“ဒီနှစ်သင်္ကြန်ကို တော်လှန်ရေးရဲဘော်တွေ ဘယ်လိုဖြတ်သန်းကြလဲ”

Published on Apr 15, 2024

“ဒီနှစ်သင်္ကြန်မှာ အချိန်ရမယ်ဆိုရင် ရဲဘော်တွေနဲ့အတူ မုန့်လုပ်စားဖို့ ‌စဉ်းစားထားပါတယ်။”

 

မကွေးတိုင်း ပေါက်မြို့နယ်မှ ရဲမေ တစ်ဦး

 

သင်္ကြန်ဆိုတာ မြန်မာပြက္ခဒိန်ကိုအခြေခံပြီး ကျင်းပတဲ့ မြန်မာ့ရိုးရာ ရေကစားပွဲတော်ဖြစ်တယ်။ သင်္ကြန်ရောက်ပြီဆိုတာနဲ့ ရေကစားတာအပြင် အိမ်တိုင်း၊ လူတိုင်း မုန့်လုပ်စားခြင်း၊ စတုတိသာအလှူပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုအရွယ်အဘိုး၊အဘွားတွေကို ခေါင်းလျှော်ပေးခြင်း၊ လက်သည်း၊ ခြေသည်း ညှပ်ပေးခြင်းတွေလည်း ကုသိုလ်ယူကြတာတွေရှိတယ်။ ချစ်စရာမြန်မာ့ဓလေ့ရိုးရာ ရေကစားပွဲတော်လို့မြင်မိပါတယ်။ တချို့နေရာတွေမှာဆို သံချပ်ထိုးခြင်း၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေနဲ့ ကခုန်သီဆိုတီးမှုတ်ကြတာတွေလည်း ရှိပါတယ်။

 

ဒီနှစ်သင်္ကြန်မှာ အချိန်ရမယ်ဆိုရင် ရဲဘော်တွေနဲ့အတူ မုန့်လုပ်စားဖို့ ‌စဉ်းစားထားပါတယ်။ မြို့ပေါ်တွေမှာ ပုံမှန်သင်္ကြန်နှစ်တွေကလို ပျော်ရွှင်နေကြတာကိုတော့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်လို့ပဲ မြင်ထားပါတယ်။ အဓိကအနေနဲ့ ကျွန်တော်တို့နိုင်ငံဟာ အာဏာသိမ်းခံထားရတယ်။ စစ်အာဏာရှင်စနစ် လက်အောက် ကျရောက်နေတယ်ဆိုတာ မေ့မသွားဖို့ပါပဲ။ မြို့ပေါ် အာဏာမသိမ်းခင်၊ ကိုဗစ်မတိုင်ခင် သင်္ကြန်တွေတုန်းကတော့ မနက်ပိုင်းကို ဘုန်းကြီးကျောင်းသွားတယ်။ စတုဒိသာကျွေးတဲ့နေရာ ဝိုင်းကူတယ်။ သူငယ်ချင်းတွေနဲ့စုပြီး မုန့်လုပ်စားတယ်။ နေ့လယ်ကနေ ညနေအထိ လမ်းထိပ်မှာ ရေကစားကြတယ်။ တချို့ရက်တွေဆို ကားနဲ့လျှောက်လည်တာတွေလုပ်ဖြစ်တယ်။ ဒီတော်လှန်ရေးကာလအတွင်း စကစကနေပြုလုပ်တဲ့ အယောင်ဆောင်သင်္ကြန်မှာတော့ စစ်တပ်ထောက်ခံသူတချို့နဲ့ ရောပျော်တွေကိုပဲ တွေ့ရတာမျိုးရှိတယ်။ အရင်တုန်းက လူတိုင်းပါဝင်ဆင်နွှဲပြီး ချစ်စရာကောင်းမြန်မာရိုးရာသင်္ကြန်ဟာ ခုချိန်မှာတော့ ပြည်သူ‌‌တွေရဲ့ဆန္ဒမပါဘဲ အကျည်းတန်တဲ့ စကစရဲ့ယောင်ဆောင်သင်္ကြန်လို့မြင်မိတယ်။

 

ဒီနှစ်သင်္ကြန်ကာလတွေမှာတော့ အာဏာသိမ်းခါစအချိန်တုန်းကလိုမဟုတ်ဘဲ လူအနည်းစုဟာ စကစက ပြုလုပ်တဲ့အယောင်ဆောင်သင်္ကြန်မှာ ပါဝင်ဆင်နွှဲလာတာတွေ့ရတယ်။ တော်လှန်ရေးအချိန်ကြာလာတာအမျှ တစ်ဖက်ကို စိတ်ယိမ်းယိုင်လာတာမျိုးတွေကိုတွေ့မြင်ရပါတယ်။ နောက်ဆုံးအနေနဲ့ အခုလို အဘက်ဘက်ကနေ ခက်ခဲကျပ်တည်းလာတဲ့အချိန်မှာ ကျွန်တော်တို့နဲ့အတူ တော်လှန်ရေးမှာ တတ်နိုင်သလောက်ပါဝင်ပြီး တောင့်ခံထားပေးဖို့ တောင်းဆိုချင်ပါတယ်။

