“သင်္ကြန် ကျပြီ”

Author အယ်ဒီတာ
Categories
Published on Apr 12, 2024

သင်္ကြန်ဟူသည် ကူးပြောင်းခြင်း။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်။ ထိုအကူးအပြောင်းကာလ ရက်အပိုင်းအခြားဝယ် တစ်ဦးနှင့် တစ်ဦး ရေဖြန်းပက်ခြင်းဓလေ့ဖြင့် ကျော်ဖြတ်ကြသည်။ ရေသည် အေးချမ်းခြင်း၊ လန်းဆန်းခြင်း၊ (စိတ်)အညစ်အကြေးကင်းစင်ခြင်း၊ တည်ငြိမ်ခြင်းသဘောတို့ကိုဆောင်သကဲ့သို့ ဖြန်းပက်ခံရသူတို့မှာလည်း ထိုသဘောတို့ ရစေသည်။ ထိုထက် သင်္ကြန်ရေသည် ပို၍အေးမြသည်ဟု မြန်မာအများ ယုံကြည်သက်ဝင်ကြသည်။

 

သို့သော် အတာသင်္ကြန်ရေ၏ ထိုအနှစ်သာရတို့ မခံစား၊ မတွေ့ကြုံရတော့သည်မှာ ယခုနှစ်ဆို ငါးနှစ်တိုင်ခဲ့ပေပြီ။ (၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် ၁၉ ကြောင့် သင်္ကြန်ပွဲမကျင်းပနိုင်ခဲ့ပေ။)

 

စစ်ခေါင်းဆောင်များ တိုင်းပြည်ကို မတရားအုပ်စိုးနေသော ကာလများတွင်မတော့ သင်္ကြန်ကဲ့သို့ ကောင်းမြတ်သည့်ဓလေ့စရိုက်များအပါအဝင် ကောင်းမွန်သည့်အရာများကို ပြည်သူများအနေဖြင့် ခံစား၊ ကြုံတွေ့ရဖွယ် မမြင်မိပေ။

 

ထို့ကြောင့် ယခု ၂၀၂၄ ခုနှစ် အတာသင်္ကြန်သည်လည်း ဒီမိုကရေစီလိုလားသူ ပြည်တွင်း/ပြည်ပရှိ မြန်မာနိုင်ငံသူ/သားများအားလုံးအတွက် တော်လှန်သင်္ကြန်သာ ဖြစ်နေပေလိမ့်မည်ဟု ယုံကြည်မိပါသည်။

 

တော်လှန်သင်္ကြန်ဆင်နွှဲသူများအပါအဝင် မြန်မာနိုင်ငံသူ/သားအားလုံးကို CJ Platform အနေဖြင့် သင်္ကြန်ရေမပက်ဖြန်းသော်ငြား သင်္ကြန်ရေကဲ့သို့ အေးချမ်းခြင်း၊ လန်းဆန်းခြင်း၊ (စိတ်)အညစ်အကြေးကင်းစင်ခြင်း၊ တည်ငြိမ်ခြင်းသဘောတို့ဆောင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။