အညာခြေစိုက်တပ်ဖွဲ့တွင် စစ်မှုထမ်းဥပဒေတိမ်းရှောင်လာသော ရဲဘော်များကို စစ်သင်တန်းပေးရန် လိုအပ်ချက်များရှိနေ

Author မင်းထက်
Categories
Published on Apr 26, 2024

အညာဒေသ  မကွေးတိုင်း အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သော မင်းဘူးခရိုင်  တပ်ရင်း ၃ တွင် စစ်မှုထမ်းဥပဒေ တိမ်းရှောင်လာ သူရဲဘော်များအတွက် တပ်တွင်းလိုအပ်ချက်များစွာ ရှိနေကြောင်း ယင်းတပ်ဖွဲ့ထံက သိရသည်။

 

မင်းဘူးခရိုင် တပ်ရင်း (၃) သည် ၂၀၂၁ ခုနှစ်  ဇူလိုင်လ အတွင်းစတင်ဖွဲ့စည်းခဲ့ကြောင်း ၊ အဓိကအနေဖြင့် စေတုတ္တရာမြို့နယ်အတွင်းမှ တော်လှန်ရေးရဲဘော်များပါ၀င်ပြီး ဒေသအသီးသီးမှ လူငယ် ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော တပ်ရင်းတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ၊  ယင်းတပ်ဖွဲ့သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံကပြောသည်။

 

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ဆက်သွယ်၀င်ရောက်လာကြ ၄၀ ခန့်ရှိနေကြောင်း သိရသည်။

 

“စစ်မှုထမ်းဥပဒေထုတ်ပြီး ရောက်လာတဲ့ ရဲဘော်တွေအတွက်ကတော့ သင်တန်းမပေးရသေးဘူး။ ကျွန်တော်တို့ ငွေရေးကြေးရေးအခက်ခဲရှိနေတာရယ်၊ သူတို့အတွက် အခြေခံ details ၀တ်စုံ ၊ စားဆောင် နေဆောင် ၊ စစ်ဖိနပ် ၊ သင်တန်းအတွက် လိုအပ်တာတွေရယ် အကုန်လုံမပြည့်စုံဘူးပေါ့၊ သင်တန်းအတွက် သုံးမဲ့ ပစ္စည်းတွေအစ ၊ သင်တန်ူတစ်ခုမှာ အများစုပေးလိုက်တာပေါ့ အယောက် ၁၀၀ လို့မှန်းထားတဲ့အတွက် ပစ္စည်းတွေကလဲ အယောက် ၁၀၀ ဆို သိန်း ၂၀၀နဲ့ ၃၀၀ အကြားကုန်တယ် ဒါတောင်သူတို့အတွက် ယူနီဖောင်းမပေးနိုင်ဘူး ” ဟု မင်းဘူးခရိုင် တပ်ရင်း (၃) တပ်ရင်းမှူးကပြောသည်။

 

 

“ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ သစ်ပင်ရိပ်၀ါးပင်ရိပ်တွေအောက်မှာ နေရတယ်ပေါ့ ရဲဘော်တွေ အနေနဲ့။ သင်တန်းကလဲ မစဖြစ်သေးတာ အဲ့ အပူရှိန်ကြောင့်လဲပါတယ်ဗျ။ ကျွန်တော်တို့ဆီမှာက သောက်သုံးရေကတောင် မလုံလောက်ဘူးပေါ့ ရေကရှားတယ်။သင်တန်းစတဲ့အချိန်ဆို ရေကတအားကုန်တယ်။မိုးလေး နည်းနည်းကျတဲ့အချိန် ကျွန်တော်တို့စောင့်နေတာပါဗျ”ဟု တပ်ရင်းမှူးဖြစ်သူမှ ပြောသည်။

 

မင်းဘူးခရိုင် တပ်ရင်း ၃ အခြေစိုက်ရာ ဒေသတွင် ရေရှားပါးသောအရပ်ဒေသဖြစ်ကြောင်း ၊ စိမ့်ရေစမ်းရေကိုသာ အသုံးပြုပြီး သိုလှောင်ရေ အနည်းငယ်သာရှိကြောင်း ဆက်လက်ပြောသည်။

 

ထို့အပြင် တပ်ဖွဲ့အတွက် သောက်သုံးရေ အဆင်မပြေမှုများအပြင်  တပ်ဖွဲ့ဝင် ရဲဘော်သစ်များ ရောက်ရှိလာခြင်း ၊  စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးနဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေခြင်းများကြောင့် ဆေးစာနပ်ရိက္ခာ နှင့် ဆေး၀ါးလိုအပ်ချက်များပါရှိကြောင်း ခရိုင်တပ်ရင်း ၃ သတင်းတာဝန်ခံ ရဲမေ မဝတီ က ပြောသည်။

 

“တပ်ရင်းတပ်ဖွဲ့အနေနဲ့ Public Health တွေပါ ပေးနေတာကြောင့် ဆေး၀ါးလုံလောက်မှု မရှိပါဘူး၊ မနှစ်က မိုးရာသီမှာလဲ ငှက်ဖျားတက်လူနာ ၅၀၀ ကျော် ရှိနေခဲ့ပါတယ်။ ယခုမိုးရာသီအတွက်လဲ ငှက်ဖျားဆေးတွေလိုအပ်နေပါတယ်” ဟု ရဲမေ  မဝတီက ဆိုသည်။

 

မိုးတွင်းကာလအတွက် ဆေး၀ါးနှင့် ရိက္ခာအတွက် ပြင်ဆင်ဆောင်ရွက်ရန် တပ်ဖွဲ့ ရန်ပုံငွေ လိုအပ်ချက်များကြောင့် လိုအပ်ချက်များ ရှိနေသေးကြောင်း ၊ ထို့အပြင် လက်နက်လိုအပ်ချက်များရှိကြောင်း  မင်းဘူးခရိုင် တပ်ရင်း ၃ တပ်ရင်းမှူးက ပြောသည်။

 

” ကျွန်တော်တို့မှာ EROs ထောက်ပံ့မှုလဲမရှိဘူးဗျ။ မကွေးတိုင်း မင်းဘူးခရိုင်ဆိုတော့ ကျွန်တော်တို့ထက် အညာဒေသ အလယ်ကျတာ မရှိတော့ဘူး။ မင်းဘူးခရိုင်က အရင်တုန်းကဆိုရင်လည်း ကပစတွေအများကြီးရှိတာကြောင့် ထောင်ပံ့မှုတွေပိုလိုအပ်တယ်ဗျ” ဟု ၄င်းကပြောသည်။

 

လိုအပ်ချက်များအတွက် NUG ဆိုင်ရာ ၀န်ကြီးဌာနများ၏ ထောက်ပံ့မှုမှာ နည်းပါးလျက်ရှိကြောင်း ၊ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် မင်းဘူးခရိုင် တပ်ရင်း ၃ တပ်ရင်းမှ မြေလတ်ဒေါင်းတို့ပွဲကစို့” ဆိုသည့် ကမ်ပိန်းအငြိမ့်ပွဲကို စတင်ပြသရန် စီစဥ်လျက်ရှိကြောင်း သိရသည်။

 

အထက်ပါ ကမ်ပိန်းအငြိမ့်ပွဲကို မေ ၅ ရက်တွင် စတင်ပြသရန် စီစဥ်ထားသော်လည်း လက်မှတ်ရောင်းအား မပြည့်မီသေးသည့်အတွက် မေ ၁၈ ရက်ကို ပြောင်းရွှေ့ထားပြီး လက်မှတ်များကို “မြေလတ်ဒေါင်းတို့ ပွဲကစို့” ပေ့ချ်မှတဆင့်ဝယ်ယူ အားပေးနိုင်ကြောင်းသိရသည်။

 

ယင်းတပ်ရင်းသည် အခြေစိုက်မြို့နယ်အတွင်းသာမက ချင်းဒေသနဲ့ယောဒေသတွေမှာလည်း မဟာမိတ်တပ်ဖွဲ့များနှင့် လည်း ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေ လုပ်နေကြောင်း ၊ ၂၀၂၃ အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပေါင်း ၃၅ ပွဲကျော် စစ်ဆင်ရေးလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ  ၄၀ ကျော် ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း ၊ တဖက်တွင်လည်း ခရိုင်တပ်ရင်း ၃ တွင် ကျဆုံးရဲဘော် ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရ ရဲဘော် ၅ ဦးရှိခဲ့ကြောင်းသိရ သည်။

 

တပ်ဖွဲ့အတွင်း အေခြခံ စစ်သင်တန်း အမှတ်စဥ် ၄ အထိ ပေးထားနိုင်ခဲ့ကြောင်း ၊ ထို့နောက် စစ်မှုထမ်းဥပဒေရှောင်တိမ်းလူငယ်များအတွက် အမှတ်စဥ် ၅ သင်တန်းပေးနိုင်ရန်အတွက် တပ်ဖွဲ့တွင်း လိုအပ်ချက်များ​ ရှိနေခြင်းကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ယင်းတပ်ဖွဲ့၏ တပ်ရင်းမှူး က CJ Platform သို့ပြောသည်။

ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးတွင် သွေးအေးမသွားဘဲ ကမ်ပိန်းတွင် ကူညီအားဖြည့်ပေးရန် မင်းဘူးခရိုင် တပ်ရင်း ၃ က မေတ္တာရပ်ခံတိုက်တွန်း တောင်းဆိုထားသည်။

 

ဓာတ်ပုံ – မင်းဘူးခရိုင် တပ်ရင်း ၃