“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” ( ဧပြီလ ၁၄ရက်မှ ဧပြီ ၂၀ရက်အထိ)

Published on Apr 21, 2024

ဒီတစ်ပတ်(  ဧပြီလ ၁၄ရက်မှ ဧပြီ ၂၀ရက်အထိ)အတွင်း သင်္ကြန်တွင်းကာလမှာ စစ်ရေးအခြေအနေတွေ အနည်းငယ်ငြိမ်သက်မှု ရှိခဲ့သော်လည်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို စည်ကားမှုရှိအောင် လုပ်ခဲ့သလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း တော်လှန်သင်္ကြန်ကို ပုံဖော်ခဲ့ကြပါတယ်။ သင်္ကြန်ပြီးနောက်ပိုင်း ပြည်တွင်းမှာ ရခိုင်၊ကချင်၊ကရင်စတဲ့ စစ်မျက်နှာတွေအနက် ကရင်ပြည်နယ် မြ၀တီမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့စစ်ရေးအခြေအနေကို စိတ်ဝင်တစားစောင့်ကြည့်နေရတဲ့အခြေအနေဖြစ်ခဲ့ ပါတယ်။

ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “နိုင်ငံတော်အတိုင်ပင်ခံ၊သမ္မတနဲ့ စစ်ကောင်စီလွတ်ငြိမ်း ဘာလဲဘယ်လဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ဗိုလ်ချုပ်တွေမွေးထုတ်ရာ ပြင်ဦးလွင်စစ်တက္ကသိုလ်တိုက်ခိုက်ခံရတဲ့အကြောင်း၊ မြေပြင်ရော ဝေဟင်ပါအင်းအားသုံးပြီး မြ၀တီမြို့ကို ပြန်လည်ရယူလိုတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအပြင် သင်္ကြန်ကောက်ကြောင်း တစေ့တစ်စောင်းကို ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“နိုင်ငံတော်အတိုင်ပင်ခံ၊သမ္မတနဲ့ စစ်ကောင်စီလွတ်ငြိမ်း ဘာလဲဘယ်လဲ”

 

မြန်မာနှစ်ဆန်းတစ်ရက်မှာ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား၊အကျဉ်းသူ သုံးထောင်ကျော် လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို ထောင်ကနေ ပြောင်းရွှေ့လိုက်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေရာ ပြောင်းရွှေ​ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ CJ Platform အနေနဲ့ သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။

 

စစ်ကောင်စီ လက်ထက်မှာ အကျဉ်းသားထောင်ချီ လွှတ်ပေးတာတွေလည်း ရှိခဲ့ဖူးပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတွေကတော့ အနည်းအကျဉ်းလောက်သာ ပါဝင်ခဲ့ပါတယ်။ အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၀၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်မယ်ဆိုရင် ပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။

 

လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့သူတစ်ချို့ကိုလည်း စစ်ကောင်စီဟာ ပြန်လည်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့သူတွေအနက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်း(KBC) ဥက္ကဋ္ဌဟောင်းကို နေ့မကူးမီ ပြန်လည်ဖမ်းဆီးခံခဲ့ပါတယ်။ဒါကို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးဖို့ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

****************************************

 

“မြ၀တီမြို့ တစ်ကယ် ဆို့အောက်ပြီလား”

 

KNUနဲ့ မဟာမိတ်တွေက ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြဝတီကို သင်္ကြန်မတိုင်ခင်က ထိန်းချုပ်လိုက်ပြီးတဲ့နောက် စစ်တပ်က တပ်ကူတွေ ဖြည့်တင်းပြီး မြို့ကို ပြန်သိမ်းဖို့ ဆက်တိုက် ကြိုးစားနေပါတယ်။ သင်္ကြန်တွင်းကာလမှာ မြ၀တီမြို့အပါအဝင် အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ခဏငြိမ်နေပေမယ့် ဧပြီ ၁၉ရက် ညပိုင်းမှာတော့ မြဝတီမြို့ အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားက စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ တစ်ညလုံး တိုက်ပွဲပြင်းထန်ပြီး ဧပြီ ၂၀ရက် နံနက်ပိုင်းကစလို့ တစ်နေကုန် ညအထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် မြ၀တီမြို့ခံတွေ အများအပြား သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ကမ်းဘက်ကို ကူးပြေးလာခဲ့ရပါတယ်။  ထိုင်းနိုင်ငံမဲဆောက်ခြမ်းဘက်ထိ လက်နက်ကြီးတွေ ကျရောက်ပါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် ထိုင်းစစ်သားတွေကလည်း နယ်စပ်လုံခြုံ​ရေးအများအပြားချထားပြီး ​ကမ်းကူးစစ်ရှောင်လာတဲ့ ရဟန်းရှင်လူအများအပြားကို နေရာချထားပေးပြီး ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။

