တဖြည်းဖြည်းရှားပါးလာတဲ့ မီးစုန်းဒြပ် (သို့) သက်ရှိတို့ရဲ့ အာဟာရအုတ်မြစ်
မီးစုန်းဒြပ်စင်လို့ ခေါ်ကြတဲ့ ဖော့စ်ဖောရက်စ်တွေ (phosphorus) ဆိုတာ ပြန်အသုံးပြုလို့ မရတဲ့ သဘာဝရင်းမြစ်တွေ ဖြစ်တဲ့အကြောင်း စာဖတ်သူတို့ သိကြမယ် ထင်ပါတယ်။ လက်ရှိကမ္ဘာမြေပေါ်မှာ ဖော့စ်ဖောရက်စ်ဒြပ်စင်တွေက ပမာဏအကန့်အသတ်နဲ့ ရှိနေတာပါ။ အဲဒီ့ပမာဏကို ထုတ်သုံးလိုက်လို့ ကုန်သွားရင် ထပ်အစားထိုးလို့ မရတော့ဘူးပေါ့လေ။
ဒါပေမဲ့ ဖော့စ်ဖောရက်စ်တွေက သက်ရှိတွေရဲ့ အသက်ဇီဝဖြစ်တည်မှုအတွက် အတော်လေး အရေးပါတဲ့ နေရာကနေ ပါဝင်နေသလို သက်ရှိတွေရှင်သန်ရပ်တည်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေရဲ့ အခြေခံအုတ်မြစ်တစ်ခုလဲ ဖြစ်ပါတယ်။
နမူနာအနေနဲ့ အပင်တွေ ရှင်သန်ကြီးထွားဖို့ရာဆိုရင် နိုက်ထရိုဂျင်၊ ဖော့စ်ဖောရက်နဲ့ ပိုတက်ဆီယမ်တို့က အတော်လေး အရေးပါပြီး ဒီဒြပ်စင်တွေ လုံလုံလောက်လောက်ရှိနေမှသာ အစာချက်လုပ်နိုင်ပြီး လိုအပ်တဲ့ စွမ်းအင်ရမှာကိုး။ အပင်တွေကို ကျွေးရတဲ့ နိုက်ထရိုဂျင်ဓာတ်မြေဩဇာတွေဆိုရင် လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်နဲ့ အဓိက ထုတ်နိုင်တယ်။ လေထုထဲမှာက နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်းတောင် ရှိတော့ ပမာဏမလုံမလောက်ဖြစ်မှာ မစိုးရိမ်ရတော့ဘူး။ နောက် ပိုတက်ဆီယမ်ဆိုတာလဲ “Potash” လို့ခေါ်တဲ့ ပြာဓာတ်တွေ၊ ဆားဒြပ်ပေါင်းတွေ၊ ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ သတ္ထုတွေကနေ ပေါပေါများများ ရနိုင်သေးလို့ စိတ်ပူစရာ မရှိဘူးပေါ့။ ခန့်မှန်းချက်တွေအရဆိုရင် လက်ရှိသုံးတဲ့နှုန်းနဲ့ ပိုတက်ဆီယမ်ဒြပ်တွေကို ထုတ်ယူသုံးစွဲနေရင်တောင် နောက်နှစ်ပေါင်း ၆၀၀ လောက်ထိ အေးဆေးဆက်သုံးနေနိုင်တဲ့ ပမာဏမှာ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာရှိတာက ဖော့စ်ဖောရက်စ်ပါ။
အခုနှုန်းအတိုင်းသာ ဖော့စ်ဖောရက်စ်တွေကို ဆက်သုံးနေမယ်၊ လယ်ယာမြေတွေ အထွက်တိုးချင်စောနဲ့ မြေဩဇာတွေ ပုံအောကျွေးနေမယ်ဆိုရင် မဝေးတော့တဲ့ အချိန်အတွင်းမှာ ဒီမီးစုန်းဒြပ်စင်တွေဟာ အပြီးတိုင်ကုန်ဆုံးသွားနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
