ရန်ကုန်တွင် မီးဆိုးရွားစွာပြတ်တောက်၍ YBS နှင့် အငှားယာဉ်များ ဂက်စ်မရသည့်အတွက် နာရီများစွာတန်းစီနေရ

Author ကိုထက်
Categories
Published on Apr 27, 2024

ရန်ကုန်မြို့၌ ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှုများ ပိုမိုဆိုးရွားလာပြီး မော်တော်ယာဉ်သုံး CNG ဂက်စ်ဆိုင်များက ဂက်စ်မပေးနိုင်သည့်အတွက် YBS ယာဉ်များအပါအဝင် ဂက်စ်ကားများ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

 

YBS ယာဉ်လိုင်းအချို့မှာလည်း CNG ဂက်စ် တန်းစီနေရချိန်များနေခြင်းကြောင့် ယာဉ်ပြေးဆွဲရမှု နည်းပါးနေသည်ဟု YBS ယာဉ်မောင်းများထံမှ သိရသည်။

 

“ဂတ်စ်က ညလုံးပေါက်တန်းစီရတာပဲ။ အခုက မီးက ညတွေပါပြတ်နေတာ။ ကားတွေ မလာတာမပြောနဲ့ အကုန်ဂက်စ်ဆိုင်မှာချည်းပဲ။ အရင်က တစ်ရက်ကို သုံးဝိုင်းလောက်ရတယ်ဆို အခုရက်တွေ တစ်ဝိုင်းတောင်မနည်းပဲ” ဟု လှိုင်သာယာ-ဆူးလေ‌ပြေးဆွဲသည့် YBS အမှတ် ၆၁ ပြေးဆွဲသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

နေ့ပိုင်း ဂက်စ်ထည့်ရန် တန်းစီ‌စောင့်ဆိုင်းရသည့် ကြာချိန်မှာ တစ်နာရီမှ သုံးနာရီအထိ စောင့်ရပြီး အလှည့်ရောက်မှ မီးပြတ်သည်နှင့် ကြုံရပါက ထပ်မံစောင့်ဆိုင်းရလေ့ရှိကြောင်း ရန်ကုန်ရှိ အငှားယာဉ်မောင်းများထံမှ သိရသည်။

 

“မီးက သင်္ကြန်မတိုင်ခင်ကတည်းက လာချိန်ပြတ်ချိန်မမှန်သလိုဖြစ်နေတာ။ အဲဒီကာလတုန်းကတော့ ဘယ်ဆိုင်က ဘယ်အချိန်ရတယ်ဆိုတာ မှန်းလို့ရသေးတယ်။ အခုရက်ပိုင်းတွေက မီးမလာတာက များတာရယ်၊ လာပြန်တော့လည်း တချို့ဆိုင်တွေက စက်တစ်လုံးက ပျက်နေတာမျိုးတွေဖြစ်နေတာတွေရှိတယ်” ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

 

CNG တန်းစီရသည့်အချိန် ကြာမြင့်သည့်အပြင် ဖိအား(Pressure)မှာလည်း ပြည့်ပြည့်ဝဝမရသည့်အတွက် CNG ကားများ မောင်းနှင်ရာတွင် အခက်အခဲကြုံနေရသည်ဟု ယာဉ်မောင်းများက ပြောသည်။ ဂက်စ်၏ သဘောတရားအရ ဂက်စ်အိုးအတွင်းသို့ ဂက်စ်ဖြည့်သွင်းချိန်အတွင်း မီးအားအပြည့်ဖြင့် ဖိအားပြည့်ပြည့်ဝ် မဖြည့်သွင်းနိုင်ပါက ယာဉ်မောင်းနှင်ရာတွင် တုန့်နှေးခြင်း၊ လီဗာနင်းသလောက် မသွားခြင်းများ ဖြစ်ပေါ်တတ်သည်ဟု ဂက်စ်ကားမောင်းနှင်သူများထံမှ သိရသည်။

 

ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားသော မော်တော်ယာဉ် CNG ၄၁ ဆိုင်ရှိပြီး YBS ယာဉ်များ၊ အငှားယာဉ်များ နှင့် အခြား ဂက်စ်အသုံးပြုမောင်းနှင်သည့် မော်တော်ယာဉ်များကို ရောင်းချပေးနေသည်။

 

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက စက်သုံးဆီများပြတ်လပ်သဖြင့် ကားများအပါအဝင် ဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်နှင့် မီနီအိုးဝေများ နေ့ဘက်အပြင် ညလုံးပေါက်အထိ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရသည့်အပြင် စက်သုံးဆီဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးခဲ့သည်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ – ယမန်နေ့ ဧပြီ ၂၆ နေ့က ရန်ကုန်မြို့ သခင်မြပန်းခြံအနီးရှိ ဂက်စ်ဆိုင်တစ်ခုတွင် ဂက်စ်ရရန် တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို တွေ့မြင်ရစဉ်