ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအပါအဝင် ဝန်ကြီးသုံးဦး မဲဆောက်မြို့သို့ရောက်ရှိ၊ နယ်စပ်ရေးရာလုံခြုံရေး အခြေအနေများကို ကြီးကြပ်စစ်ဆေး

Author လင်းနွေဦး
Categories
Published on Apr 23, 2024

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ ထိုင်းဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့ လေးဦးပါဝင်သော ဗဟိုအစိုးရအဖွဲ့များ ယနေ့ ဧပြီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိလာကြသည်။

၎င်းတို့သည် မဲဆောက်အာဏာပိုင်များနှင့် နယ်စပ်ရေးရာလုံခြုံရေး အခြေအနေများကို လိုက်လံကြီးကြပ်စစ်ဆေးကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ထိုင်းဒေသ အခြေစိုက်သတင်းမီဒီယာများက ဖော်ပြသည်။

 

ကနဦးတွင် ထိုင်းဝန်ကြီးချုပ် Mr.Srettha Thavisin(ဆရက်သာ သာဗီဆင်) လာရောက်ရန် စီစဉ်ထားသော်လည်း ယနေ့တွင် ၎င်းကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr.Panpree Phitthanukorn(ပန်ပရီ ဖစ်သနူခွန်)၊ ပြန်ထဲရေးဝန်ကြီး Mr. Anutin Charnvirakul(အန်နူတင် ချာဗရီရာကူ)၊ ကာကွယ်ရေးဝန်ကြီး Mr.Suthin Khlangsaeng(ဆူသင် ခလန်ဆအန်)တို့ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မဲဆောက်လေဆိပ်သို့ ထိုင်းစံတော်ချိန် ၃ နာရီ ၂၀ မိနစ်ဝန်းကျင်၌ရောက်ရှိခဲ့ကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ဝန်ကြီးများရောက်ရှိပြီးမကြာမီအချိန်အတွင်း ထိုင်းတော်ဝင်လေတပ်မှ F-16 အမျိုးအစား ဂျက်ဖိုက်တာများ ထိုင်းလေပိုင်နက်အတွင်း နယ်မြေလုံခြုံရေး လှည့်လှည်ပျံသန်းစစ်ဆေး မှုများလုပ်ဆောင်ခဲ့သဖြင့် လေထုအတွင်း ကျယ်လောင်သံများထွက်ပေါ်ခဲ့မှုအပေါ် ဒေသခံများအကြား စိုးရိမ်မှုများရှိခဲ့ကြောင်းလည်း CJ Platform မှ စုံစမ်းသိရှိသည်။

 

“ဂျက်ဖိုက်တာအသံကြီးက ကြောက်စရာကြီး။ စစ်ကောင်စီဘက်က ဂျက်တွေများ လေပိုင်နက်ကျော်ပြီးရောက်လာတာများလို့ တွေးပြီးလန့်သွားသေးတာ။ ပြီးမှ ပြန်စဉ်းစားတော့ ထိုင်းလေတပ်က တစ်ခုခုဆို လုံခြုံရေးပတ်တတ်တာမျိုးရှိတယ်လေ။ ခုလည်း ဝန်ကြီးတွေရောက်နေတာသိတော့ ပိုပြီးဂရုစိုက်တာမလို့ ပတ်တာလို့ သိလိုက်တာ” ဟု ထိုင်းနယ်စပ်ဒေသ မဲဆောက်မြို့နေထိုင်သူ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက CJ platform သို့ပြောသည်။

 

ထိုင်းဒုဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့မှ မြန်မာနိုင်ငံနယ်စပ်ဒေသတွင်ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် နယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ချမှတ်ထားမှုအခြေအနေများ၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စစ်ဘေးရှောင် ဒုက္ခသည်များအခြေအနေများနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည့် ညွှန်ကြားမှုများပြုလုပ်ခဲ့ကြောင်း ထိုင်းဒေသအခြေစိုက် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA/PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၁၁ ရက်တွင် တိုက်ခိုက်ပိုက်ခဲ့ပြီးနောက် ဧပြီ ၁၉ ရက်တွင် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးသို့ ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ဒရုန်းများဖြင့်ထပ်မံတိုက်ခိုက်ခဲ့သည်။

 

ထို့နောက် ဧပြီ ၂၀ ရက်နေ့တွင် စစ်ကောင်စီဘက်က လေယာဉ်များဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ အနီးသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်။

 

 

 

ဓာတ်ပုံ-လူမှုကွန်ရက်