ဖော့စ်ဖောရက်စ်ရင်းမြစ်တွေ အများဆုံးကုန်ဆုံးရမှုဟာ လူဦးရေတိုးပွာလာမှုတွေ ကြောင့်လဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေတွေ တစ်နေ့ထက် တစ်နေ့ ထူထပ်များပြားလာတာနဲ့အမျှ အစာရင်းမြစ်တွေကလဲ ပိုမိုလိုအပ်လာနေတာပါ။ အဲဒီ တိုးမြင့်လာတဲ့ ပမာဏကို ကာမိဖို့ကလဲ အစားအစာထုတ်လုပ်မှုလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်နေကြရပါတယ်။ ဖော့စ်ဖောရက်စ်တွေဆိုတာ အဲဒီ ကမ္ဘာ့အစားအစာ ထုတ်လုပ်မှုတွေအတွက် အတော်လေး အရေးကြီးတာမို့ တကယ်လို့သာ အဲဒီဒြပ်စင်တွေ ကုန်ဆုံးသွားရင် ဘယ်လိုဖြစ်မလဲ . . .?၊ ဖော့စ်ဖောရက်စ်ရင်းမြစ်တွေကို ထိန်းသိမ်းနိုင်မဲ့ နည်းရောရှိလား . . .?။
ဖော့စ်ဖောရက်စ်တွေဆိုတာ သက်ရှိတိုင်းရဲ့ အသက်ဇီဝိန်ဖြစ်တည်မှုအတွက် အင်မတန့် အင်မတန်ကို အရေးပါတဲ့ အခြေခံအုတ်မြစ်တစ်ရပ်ပါ။ ကျွန်တော်တို့တွေရဲ့ ဆဲလ်တွေထဲမှာရှိတဲ့ မျိုးဗီဇ ဒီအန်အေ (DNA)၊ အာအန်အေ (RNA) နဲ့ ဆဲလ်အမြှေးပါးတွေကို ဒီဖော့စ်ဖောရက်စ် မော်လီကျူးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ဆဲလ်တွေက ထုတ်ရင်လဲ ဒီကောင်လေးတွေက ပါရပြန်တယ်။ မိုက်တိုကွန်ဒြိယ (Mitochondria) ကနေ ထုတ်တဲ့ အေတီပီ (ATP) ခေါ် စွမ်းအင်မော်လီကျူးလေးတွေဟာ ဒီဖော့စ်ဖိတ်တွေကို အခြေခံပြီး ဖွဲ့စည်းထားကြတာပါ။
(အဓိပ္ပါယ် ဖြည့်စွက်ချက်။ ။ ဖော့စ်ဖောရက်စ်လို့ ပြောတာထက် ‘ဖော့စ်ဖိတ် – Phosphate’ ဆိုရင် ပိုပြီး သင့်တော်ပါလိမ့်မယ်။ အကြောင်းက ဖော့စ်ဖောရက်စ်တွေကို သဘာဝမှာ သီးသန့်အနေနဲ့ မတွေ့နိုင်လို့ပါ။ ဖော့စ်ဖောရက်စ်ဆိုတာ ဒြပ်စင်ဖြစ်ပြီး ဖော့စ်ဖိတ်ကတော့ ဖော့စ်ဖောရက်စ်နဲ့ အောက်စီဂျင်ပေါင်းနေတဲ့ လျှပ်မ,ဓာတ်စီးဒြပ်ပေါင်း (Anion Compound) ပါ။ ဆောင်းပါးမှာတော့ နှစ်မျိုးစလုံးကို သင့်လျော်သလို သုံးစွဲသွားပါမယ်။)
အစာကွင်းဆက်ရဲ့ အခြေခံဖြစ်တဲ့ အပင်တွေဟာ သူတို့ရဲ့ အပင်ဆဲလ်တွေ ကွဲပွားများပြားဖို့အတွက် ဖော့စ်ဖောရက်စ်ကို အဓိက လိုအပ်ပါတယ်။ ဆဲလ်ကွဲပွားတယ်ဆိုတာ တစ်နည်းပြောရရင် ကြီးထွားဖို့ပေါ့။ အပင်ဆဲလ်တွေမှာသာ လိုအပ်တဲ့ ဖော့စ်ဖောရက်စ်ဓာတ် မရှိနေရင် ကြီးထွားမှုရပ်သွားပြီး အရွက်တွေ မွဲခြောက်ခြောက်ဖြစ်တတ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးအခေါ်အရဆိုရင် အပင်အထွက်နှုန်း မတိုးတော့ဘူး၊ သီးနှံအရွယ်မကြီးတော့ဘူးဆိုတာတွေပေါ့။
