မန္တလေး ပြည်ကြီးတံခွန်တွင် မီးလောင်

Author အဂ္ဂ
Categories
Published on Apr 09, 2024

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈၊ ၆၉ လမ်းနှင့် လမ်း ၁၂၀ ကြားတွင် မီးလောင်ကြောင်း ‌မီးလောင်ရာအနီးနေထိုင်သူများထံမှ သိရသည်။

 

“မီးလောင်တာက ၂ နာရီ ဝန်းကျင်လောက်ကပါ။ ဖြစ်တဲ့နေရာက ၆၈၊ ၆၉ လမ်း၊ (၁၂၀)လမ်း လောက်မှာဖြစ်မယ်ဗျ။ မီးသတ်ကား ခြောက်စီး၊ ခုနစ်စီးလောက်နဲ့ လူနာတင်ယာဉ် နှစ်စီး သွားတာတော့တွေ့လိုက်တယ်” ဟု ယင်းနေရာအနီးနေထိုင်သူတစ်ဦးက CJ Platform သို့ပြောသည်။

CJ Platform က ရရှိသည့် ဓာတ်ပုံများထဲတွင် မီးခိုးများအလုံးလိုက် တက်နေသည်ကို မြင်တွေ့ရပြီး မီးသတ်ကားများသွားလာနေသည်ကိုလည်းတွေ့ရသည်။

 

“မီးက တော်တော်များတယ်လို့ပြောရမယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

 

အဆိုပါ ပတ်ဝန်းကျင်တွင် စက်ရုံများရှိသဖြင့် စက်ရုံမီးလောင်ခြင်းဖြစ်‌နိုင်သကဲ့သို့ မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းတွင် ယနေ့ ဧပြီလ ၉ ရက်နေ့ ၁ နာရီ ၅၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် ယင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

 

သုံးမိနစ်အကြာတွင် Level 1 အဆင့်သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး မိနစ် ၂၅ ခန့်၌ မီးငြှိမ်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုဧပြီလအတွင်း မန္တလေးမြို့တွင် နေ့စဉ်ကဲ့သို့ မီးလောင်မှုများဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ နေ့စဉ်မီးသတင်းထုတ်ပြန်ချက်များအရ သိရသည်။