****************************************

 

“ဒီနှစ်သင်္ကြန်မှာ သံချပ်နဲ့ ယိမ်းကဖို့ရှိပါတယ်။”

 

ကျောင်းသား CDM တော်လှန်ရေး ရဲဘော်တစ်ဦး

 

ဒီနှစ်သင်္ကြန်မှာ သံချပ်နဲ့ ယိမ်းကဖို့ရှိပါတယ်။ မြို့ပေါ်မှာ သင်္ကြန်ပွဲတွေ ပျော်ကြတာကတော့ ပြောရခက်ပါတယ်။ သင်္ကြန်သီချင်း၊ သင်္ကြန်တီးလုံး၊ သင်္ကြန်မဏ္ဍပ်ဆိုတာက ကျွန်တော်တို့အရိုးစွဲ ခံစားမှုရသတွေပါ။ ဒါကြောင့် ဒီကိစ္စကို မှတ်ချက်ပေးလေ့မရှိပါဘူး။ အခု တောထဲရောက်တဲ့သင်္ကြန်ကတော့ တကယ့်အနှစ်သာရပေါ့။ လူထုက သင်္ကြန်ကိုစိတ်ဝင်စားမှုအပြည့်ရှိတယ်။ အဲဒီအချိန် ကျွန်တော်တို့က တော်လှန်ရေးအခြေအနေတွေ သံချပ်ထိုးတင်ပြတဲ့အတွက် အတော်လေးထိရောက်တယ်။ တော်လှန်ရေးကို အခြေပြုတဲ့သင်္ကြန်ပေါ့။

 

မြို့ရောတောရော သင်္ကြန်ကိုတော့ ‘ရေရှည်စစ်’ ဆိုတဲ့အခြေခံပေါ်စဉ်းစားပါတယ်။ ဒီလွတ်မြောက်ရေး တိုက်ပွဲဟာ သေချာပေါက်ကြာဦးမှာပါ။ ကျွန်တော်တို့တော်လှန်သောရပ်ဝန်းမှာ နေသားကျတဲ့ လွတ်လပ်မှု၊ နေသားကြတဲ့ပျော်ရွှင်မှု၊ နေသားကျတဲ့ တော်လှန်မှု၊ နေသားကျတဲ့ ကုန်ထုတ်လုပ်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ကြရမယ်လို့ မြင်ပါတယ်ဗျ။

****************************************

 

“အရင်နှစ်တွေကလည်း ဒီလိုပါပဲ ဘာမှန်းတောင် မသိလိုက်ရပါဘူး။ ဒီနှစ်လည်း ထူးမခြားနားပဲ ဖြစ်နိုင်ပါတယ်။”

 

ပဲခူးတိုင်းအနောက်ခြမ်းမှ တော်လှန်ရေးရဲဘော် တေမိ

 

ရိုးရာယဉ်ကျေးမှုတစ်ခုလို့ မြင်ပါတယ်။ အရင်နှစ်တွေကလည်း ဒီလိုပါပဲ ဘာမှန်းတောင် မသိလိုက်ရပါဘူး။ ဒီနှစ်လည်း ထူးမခြားနားပဲ ဖြစ်နိုင်ပါတယ်။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးတောင် အချိန်အခါနဲ့ အခြေအနေအလျောက်ပြောင်းလဲရသေးတာပဲဗျာ။ ပုံမှန်အချိန်ခါမှာ စားဝတ်နေရေးဟာ အစဉ်လိုက်ဖြစ်နိုင်ပေမဲ့ စစ်ပွဲကာလမှာ နေရေးက ပထမဖြစ်နိုင်တာပဲလေ။ ဆိုတော့ ရိုးရာယဉ်ကျေးမှုဆိုတာလည်း ဒီလိုပဲပေါ့။ လူတွေက ဆန္ဒရှိသလိုပဲ ပြုမူကြတာပါ။ အခြေနေအချိန်ခါကိုကြည့်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရင်တော့လည်း အားတက်စရာပေါ့။ ကျွန်တော့်အတွက်တော့ မထူးဆန်းတော့ပါဘူး။ ရာသီဥတုက အပူချိန်မြင့်မားတဲ့အခြေအနေဖြစ်ပေါ်နေတော့ ဘာပဲလုပ်လုပ် ကျန်းမာရေးဂရုစိုက်ကြဖို့ ပြောချင်ပါတယ်။ မြို့ပေါ်နေနေ၊ တောထဲနေနေပေါ့လေ။ ပတ်ဝန်းကျင်အခြေအနေကို သုံးသပ်ပြီး ပျော်သင့်ပျော်ထိုက်သလောက်ကိုပဲ ပျော်ကြဖို့ ကောင်းပါတယ်။