အပင်တွေက သူတို့ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို မြေဆီလွှာက တစ်ဆင့် ရကြပါတယ်။ ဖော့စ်ဖောရက်စ်လဲ အပါအဝင်ပေါ့။ ဖော့စ်ဖောရက်စ်တွေက အပင်တွေ သေဆုံးပြီး ပျက်စီးတဲ့အခါမှာ မြေကြီးထဲကို သဘာဝအတိုင်း ပြန်ရောက်သွားကြတယ်။ ဓာတုဗေဒသမားတွေ သိတဲ့ ‘မီးစုန်းသံသရာ’ ဆိုတာ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်တာပါ။ ဒီနည်းအားဖြင့်ပဲ ဖော့စ်ဖောရက်စ်ဒြပ်တွေက ကမ္ဘာပေါ်မှာ မျှခြေဖြစ်နေရတယ်။
ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးတွေ လုပ်တဲ့အခါကျတော့ မတူတော့ဘူး။
လယ်ယာတွေမှာ ကြီးထွားတဲ့ အပင်တွေဆိုတာလဲ သဘာဝပင်တွေလိုပဲ မြေဆီလွှာကိုပဲ အားကိုးအားထားပြု ရှင်သန်ရတာပေါ့လေ။ ဒါပေမဲ့ အဲဒီလယ်ယာတွေ ရိတ်သိမ်းတဲ့အချိန်တိုင်းမှာ အပင်တွေထဲမှာရှိနေတဲ့ ဖော့စ်ဖောရက်စ်တွေက မြေကြီးထဲကို ပြန်မရောက်နိုင်တော့ဘဲ ဖယ်ရှားခံလိုက်ရတယ်။ ဒီရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကိုက စားသုံးမဲ့သူတွေဆီ ပြန်တင်ပို့ရမှာကိုး။
အဲဒီအခါကျတော့ သူ့ရဲ့ နဂိုမူလသဘာဝကွင်းဆက်က ယိုယွင်းသွားပြီး မြေဆီလွှာတွေထဲက စုပ်ယူခံလိုက်ရတဲ့ ဖော့စ်ဖောရက်စ်တွေဟာ သူ့နေရာသူ ပြန်မရောက်နိုင်တော့ဘူး။ အဲဒီကောက်ပဲသီးနှံတွေကို လူတွေက စားကြတယ်။ ပြီးရင် စားတဲ့ထဲ ပါနေတဲ့ ဖော့စ်ဖောရက်စ်ဓာတ်တွေကို ခန္ဓာကိုယ်ကနေ အညစ်အကြေးအဖြစ် ပြန်လည်စွန့်ပစ်တာပါ။ ဒီတော့ ဖော့စ်ဖောရက်စ်တွေက မိလ္လာစနစ်တွေထဲကို အညစ်အကြေးတွေနဲ့ ရောပြီး ရောက်သွားတယ်ပေါ့။
ဟိုးအရင်တုန်းက လယ်သမားတွေကတော့ မြေဆွေးတွေ၊ လူ့မစင်တွေကို မြေဆီလွှာထဲ ရောပြီး သဘာဝနည်းနဲ့ အပင်တွေ ဖော့စ်ဖောရက်စ် ဓာတ်ရအောင် လုပ်ကြပါတယ်။ လူတွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေ၊ အသားငါး အသီးအနှံ စားကြွင်စားကျန်တွေနဲ့ တခြား အော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေကို မြေဩဇာအဖြစ် သုံးပြီး စိုက်ပျိုးရေးလုပ်ကြတာပေါ့။ ခုချိန်ထိလဲ အဲဒီလိုလုပ်သူတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ ၁၉ ရာစုလယ်လောက်က စလို့ ကမ္ဘာ့လူဦးရေ အဆမတန် များပြားလာတာနဲ့အတူ အစားအစာလိုအပ်ချက်တွေကလဲ အင်မတန်မြင့်လာတာမို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ မီးစုန်းဓာတ်မြေဩဇာတွေကို ပြောင်းလဲသုံးစွဲခဲ့ကြရပါတယ်။ အဲဒီလို သုံးနိုင်ဖို့အတွက်ကိုလဲ ဖော့စ်ဖောရက်စ်မိုင်းတွေ အများကြီးတည်ပြီး တူးထုတ်နေကြရတာကြောင့် နှစ်စဉ် ကမ္ဘာနဲ့အဝှမ်း ဖော့စ်ဖောရက်စ် ဒြပ် သုံးစွဲမှုပမာဏက တန်သန်း ၁၅၀ ဝန်းကျင်လောက်ကို ရှိတာပါ။
ဖော့စ်ဖောရက်စ်တွေကို ဓာတ်ခွဲခန်းထဲမှာ ထုတ်လို့ မရဘဲ ဖော့စ်ဖိတ်ကျောက်လို့ ခေါ်တဲ့ သဘာဝကျောက်တစ်မျိုးကနေပဲ သူ့ကို တွေ့နိုင်တာပါ။ ကမ္ဘာပေါ်မှာရှိသမျှ ဖော့စ်ဖိတ်ကျောက်တွေ အကုန်လုံးကို စုပြီး အဲဒီ့ကနေ ဖော့စ်ဖောရက်စ်ထုတ်မယ်ဆိုရင် ၆၈ ဘီလျံ တန်ချိန်လောက် ပျမ်းမျှရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အဲဒီပမာဏက ကမ္ဘာနဲ့အဝှမ်းမှာ မျှမျှတတ ဖြန့်ကျက်တည်ရှိနေတာမျိုးတော့ မဟုတ်ပါဘူး။ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေအရလဲ ထုတ်ဖို့ မလွယ်ကူနေဘူးပေါ့။
မီးစုန်းဓာတ်မြေဩဇာလို့ခေါ်တဲ့ ဖော့စ်ဖောရက်စ်မြေဩဇာတွေကို အပေါ်မှာပြောခဲ့သလို ဖော့စ်ဖိတ်ကျောက်တွေ တူးဖော်ရင်းကနေ ထုတ်ရပါတယ်။ ရလာတဲ့ ကျောက်သတ္ထုကြမ်းတွေကို ဆာလဖျူရစ်အက်စစ်လို အက်စစ်အပြင်းတွေ သုံးပြီး ဒြပ်တွေကို ပြုပြင်အသွင်ပြောင်းတယ်ပေါ့လေ။ ‘Treat’ လုပ်တယ်လို့ ဓာတုဗေဒမှာ ခေါ်ပါတယ်။ ပြီးတော့မှ မြေဩဇာအဖြစ် ပြောင်းတယ်ပေါ့။ (အဲဒီလိုလုပ်ရင်း ရလာတဲ့ ကျောက်သားအကျေအမွတွေကိုလဲ မြေဩဇာအဖြစ် သုံးလေ့ရှိပါတယ်။)
ကမ္ဘာပေါ်မှာ ဖော့စ်ဖောရက်စ် အရင်းအမြစ်ပမာဏ အများဆုံးရှိတဲ့ နိုင်ငံက မော်ရိုကိုပါ။ တစ်ကမ္ဘာလုံးမှာ ရှိသမျှ ဖော့စ်ဖောရက်စ် ရင်းမြစ်တွေအားလုံးပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းက မော်ရိုကိုမှာ ရှိနေပါတယ်။ တခြား တရုတ်တို့၊ ရုရှားတို့အပါအဝင် တောင်အာဖရိကနိုင်ငံတွေ၊ ဂျော်ဒန်၊ အီဂျစ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာလဲ ဖော့စ်ဖောရက်စ်ထွက်ပေမဲ့ ပျမ်းမျှ သုံးရာခိုင်နှုန်းလောက်ပဲ ရှိကြတာပါ။ မော်ရိုကိုက ဖော့စ်ဖောရက်စ်တွေ အများကြီးရှိနေပေမဲ့ လက်ရှိပြည်တွင်းနိုင်ငံရေး အခြေအနေအရ မထုတ်နိုင်တာကြောင့် ဖော့စ်ဖောရက်စ်ထုတ်လုပ်မှု အများဆုံးနိုင်ငံတော့ မဟုတ်ပါဘူး။