****************************************

“မမတွေပွဲကခဲ့တဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ် သင်္ကြန်အကျနေ့ည”

 

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြားစစ်ခေါင်းဆောင်တွေ သင်္ကြန် ကာလဆင်နွှဲဖို့ဆိုပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်း တနင်္ဂနွေနေ့ သင်္ကြန်အကျနေ့ည ၉ နာရီခွဲကနေ မနက် ၁ နာရီခွဲထိ ၁၀၇ မမ ရှော့တိုက်ဒုံးအမြောက်အများနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က “ပြင်ဦးလွင်မှာ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ မရှိပါဘူး။ ကျွန်တော်တို့ ပစ်မှတ်ထားပြီး တိုက်ခိုက်တာက စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေ၊ legitimate military target တွေ၊ ဥပမာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တက္ကသိုလ်တို့၊ သူတို့ရဲ့အုပ်ချုပ်မှုကဝန်ဆောင်မှုပေး နေတဲ့ရုံးတွေ၊ နောက်တခုက အကြမ်းဖက်စစ်ခေါင်းဆောင်နေမယ်လို့ ယူဆတဲ့နေရာပေါ့နော်၊ အိမ်လို့ပဲခေါ်ခေါ် ဘာပဲ ခေါ်ခေါ်ပေါ့နော်၊ အဲဒီပစ်မှတ်တွေကို Legitimate target တွေကို ကျွန်တော်တို့ဦးတည်ပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက  NUG နဲ့ PDF တွေဘက်က  တိုက်ခိုက်မှုမှာ သံဃာတော် ၂ ပါး အပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး အရပ်သားနဲ့ ဆေးရုံအဆောက်အအုံတွေကို ဦးတည် ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

 

ဒီနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ နေပြည်တော်လေတပ်၊မန္တလေး တံတားဦးလေတပ်နဲ့ မြစ်ကြီးနားလေတပ်တို့ကို တိုက်ခိုက်မှုတွေလုပ်ခဲ့သလို နောက်ဆုံး စစ်ဗိုလ်ချုပ်တွေ မွေးထုတ်ပေးရာ ပြင်ဦးလွင်စစ်တက္ကသိုလ်အထိ တိုက်ခိုက်လာခဲ့ပြီဖြစ်ပါတယ်။

****************************************

“စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ရီဗျူး”

 

စစ်ကောင်စီဟာ ဒီနှစ်သင်္ကြန်ပွဲတော်ကို သူတို့စိုးမိုးမှုရှိတဲ့ ရန်ကုန်၊နေပြည်တော်နဲ့ မန္တလေးမြို့ကြီးအပါဝင် တခြားမြို့တွေမှာလည်း စည်ကားအောင် နည်းမျိုးစုံနဲ့ ကြိုးစားစီမံဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်သင်္ကြန်ပွဲတော်ကိုလည်း လုံခြုံရေးတွေတင်းတင်းကြပ်ကြပ်နဲ့ မန္တလေးသင်္ကြန် မြို့တော်ဝန်မဏ္ဍပ်မှာဆိုရင် ပျုစောထီးတွေကိုတောင် လက်နက်တွေချပေးပြီး လုံခြုံရေးယူခိုင်းစေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ပွဲတော်ကို ပါဝင်စီးမျှောကြသူတွေလည်းရှိသလို တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း သင်္ကြန်ပွဲတော်ကို အသွင်မျိုးစုံ၊နည်းမျိုးစုံနဲ့ နေရာဒေသအစုံ တော်လှန်သင်္ကြန်ဆင်နွှဲခဲ့ကြပါတယ်။ ဒါအပြင် မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဆိုင်ကယ်အပ်ခံတဲ့နေရာ နှစ်နေရာမှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ စစ်ကောင်စီအနေနဲ့ PDFတွေဖောက်ခွဲခဲ့တာလို့ သတင်းဖြန့်ခဲ့ပါတယ်။