့ အလုပ်မှန်သမျှကို အခုအတိုင်း ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ အသံလေးပေါ့။ အဲဒီပန်ကာက ကွန်ပြူတာအထဲမှာ ရှိတဲ့ လေပူတွေကို အပြင်ဘက်ကို ပြန်ထုတ်ပေးရင်းပဲ အပူလွန်ကဲတဲ့ ဂယက်ကို ဖြေရှင်းပေးနေတာပါ။

 

ဒီလောက်ဆိုရင်တော့ အပူချိန်က အီလက်ထရောနစ်ပစ္စည်းတွေကို ဘယ်လိုဒုက္ခပေးနိုင်တယ်ဆိုတာ သဘောပေါက်လောက်ကြရောပေါ့။ အပူလွန်ကဲတဲ့ ပြဿနာကို ထိန်းနိုင်၊ သိမ်းနိုင်ဖို့ CJ Platform က အကြံပြုရမယ်ဆိုရင်တော့ဖြင့် ကိုယ့်ရဲ့ device တွေကို အမိုးအရိပ် ရှိတဲ့ နေရာအောက်မှာ အမြဲထားပါ။ နေရောင်နဲ့ တိုက်ရိုက်ပေးမထိပါနဲ့။ နောက် အသက်ရှူပေါက်လေး ဖန်တီးပေးပါ။ လေဝင်လေထွက်ကောင်းဖို့၊ လက်ပ်တော့တွေ၊ ကွန်ပြူတာတွေဆိုရင်လဲ ပန်ကာတွေ၊ လေထွက်ပေါက်တွေမှာ အပိတ်အကာတွေ ရှိမနေစေဖို့ သတိချပ်ပါ။ ဖုန်သုတ်တာလိုမျိုး သန့်ရှင်းရေးတွေကိုလဲ အမြဲလုပ်ပေးပြီး အပူလွန်ကဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ Device တွေကို အကြမ်းပတမ်း သုံးတာ၊ အလုပ်အများကြီး ခိုင်းတာမျိုးကို ရှောင်ပြီး အေးအေးလူလူ ပေးနေပေးပါ။ လုံးလုံးကြီးကို အပူချိန် မြင့်လာပြီ၊ ‘ဟိတက်လာပြီ’ ဆိုရင်တော့ ဖွင့်ထားသမျှအကုန် ပိတ်ချ – Shut down- ပြီး အပူကျသွားတဲ့အထိ စောင့်သုံးနိုင်ပါတယ်။

 

အီလက်ထရောနစ်ခေတ်မှာ ဒီပစ္စည်းတွေနဲ့က ဘယ်လိုမှ လွတ်ကင်းနိုင်ခြင်း မရှိတော့လို့ ကိုယ်တိုင်ကပဲ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို လေ့လာပြီး စနစ်တကျ အသုံးပြုနိုင်ဖို့ ရည်ရွယ်တင်ဆက်လိုက်ပါတယ်။ နောက်တစ်ပတ် ပြန်ဆုံတာပေါ့။