တကယ်တမ်း ဖော့စ်ဖောရက်စ်ကို အဓိကထုတ်နေတာက ဇာတ်လိုက်ကျော်ကြီး တရုတ်ပါ။ ဒါပေမဲ့ တရုတ်ကလဲ အခုနှုန်းအတိုင်းသာ ဆက်ထုတ်နေမယ်ဆိုရင် နောက် ၃၅ နှစ်အတွင်း ရှိသမျှဖော့စ်ဖောရက်စ်တွေ အကုန်ပြောင်မဲ့ အခြေအနေမှာ ရှိနေပါတယ်။ တရုတ်လိုပဲ အမေရိကန်ကလဲ နောက် နှစ် ၃၀ စာလောက်ပဲ ကျန်တော့တာပါ။ ဒီခန့်မှန်းချက်တွေက ၂၀၀၉ ခုနှစ် သုတေသနကနေ မှီငြမ်းထားတာပါ။ အခုပိုစ့်တင်တဲ့အချိန်ဆိုရင် ပိုလို့တောင် နည်းနေပါပြီ။
မီးစုန်းဓာတ်တို့ ကွန့်မြူးချိန် (Peak Phosphorus) ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးတဲ့သူ ရှိလိမ့်မယ်ထင်ပါတယ်။ အပေါ်မှာ ပြောတဲ့ ၂၀၀၉ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် အပြောင်းအလဲ သုတေသနမှာ မိတ်ဆက်ခဲ့တဲ့ ဝေါဟာရပေါ့။ အဲဒီ့ မီးစုန်းဓာတ်တို့ ကွန့်မြူးချိန်ဆိုတာ တကယ့် တန်းဝင်အဆင့်မီတဲ့ ဖော့စ်ဖောရက်စ်တွေ ထုတ်လုပ်နိုင်တဲ့ အခြေအနေ နောက်ဆုံးအဆင့်ကို ရောက်သွားမဲ့ ကာလကို ဆိုလိုတာပါ။ သုတေသနမှာတော့ အဲဒီအချိန်ဟာ လာမဲ့ ၂၀၃၃ ခုနှစ် ဖြစ်တယ်လို့ ဖော်ပြထားတယ်။
အဲဒီ့ကာလကို ကျော်လွန်သွားတာနဲ့ ဖော့စ်ဖောရက်စ်ထုတ်လုပ်နိုင်စွမ်းက အတော်လေး လျော့ကျသွားတော့မှာဖြစ်သလို ထုတ်နိုင်မဲ့ ဖော့စ်ဖောရက်စ်တွေကလဲ အခုထုတ်နေသလို အရည်အသွေးမျိုး မရတော့ဘူးပေါ့။ ပြီးရင် အဲဒီဖော့စ်ဖောရက်စ်တူးဖော်မှုအတွက် သုံးရတဲ့ ကုန်ကျစရိတ်ကလဲ ပြန်ရမဲ့ အကျိုးအမြတ်ထက် အဆမတန်များသွားမယ်လို့ ဆိုပါတယ်။ ဒီတော့ ထုတ်လုပ်မှုနှုန်းလျော့သွားမှာနဲ့ ထုတ်နိုင်ရင်တောင် မြေဩဇာဈေးတွေ အဆမတန်များလာမဲ့ အခြေအနေမှာ ရှိတာပေါ့။
လက်ရှိတူးဖော်နေသမျှ ဖော့စ်ဖိတ်ကျောက်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို အစားအစာထုတ်လုပ်ရေးတွေမှာ အဓိက သုံးပါတယ်။ ဒီနှုန်းအတိုင်းသာ ဆက်သုံးနေမယ်ဆိုရင် နောင်လာမဲ့ နှစ် ငါးဆယ်၊ တစ်ရာအတွင်းမှာတင် ကမ္ဘာပေါ်မှာ ရှိသမျှ ဖော့စ်ဖောရက်စ်ရင်းမြစ်တွေအကုန် ကုန်သွားနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ တိုးမြင့်လာတဲ့ လူဦးရေ၊ ပိုပြီးလိုအပ်လာတဲ့ အစားအစာတွေကြောင့် ဖော့စ်ဖောရက်စ်လိုအပ်ချက်ကလဲ တစ်နေ့တစ်ခြား တိုးပွားလာနေတာပါ။ ဒီလိုနဲ့ ခန့်မှန်းထားတာထက် ပိုနီးတဲ့ အချိန်အတွင်းမှာတင် ဖော့စ်ဖောရက်စ်တွေ အကုန်ပလုံသွားနိုင်တဲ့ အနေအထားရှိပါတယ်။
ဖော့စ်ဖောရက်စ်တွေက အစားအစာတွေ ဆက်ထုတ်လုပ်နေဖို့အတွက် သေချာပေါက်ကို လိုပါတယ်။ သဘောက မရှိရှိတဲ့ နည်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဖော့စ်ဖောရက်စ်ကို ရေရှည်သုံးနိုင်အောင် လုပ်ရမှာပါ။ လိုအပ်မှုနဲ့ ထောက်ပံ့မှု၊ ထုတ်အားနဲ့ သုံးအား၊ စီးပွားရေးအရဆိုရင်တော့ ဝယ်လိုအားနဲ့ ရောင်းလိုအား – Supply နဲ့ demand . . . . အဲဒီ့လိုတစ်ဖက်ဖက်ကနေတော့ ဒီပြဿနာကို ဖြေရှင်းလို့ ရနိုင်ပါတယ်။
နမူနာအနေနဲ့ လိုအပ်ချက်ကို ထောက်ပံ့မဲ့ဘက်၊ ဖော့စ်ဖောရက်စ်ကို ထုတ်လုပ်မဲ့ဘက်ကဆိုရင် အဲဒီဖော့စ်ဖောရက်စ်နေရာကို ဝင်နိုင်မဲ့ တခြားသဘာဝအရင်းအမြစ်တွေကို ရှာဖွေသုတေသနလုပ်လို့ ရနိုင်မယ်။ ပြီးရင် ဖော့စ်ဖောရက်စ်တွေကို မိုင်းတူးထုတ်တဲ့ အပိုင်းမှာလဲ ထိုက်သင့်သလောက် ထိန်းသိမ်းပြီး ဖော့စ်ဖောရက်စ်တွေ အကုန် ကုန်မသွားအောင် သက်တမ်းဆွဲဆန့်လို့ ရနိုင်ပါတယ်။
အဲဒီဘက်နဲ့ မတူတဲ့ ဖော့စ်ဖောရက်စ်ကို လိုတဲ့ဘက်ခြမ်းမှာဆိုရင်တော့ ဖြေရှင်းနည်းတွေ ရှိတယ်။ အဲဒီထဲက တစ်ခုက လယ်ယာတွေမှာ ဓာတ်မြေဩဇာအသုံးပြုတဲ့နှုန်းကို လျှော့ချပစ်လိုက်ဖို့ပါ။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဟာ သီးနှံပမာဏတွေ၊ အရွယ်အစားတွေနဲ့ ကြီးထွားနှုန်းတွေ ကောင်းစေဖို့ဆိုပြီး ဓာတ်မြေဩဇာတွေကို အဆမတန်သုံးကြပါတယ်။ သဘာဝမြေဆီလွှာကို အားကိုးအားထားပြုပြီး ဓာတ်မြေဩဇာတွေကို အထောက်အပံ့အနေနဲ့ပဲ အသုံးပြုတာမျိုး မဟုတ်တဲ့အခါမှာ မလိုအပ်တဲ့ ပိုလျှံဆုံးရှုံးမှုတွေ ဖြစ်စေတာပေါ့။
မြင်သာအောင်ပြောရရင် လက်ရှိ စိုက်ပျိုးရေးတွေမှာ သုံးနေသမျှရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကပဲ သီးနှံတွေ ကြီးထွားဖွံ့ဖြိုးဖို့ရာ အမှန်တကယ်လိုအပ်တာပါ။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းလောက်က လယ်ကွင်းတွေရဲ့ ရေထုတ်စနစ်တွေထဲ ပါသွားပြီး အလဟဿဖြစ်ရပါတယ်။ ဒါ့အပြင် အဲဒီဖော့စ်ဖောရက်စ် ပါဝင်မှု အဆမတန်များနေတဲ့ မြေတွေ မြေအောက်ထဲ စိမ့်ဝင်တဲ့အခါမှာ မြေအောက်ရေ အရင်းအမြစ်ပါ ထိခိုက်ရပြန်တာပေါ့။
