ဖာပွန် ခမရ(၄၃၄)ကို KNLA/PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

Author လင်းနွေဦး
Categories
Published on Apr 26, 2024

ကရင်ပြည်၊ ဖာပွန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ(၄၃၄)တပ်ရင်းကို KNLA/PDF ပူးပေါင်းအဖွဲ့က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်ရဲဘော်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MoD)တို့၏ ထုတ်ပြန်ပြောဆိုမှုများအရ သိရသည်။

 

ခမရ(၄၃၄)တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Force For Federal Democracy(FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတပ်စခန်းကို ယမန်နေ့ ဧပြီလ(၂၅)ရက် နံနက်ပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။

 

“မတ်လကတည်းက ဖာပွန်စစ်ဆင်ရေးက KNLA ဦးဆောင်မှုရယ်၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုနဲ့ ဖော်ဆောင်နေခဲ့တာပါ။ မြို့တွင်းကို ထိန်းချုပ်နိုင်ပြီးနောက် အလုံးစုံ သိမ်းပိုက်နိုင်ရေး မြို့ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းမှန်သမျှကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ စခန်းတစ်ခုချင်းစီ သိမ်းပိုက်နိုင်တဲ့ အနေအထားကိုလည်း တွေ့ရမှာပေါ့။ ပေးဆပ်မှုတွေလည်းရှိခဲ့ပါတယ်” ဟု စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် မြေပြင်ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ MoD ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

 

သို့သော် ထိုတိုက်ပွဲအတွင်း M2 ဘရောင်နင် ခေါ် ပွိုင့် ၅ စက်သေနတ် ၂ လက်အပါအဝင် ပွိုင့် ၅ ကျည်ဘောက်များ၊ RPG နှင့် ဆက်စပ်ခဲယမ်းများ၊ ငါးကြင်းမြီး စက်လက်များနှင့်ဆက်စပ်ကျည်များ၊ လက်နက်ငယ်အမျိုးမျိုး၊ မိုင်းအမျိုးမျိုးနှင့် အခြားစစ်ဘက်ဆိုင်ရာအသုံးအဆောင် အမြောက်အမြားသိမ်းဆည်းနိုင်ခဲ့သည်ကို MoD ကထုတ်ပြန်လာသည့် ဓာတ်ပုံများအတွင်း တွေ့မြင်ရသည်။

 

ဖာပွန်မြို့သိမ်းစစ်ဆင်ရေးကို KNLA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လလယ်ပိုင်းမှစတင်ဖော်ဆောင်ခဲ့ပြီး မြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနှင့် ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ဖာပွန်မြို့တွင်းကို မတ်လ ၂၈ ရက်နေ့တွင် ပူးပေါင်းအဖွဲ့များမှ ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

မတ်လ (၃၀) ရက်နေ့ ညပိုင်းတွင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းပိုက်နိုင်ခဲ့သည့် ဖာပွန်မြို့အခြေစိုက် ခလရ(၁၉)တပ်ရင်းကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခမရ (၃၄၀) တပ်စခန်းနှင့် ကျန်ရှိသော ဗျူဟာကုန်းစခန်းနှင့် ယခုသိမ်းပိုက်ရရှိသည့် ခမရ(၄၃၄)တပ်စခန်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

ခမရ (၃၄၀)တပ်စခန်းကို သိမ်းပိုက်နိုင်ရေး ဆင်နွှဲနေသည့်တိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိရုံမက ကျဆုံးမှုများလည်းရှိခဲ့သည်။

 

ထိုအထဲ မြေပြင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျဆုံးခဲ့ရသော တော်ဝင်ဒေါင်းစစ်ကြောင်းမှ တပ်ခွဲ(၂)တပ်စုမှူး ရဲဘော် ဘေကြီး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOG၊ တပ်ခွဲ(၂)မှ ရဲဘော် ကိုဌက် တို့နှစ်ဦးလည်း အပါအဝင်ဖြစ်သည်။

 

ဖာပွန်မြို့ကို အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ရေးအတွက် KNLA ဦးဆောင်မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ MoD လက်အောက်ရှိ တောင်ပိုင်းစစ်ဒေသ(JOC)ကွပ်ကဲမှုတို့ဖြင့် ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြေပြင်ရဲဘော်များ၏ ပြောကြားချက်အရ သိရသည်။

 

ဓာတ်ပုံ- Ministry of Defence(MoD)

 

ပုံစာ – ခမရ(၄၃၄)တပ်ရင်းမှ သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများကိုတွေ့မြင်ရစဉ်