ရန်ကုန်တွင် စစ်သင်တန်း အပတ်စဉ်(၂)အတွက် စစ်ကောင်စီ စာရင်း စကောက်

Author ကိုထက်
Categories
Published on Apr 22, 2024

ရန်ကုန်တွင် စစ်ကောင်စီပေးမည့် စစ်သင်တန်း အပတ်စဉ်(၂)အတွက် စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်များအတွင်း စာရင်းကောက်ယူမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

 

လာမည့် မေလအတွင်း ခေါ်ယူမည်ဟုဆိုကာ ပထမအကြိမ် စာရင်းမပါသေးသူများကို လိုက်လံကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ် (၇)ရပ်ကွက်က ပြည်သူတစ်ဦးက ပြောသည်။

 

“ပထမအခေါက်က သဲကွင်းက လူမိုက်လိုလိုနှစ်ယောက်ကို လူစားထိုးထည့်ပေးလိုက်တယ်။ ဒီအခေါက်တော့ အဲဒီလိုလူ ရှာမရလို့ထင်တယ်။ စာရင်းတွေ ပြန်ကောက်နေတယ်။ ၅ လပိုင်း(မေလ)ထဲက လာခေါ်ရင်လိုက်ရမယ်ပေါ့” ဟု ၎င်းက ပြောသည်။

 

အလားတူ ‌သင်တန်းထဲလိုက်ရန် လာခေါ်ချိန် ကာယကံရှင်ကို မတွေ့ပါက မိသားစုဝင်တစ်ဦးဦးကို ဖမ်းဆီးပြီး ထောင်ဒဏ်(၆)နှစ်အထိ ချမှတ်အရေးယူနိုင်သည်ဟု ပြောဆိုသွားကြောင်း ရွှေပေါက်ကံမြို့သစ်က ပြည်သူတစ်ဦးက ပြောသည်။

 

“ကျွန်မတို့ဆီတော့ မကောက်ဘူး။ အရင်က ကောက်ထားတွေရှိတယ်ဆိုပြီး ဒုတိယအပတ်စဉ်အတွက် သင်တန်းတက်ဖို့လာခေါ်ရင် ကာယကံရှင်ကိုမတွေ့ရင် ရှိတဲ့မိသားစုဝင်ကို ဖမ်းမယ်။ နောက်ပြီး ဥပဒေအရ ထောင်ဒဏ်(၆)နှစ်ချလို့ရတာနဲ့ အရေးယူမယ် ပြောသွားတယ်” ဟု ၎င်းက ပြောသည်။

 

ယခု အပတ်စဉ်(၂)အတွက်ဟုဆိုကာ စာရင်းများကို လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များတွင် လိုက်လံကောက်ယူနေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့၏ သားသမီးများမှာ စာရင်းထဲမပါကြကြောင်း ယင်းမြို့နယ်များ ရပ်ကွက်သူ/သားများထံမှ သိရသည်။

 

ရန်ကုန်တိုင်း ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၄၅ ခုက စစ်မှုထမ်းရမည့်သူများအနေဖြင့် အမှတ် (၁) စစ်အခြေခံသင်တန်းကျောင်း (မင်းကုန်းနှင့် အမှတ် (၁) တန်းမြင့်သင်တန်းကျောင်းတို့တွင် သင်တန်းတက်နေရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

 

ထိုသို့ စစ်ကောင်စီက အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ်အထိ၊ တတ်သိပညာရှင် အမျိုးသားဆိုလျှင် ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုပါက ၃၅ နှစ်အထိ ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟုကြေညာခဲ့သည့်အပြင် မထမ်းပါက ထောင် ၆ နှစ်အထိကျခံရနိုင်သည့်ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ပြဌာန်းခဲ့သည်။

 

သို့သော် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုနှစ် သင်္ကြန်ပြီးမှသာ ပထမဆုံးစစ်သင်တန်းကို ခေါ်ယူမည်ဟု ပြောကြားခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း လူစုဆောင်းမှုများလုပ်ဆောင်ခဲ့ကြပြီး မတ်လ ၂၉ ရက်မှစတင်ကာ တစ်နိုင်ငံလုံးရှိ စစ်သင်တန်း ၁၅ ခုတွင် ပထမအသုတ်ကို သင်တန်းပေးခဲ့သည်။

 

ထိုသို့စစ်သင်တန်းမတက်လို၍ လူငယ်အများစု ပြည်ပထွက်ခွာခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်၍ စစ်ကောင်စီကို ပြန်လည်တိုက်ရန် ရွေးချယ်ခဲ့ကြသည်။

 

ထိုစစ်သင်တန်းကြောင့် ပြည်သူများအကြား ဂယက်ရိုက်ခဲ့ရပြီး စစ်မှုထမ်းရန် မဲနှိုက်ဆုံးဖြတ်ခဲ့ရာတွင် မဲပေါက်သူ ကာယကံရှင်နှင့် မိသားစုဝင်အချို့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများအထိ ဖြစ်ပေါ်ခဲ့ရသည်။

 

ပထမဆုံး စစ်သင်တန်းအတွက် လူ ငါးထောင်ကျော် စစ်ကောင်စီ စုဆောင်းနိုင်ခဲ့သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်များ၏ ပြောဆိုမှုအပေါ်အခြေခံ၍ လွတ်လပ်သည့်သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news