တကယ်လို့သာ တောင်သူလယ်သမားတွေ မီးစုန်းဓာတ်မြေဩဇာကို ပမာဏလျှော့သုံးပြီး သီးနှံစားပင်တွေ မျိုးစပ်စိုက်ပျိုးတဲ့အခါမှာလဲ ဖော့စ်ဖောရက်စ် စုပ်ယူစားသုံးမှု အားကောင်းတဲ့ အပင်မျိုးစိတ် မျိုးကွဲတွေကို စပ်နိုင်မယ်ဆိုရင်တော့ အတော်လေး အဆင်ပြေလာနိုင်ပါတယ်။ ဒီလိုဆိုရင် အထွက်နှုန်းလဲ တိုးမဲ့အပြင်ကိုမှ ဖော့စ်ဖောရက်စ်တွေလဲ ပမာဏအများကြီး အလဟဿမဖြစ်ရတော့ဘူးပေါ့။
အဲဒီလိုနည်းတွေအပြင်ကိုမှ ဖော့စ်ဖောရက်စ်တွေကို ပြန်အသုံးပြုနိုင်တဲ့ နည်းတွေလဲ ရှိပါတယ်။ အပေါ်ဘက်မှာ ပြောခဲ့သလို တချို့စိုက်ခင်းတွေက သီးနှံတွေက တိရစ္ဆာန်မွေးမြူရေးတွေမှာ သုံးဖို့ ရည်ရွယ်ပြီး စိုက်ကြတာမို့ အပင်တွေ ရိတ်သိမ်းတဲ့အခါ တချို့တစ်ဝက်က မြေဆီလွှာထဲ ပြန်ရောက်ပြီး တိရစ္ဆာန်တွေကို ကျွေးရာမှာလဲ အဲဒီကထွက်တဲ့ အညစ်အကြေးတွေကို မြေဆီဩဇာအဖြစ် ပြန်သုံးလို့ ရတာမျိုးပေါ့။
ဒါပေမဲ့ ဖော့စ်ဖောရက်စ်ဓာတ်ကြွယ်ဝပြီးသား မြေဆီလွှာတွေကျတော့ နဂိုကတည်းကမှ လုံလောက်ပြီးသားကို မြေဆီဩဇာတွေ ထပ်ဖြည့်တင်းလိုက်တဲ့အခါမှာ ဖော့စ်ဖောရက်စ် ပိုလျှံမှုတွေဖြစ်လာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်ပြန်ပါတယ်။ အပြန်အလှန်အနေနဲ့ ဖော့စ်ဖောရက်စ်ပမာဏနည်းတဲ့ ဒေသတွေမှာကျတော့ ဓာတ်မြေဩဇာ အကူအညီကို လျှော့ပြီး စွန့်ပစ်ဒြပ်တွေကို မှီခိုစိုက်ပျိုးမယ်ဆိုရင် လိုအပ်တဲ့ ဖော့စ်ဖောရက်စ်ဓာတ်ကို မရဘဲ သီးနှံအထွက်နှုန်း ကျသွားနိုင်ပြန်တယ်။ ဒီ့အတွက်ကြောင့် သဘာဝမြေဩဇာတွေကို သုံးတဲ့နေရာမှာ အခြေအနေတွေ အများကြီး ထည့်တွက်ရပြန်တာပေါ့။
ကျွန်တော်တို့လူတွေကလဲ စားတဲ့အစားအစာတွေထဲ ပါလာတဲ့ ဖော့စ်ဖောရက်စ်ဓာတ် ၁၀၀ ရာခိုင်နှုန်းနီးပါးကို အညစ်အကြေးတွေနဲ့ ရောပြီး စွန့်ထုတ်ပစ်လေ့ရှိတယ်။ အဲဒီစွန့်ထုတ်လိုက်တဲ့ ပမာဏ အများစုက ဆီးထဲမှာပါ။ လူတွေဆီက ထွက်တဲ့ မစင်အညစ်အကြေးအများစုက မြို့ပြမိလ္လာစနစ်တွေထဲမှာတင် လမ်းဆုံးသွားတတ်ကြတယ်။
