မြဝတီ အမှတ်(၂)တံတားအနီး ပုန်းခိုနေသည့် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းအဖွဲ့ အပြီးသတ်တိုက်ခိုက်၊ ထိုင်းဘက်သို့ လက်နက်ကြီးကျမှုများရှိဟုဆို

Author လင်းနွေဦး
Categories
Published on Apr 20, 2024

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ရှိ ကုန်သွယ်ရေး အမှတ်(၂)တံတားအနီး ပုန်းခိုနေသည့် ခလရ(၂၇၅)တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ အပြီးသတ် ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း မြေပြင် ဒေသခံများနှင့် KNLA သတင်းရင်းမြစ်များထံမှ သိရသည်။

 

KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဝင်ရောက်မတိုက်ခိုက်မီ ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ ည ပိုင်းမှစတင်ကာ စစ်ကောင်စီဘက်က ဒရုန်းဖြင့်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့နံနက် ၅ နာရီ ဝန်းကျင်တွင် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

“မနေ့ည ၇ နာရီ လောက်ကတည်းက ဒရုန်းနဲ့ စပြီးဗုံးကြဲတာမျိုးလုပ်ခဲ့တယ်။ ဒီကောင်တွေက တံတားအောက်မှာတောင် ကတုတ်ကျင်းတွေ တူးထားသေးတာ။ ထိုင်းဘက်ကလည်း အဝင်မခံဘူးလေ။ ဒီမနက် အစောပိုင်းမှာ ကျွန်တော်တို့ ဝင်ဆော်တော့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီး တိုက်ပွဲပြင်းတယ်ပြောရမယ်။ ခုတော့ စီးနင်းတိုက်ခိုက်မှု အောင်မြင်သွားပါပြီ” ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform သို့ပြောသည်။

 

စစ်ကောင်စီတပ်သားများနေထိုင်ရာ နေရာများအတွင်းသို့ ဝင်ရောက်ချေမှုန်းနိုင်ခဲ့ပြီးနောက် ထိခိုက်ကျဆုံးမှု အရေအတွက်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်သားသေဆုံးသူအများအပြားရှိကြောင်း ၎င်းက ပြောသည်။

 

“သေတာကတော့ အတုံးအရုံးပဲ။ ပြေးစရာမြေမှ မရှိတော့တာလေ။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတာတွေ ရှိတယ်။ အသေးစိတ်ကိုတော့ အကြီးအကဲတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်တာကို စောင့်သင့်ပါတယ်” ဟု မြေပြင် KNLA အထူးတပ်ဖွဲ့ဝင်က ပြောဆိုသည်။

 

ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများအတွင်း လက်နက်ကြီးများပါ ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။ ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်သဖြင့် အမှတ် ၁၂ စစ်ဆေးရေးဂိတ်အနီး နေထိုင်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

 

“ထိုင်းဘက်က စစ်တပ်လည်း လုံခြုံရေးအပြည့်ချထားတယ်။ ညကတည်းက လက်နက်ကြီးကျသံတွေ မဲဆောက်ဘက်ခြမ်းကတောင် ကြားရတယ်။ ဂိတ်နားနေတဲ့ ဒေသခံထဲက အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိ ဒဏ်ရာရတယ်လည်း ကြားရတယ်။ ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေရတုန်းပါ” ဟု အသက် ၃၂ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့အနီး နေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

 

လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံပြည်သူများမှာ သောင်ရင်း(Moei)မြစ်ကမ်းနံဘေးတွင် အစုအဖွဲ့များဖြင့် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး တော်လှန်ရေးအဖွဲ့များမှ နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က မြဝတီ မြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို KNLA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်နက်မချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးသို့ ထွက်ပြေးခဲ့သည်။

 

 

ဓာတ်ပုံ – KIC