နေ့ခင်းဘက်တောင် ပေါ်တာဆွဲခံနေရတဲ့ ဖြူးအခြေအနေ မြို့ခံတွေ ဘာပြောလဲ?
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းထဲ လူငယ်အများအပြား အကြောင်းပြချက်မရှိ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက CJ Platform ကို အတည်ပြုပြောကြားပါတယ်။
အဲဒီလိုဖမ်းဆီးရာမှာ နေ့ခင်းကြောင်တောင် ဖမ်းဆီးခံရသလို အိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခံရတာမျိုးအထိ ဖြစ်ပေါ်နေတယ်လို့ သူတို့က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ညဘက်တွေမှာ ဖြူးမြို့ထဲရှိ အမျိုးသားများကို ဝင်ရောက်ခေါ်ယူတဲ့အပြင် ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်မှာ စစ်ကားတွေနဲ့ အိမ်ပေါ်အထိလာရောက်ခေါ်ဆောင်သွားတယ်လို့ ပေါ်တာဆွဲခံရသူတစ်ဦးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။
“နေ့လယ်ပိုင်းက လိုက်ဆွဲနေတာ။ နေပူကြီးကို ပြေးလွှားနေရတာ။ ခုတော့ငြိမ်သွားပြီ။ ပါသွားတဲ့လူငယ်မိဘတွေရဲ့ ပြောစကားက တောင်ငူပို့တယ်တဲ့။ ဆွဲတာကတော့ သေချာတယ်။ အသိထဲက ပါသွားတာ” ဟု ဖြူးမြို့နယ်ထဲက လတ်တလော အခြေအနေတွေကို သူက ပြောပြပါတယ်။
ခေါ်ဆောင်သွားခံရသူတချို့ထဲက အဆက်သွယ်တွေရှိပေမဲ့ တချို့ကိုတော့ အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ သူသိထားတဲ့ သတင်းကို ပြောပြပါတယ်။
“အဆက်အသွယ်ရသူတချို့က ပင်စင်စားတွေမလို့ပါ” လို့ အခုသတင်းများကို သိရှိတဲ့ နွေဦးသံဃကွန်ရက်က ဘုန်းတော်ကြီးတစ်ပါးက မိန့်ပါတယ်။
စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်များကို စစ်ဆေးမယ်ဆိုပြီး အကြောင်းပြချက်မရှိ ဖမ်းခေါ်သွားကြတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ မြို့ခံအချို့က ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို တောင်ငူမြို့ပေါ်သို့ ပို့ဆောင်တာဖြစ်တယ်လို့ အခုသတင်းတွေကို နားစွင့်နေပြီး သိရှိထားသူ ဖြူးမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။ ၎င်းတို့ကို ဆေးစစ်ပြီးနောက် ဆေးအောင်ပါက စစ်မှုထမ်းဆောင်ရန်ခေါ်ထားပြီး ဆေးမအောင်သူများကို ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ သူမက ပြောပြပါတယ်။
“အသိထဲက ပါသွားတဲ့လူရှိတယ်။ အဆက်သွယ်တော့ ပြန်ရတယ်ပြောတယ်။ တောင်ငူ တန်းခေါ်သွားတယ်တဲ့။ တောင်ငူမှာ ဆေးစစ်ပြီး အောင်ရင် စစ်ထဲဝင်ရတယ်။ မအောင်ရင် ပြန်လာရတယ်တဲ့” လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
လူငယ်တွေစီးတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးရာကနေ အဲဒီလိုလူဖမ်းဆီးမှုတွေဖြစ်ကုန်တာလို့ ဖြူးမြို့ခံက အတည်ပြုကြပါတယ်။
စစ်ကောင်စီတပ်က ယခုကဲ့သို့လုပ်ဆောင်မှုများကြောင့် ဒေသခံလူငယ်တွေ ကြောက်လန့်ကာ ညဘက်တွေမှာ ပုန်းအောင်းနေကြရတယ်လို့ ဖြူးဒေသခံတွေက ပြောပြပါတယ်။
အခုလို စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူအရေအတွက်ကို ဖြူးမြို့ခံတွေက အတိအကျ မသိကြသလို CJ Platform အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အခုလို ဖြူးမြို့မှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်စီးနေသူတွေကို ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတဲ့သတင်းတွေကို စစ်ကောင်စီဘက်က ငြင်းဆန်ထားပါတယ်။
“ဖြူးမြို့မှာ ဆိုင်ကယ်စီးနင်းနေတဲ့ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်သွားတယ်ဆိုတာ သတင်းတု၊ သတင်းအမှားများသာဖြစ်တယ်” လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က ကျေးရွာတွေမှာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း လူငယ်တွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာသွားကြတာကြောင့် သက်ကြီးပိုင်းတွေပဲ ကျန်ရှိတော့တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။
ဓာတ်ပုံ -လူမှုကွန်ရက်