ဒီ့အတွက်ကြောင့် အဲဒီကနေ ပြန်အသုံးပြုဖို့ကိစ္စကလဲ မဖြစ်နိုင်သေးဘူးပေါ့။ လောလောဆယ် လူတွေဆီက ထွက်တဲ့ အညစ်အကြေးတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်သုံးနေနိုင်ပါသေးတယ်။ နောက်တစ်နည်းကကျတော့ လယ်ယာတွေက ထွက်တဲ့ သီးနှံအကြွင်းအကျန်တွေ၊ အပုပ်အသိုးတွေ၊ အိမ်တွေက ထွက်တဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေကို စိုက်ပျိုးရေးမှာ ဖော့စ်ဖောရက်စ်ရင်းမြစ်အဖြစ် ပြန်သုံးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့ကတော့ နှစ်ပေါင်းများစွာ ကြာအုံးမှာပါ။
ဘယ်လိုနည်းတွေပဲ ရှိရှိ လက်ရှိအချိန်ထိ ဖော့စ်ဖောရက်စ်မြေဩဇာတွေကို အစားထိုးနိုင်လောက်မှာမျိုးတော့ မရှိသေးတာ အမှန်ပါ။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ လယ်ယာစိုက်ပျိုးရေးတွေကနေ စွန့်ထုတ်ပစ်နေရတဲ့ အလေအလွင့်ပမာဏကို လျှော့နိုင်ဖို့၊ ရှိတဲ့အရင်းအမြစ်ကိုပဲ ခြိုးခြံခြွေတာသုံးနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အနီးအနားမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ရှိရင်၊ ကိုယ့်ရဲ့အသိမိတ်ဆွေတွေထဲမှာ တောင်ယာလုပ်ကိုင်သူတွေ ပါဝင်ရင် ဒီဆောင်းပါးထဲမှာ ပြောပြသွားတဲ့ အကြောင်းအရာတွေကို လက်ဆင့်ကမ်း မျှဝေပေးဖို့ တောင်းဆိုပါရစေ။ ဒီလိုနည်းတွေနဲ့ပဲ သဘာဝအရင်းအမြစ်တွေကို တတ်နိုင်တဲ့ဘက်က ကာကွယ်ပေးနိုင်ကြမှာမို့ပါ။
Cordell, D., Drangert, J., & White, S. W. (2009). The story of phosphorus: Global food security and food for thought. Global Environmental Change, 19(2), 292–305. https://doi.org/10.1016/j.gloenvcha.2008.10.009
Approaching peak phosphorus. (2022). Nature Plants, 8(9), 979. https://doi.org/10.1038/s41477-022-01247-2
Misachi, J. (2018, March 23). Countries with the largest phosphate reserves. WorldAtlas. https://www.worldatlas.com/articles/countries-with-the-largest-phosphate-reserves.html
Why phosphorus is important. (n.d.). https://www.dpi.nsw.gov.au/agriculture/soils/more-information/improvement/phosphorous