မြဝတီနှင့် ကော့ကရိတ်ကြားဖြတ်တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီ အရာရှိများအပါအဝင် ၃၆ ဦးသေဆုံး၊ ရဟတ်ယာဉ်ပစ်ချနိုင်သည့် Type 02 စက်သေနတ်အပါအဝင် စစ်သုံးယာဉ် ၂ စီးနှင့် သံချပ်ကာယာဉ် တစ်စီးတို့ရရှိ

Author လင်းနွေဦး
Categories
Published on Apr 23, 2024

ကော့ကရိတ်မှ မြဝတီသို့ စစ်ကူဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အထိုင်တပ်များကို KNLA/PDF ပူးပေါင်းအဖွဲ့များက နှစ်ရက်အတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိများအပါအဝင် ၃၆ ဦးအထိသေဆုံးခဲ့ကြောင်း CJ Platform ၏ မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီ ၂၀ နှင့် ၂၁ ရက်တို့တွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦးနှင့် ဗိုလ်လေး တစ်ဦးတို့အပါအဝင် ၃၆ ဦး သေဆုံးကာ ၃၀ ဦးနှင့်အထက် ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

 

ထို့ပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းအဖွဲ့များအနေဖြင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ရာတွင် စစ်ရဟတ်ယာဉ်များကို ပစ်ချနိုင်သော Type 02 စက်သေနတ်ကြီးအပါအဝင် စက်သေနတ်များတပ်ဆင်ထားသည့် စစ်သုံးယာဉ် နှစ်စီးနှင့် သံချပ်ကာယာဉ် တစ်စီးတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

KNLA/PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဧပြီ ၂၀ ရက် နံနက်အစောပိုင်းတွင် မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)အောက်တွင် ပုန်းခိုနေသည့် ခလရ-၂၇၅ တပ်စခန်းမှ ထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာတွင် တပ်မ(၄၄)တပ်ရင်းမှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သား (၃၀) ဦးနှင့် အထက် သေဆုံးခဲ့သည်ဟု မြေပြင် KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

“(ဧပြီ)၁၉ ရက်နေ့ ညကတည်းက ဒရုန်းနဲ့ ချတာ။ ၂၀ ရက်နေ့ အစောပိုင်း ဝေလီဝေလင်းမှာ ဝင်ကြုံး(တိုက်)တော့ ဒီကောင်တွေ အတုန်းအရုန်းပဲ။ ပြေးစရာမြေလည်း မကျန်တော့ဘူးလေ။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ ရှိတာပေါ့။ ဒီကောင်တွေ နေရာကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့တယ်။ ခုတော့ KNU ကလည်း သေဆုံးစာရင်းကို ထုတ်ပြန်လာတော့ သူတို့ဘယ်လောက် အထိနာခဲ့တယ်ဆိုတာ မြင်နိုင်ပါတယ်” ဟု တိုက်ပွဲများအတွင်းပါဝင်ခဲ့သည့် KNLA အထူးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

ထို့ပြင် မြဝတီသို့ စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဧပြီ ၂၁ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦးနှင့် ဗိုလ်လေးတစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး ရဟတ်ယာဉ်ပစ်ချနိုင်သည့် စက်သေနတ်အပါအဝင် ပွိုင့် ၅ အမျိုးအစား စက်လက်တစ်လက်၊ လက်နက်ငယ် ၁၁ လက်နှင့် ခဲယမ်းမျိုးစုံ၊ သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးယာဉ် နှစ်စီးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားသည်။

 

KNLA ပူးပေါင်းတပ်များသိမ်းပိုက်နိုင်ခဲ့သည့် Type 02 စက်သေနတ်မှာ တရုတ်နိုင်ငံထုတ် Heavy Machine Gun အမျိုးအစားဖြစ်ပြီး အသုံးပြုကျည်မှာ ၁၄.၅ × ၁၁၅ မမကျည်ဖြစ်သည်။

 

ယင်းလက်နက်ဖြင့် Ball ကျည်သာမက AP Armor Piercing သံချပ်ကာ ဖောက်ကျည်၊ Tracer လင်းကျည်၊ Incendiary မီးလောင်ကျည်၊ စွမ်းရည်မြင့် APDS စဘော့ကျည်များအထိ အသုံးပြုနိုင်ရုံမျှမက နောက်ဆုံးထုတ်လုပ်ထားသည့်  DGJ 02 SLAP ကျည်ဖြင့် ပစ်ပါက ပြောင်းထွက်ရှိန် ၁၂၅၀ မီတာနှူန်း ပြေးအားနှင့်အတူ မီတာ ၁၀ဝ၀ အကွာအဝေးက ၅၀ ဒီဂရီ စောင်းနေသည့် သံချပ်ကာအထူ ၂၀ မမ အထိ ဖောက်ဝင်နိုင်မှုကြောင့် အနိမ့်ပျံ ရဟတ်ယာဉ်ကို ချေမှုန်းနိုင်ကြောင်း စစ်ဘက်ဆိုင်ရာ လက်နက်ကျွမ်းကျင်ပညာရှင်များက အတည်ပြုပြောကြားသည်။

 

လက်ရှိတွင် မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးရှိ တိုက်ပွဲများ ငြိမ်သက်လျက်ရှိပြီး စစ်ကောင်စီမှ Y-12 ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများကြဲချခြင်းတို့ ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေသဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၂) တံတားအနီးမှ အနောက်သို့ ပြန်လည်ဆုတ်ခွာထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ဓာတ်ပုံ-KNU/ လူမှုကွန်ရက်