အမ်းတွင် ဆန်အပါအဝင် စားနပ်ရိက္ခာများ ပြတ်လပ်နေ၍ တစ်ရက် ထမင်းတစ်နပ်သာ စားရသူများရှိဟုဆို

Author ဝက်ဝံနက်
Categories
Published on Apr 20, 2024

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အဝင်အထွက်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ထား၍ ဆန်၊ ဆီ၊ ဆားအပါအဝင် အဓိက စားနပ်ရိက္ခာများ ပြတ်လတ်နေခြင်းကြောင့် တစ်ရက်လျှင် ထမင်းတစ်နပ်သာ စားနေရသူများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ဆန်လည်းပြတ်နေတယ်။ ပြီးတော့ ဆီတွေရော၊ ဆားတွေရောပြတ်နေတယ်။ တချို့အိမ်တွေဆို ခရမ်းသီးမီးဖုတ် စားနေရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 

လတ်တလော အမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ဘက်က ဆန်တစ်ပြည် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးနေကြောင်း ယင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

 

“အဲဒီတစ်သောင်းကျော်ကိုမှ တစ်အိမ်ကို တစ်ပြည်ပဲ ဝယ်လို့ရတယ်။ မိသားစုများတဲ့သူတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ တချို့ဆို ပိုက်ဆံလည်းမရှိ ဈေးကလည်းများဆိုတော့ တစ်နေ့မှ တစ်နပ်လောက်ပဲ စားရတဲ့အိမ်တွေပါရှိတယ်” ဟု ၎င်းက ပြောသည်။

 

ရခိုင်ပြည်နယ် အမ်းမြို့သို့ အဓိကကုန်စည်ပို့ဆောင်နေသော အမ်း-ပဒါန်းလမ်းကို ရက္ခိုင့်တပ်တော် (AA)က ပြည်သူများကို အသုံးမပြုရန် ပြီးခဲ့သည့်ဧပြီ ၁၂ ရက်နေ့တွင် စာထုတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်