မြစ်ကြီးနားအကျဥ်းထောင်တွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးအပါအဝင် လေးဦး သေဆုံး၊ ၁၅ဦးခန့် ဒဏ်ရာရ

Author သျှစ်သျှား
Categories
Published on Apr 20, 2024

မြစ်ကြီးနား အကျဉ်းထောင်အတွင်း ဧပြီလ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုအတွင်း စစ်ကောင်စီမှ  ပစ်ခတ်နှိမ်နင်းသဖြင့် နိုင်ငံရေးအကျဥ်းသား တစ်ဦးအပါအဝင် အကျဥ်းသားလေးဦး သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ဒဏ်ရာရ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ အတည်ပြု ပြောသည်။

 

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသက်သာခွင့်ပေးခဲ့ရာတွင် တန်းတူညီမျှမှုမရှိဟုဆိုကာ အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများ အချင်းများရာမှ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြပွဲကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် အကျဥ်းဦးစီးဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟု PPNM ၏ထုတ်ပြန်ချက်အရ သိရသည်။

 

“နိုင်ငံရေးအကျဥ်းသားတစ်ဦးအပါအဝင် အကျဥ်းသားလေးဦး သေဆုံးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ အဲ့လိုသိထားပါတယ်” ဟု PPNM ၏ တာဝန်ရှိသူက ပြောသည်။

 

ပစ်ခတ်နှိမ်နင်းမှုအတွင်း သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ​ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခြင်းမရှိဘဲ စစ်တပ်အတွင်းရှိ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ပစ်ခတ်မှုအား မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် အင်အား ၇၀ ခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်အရသိရသည်။ လက်ရှိအချိန်တွင် အကျဥ်းထောင်တွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားသည်ဟု PPNM မှ သိရသည်။

 

ဓာတ်ပုံ- Google