အင်းစိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူး မုန့်ဟင်းခါးစားနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

Author ကိုထက်
Categories
Published on Apr 09, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက် အုပ်ချုပ်ရေးမှူး ယနေ့ ဧပြီ ၉ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

 

အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးမြင့်သည် ယနေ(ဧပြီလ ၉)ရက် နံနက် ၉ နာရီအချိန်က ရုံးဘေးက မုန့်ဟင်းခါးနှင့် အသုတ်စုံဆိုင်တွင် မုန့်ဟင်းခါးစားနေစဉ် သေနတ်သမားတစ်ဦးက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပေါက်တောရပ်ကွက်နေသူတစ်ဦးက ပြောသည်။

 

“ရပ်ကွက်ရုံးနားက မုန့်ဟင်းခါးတို့၊ အသုပ်တို့ရောင်းတဲ့ဆိုင်မှာ ထိုင်စားနေတုန်း သေနတ်သံ သုံးချက်လောက်ကြားလိုက်ရတယ်။ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်သွားတော့ အပစ်ခံရတာက သူ(အုပ်ချုပ်ရေးမှူး)ဖြစ်နေတာ။ အဲဒါမီးပွိုင့်ဘန်ကာက စစ်သားတွေရောက်လာပြီး ဖုန်းတွေနဲ့ပြောဆိုကြပြီး ကားနဲ့ခေါ်သွားတာပဲ။ သေသွားတယ်။ ပွဲချင်းပြီးပဲ” ဟု ၎င်းက ပြောသည်။

 

အဆိုပါ ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စစ်တပ်အမာခံထောက်ခံသူတစ်ဦးဖြစ်ပြီး ယခုစစ်မှုထမ်းစာရင်းကောက်ယူမှုများတွင် တက်ကြွစွာဦးဆောင်ပါဝင်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

 

“စစ်တပ်အမာခံထောက်ခံသူဗျ။ စစ်မှုထမ်းဖို့စာရင်းကောက်တာတွေ၊ လူငယ်တွေကိုခေါ်ဖို့ကို တော်တော်တက်တက်ကြွကြွလုပ်တာ။ ရပ်ကွက်က လူငယ်တော်တော်များများကလည်း သူ့ကြည့်မရကြဘူး” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

 

သေနတ်ပစ်ခတ်မှုဖြစ်ပွားမှုအပြီး စစ်ကောင်စီတပ်သားများက ပေါက်တောဝမီးပွိုင့်တွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုများက သတိပေးခြင်းများ၊ ရှင်းလင်းခြင်းများ ပြုလုပ်နေသည်။

 

ပြီးခဲ့သည့် ဧပြီလ ၃ ရက်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း) ၃၀ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးခဲ့သည်။

 

 

 

ဓာတ်ပုံ – လူမှုကွန်ရက်