ရေဖြူတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ အရပ်သားပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိ

Author ကေဇက်
Categories
Published on Apr 09, 2024

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်ရှိ ရာဖူးရွာနှင့်ကျွဲတလင်းရွာကို မတ်လ(၂၉)ရက်နေ့ နေ့လယ် (၂)နာရီခန့်က စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ အရပ်သား အမျိုးသမီးတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တာယာဆိုင်တစ်ဆိုင်နှင့် ရာဘာခြံတစ်ခြံ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ စစ်ဆင်ရေးမှူး ကိုရန်နိုင်က CJ Platform သို့ ပြောသည်။

 

ဘိတ်ဘက်မှ တက်လာသော K-8Wအမျိုးအစား Jet Fighter နှစ်စင်းနှင့် မောရ၀တီမှ တက်လာသော ရဟတ်ယာဉ် တစ်စင်း စုစုပေါင်း (၃)စင်းဖြင့် ဗုံးသီး (၄၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေါနစစ်ကြောင်းမှ ရဲဘော်မိုးသီး အသက်(၃၈)နှစ်မှာ ကျဆုံးခဲ့ရကြောင်း သိရသည်။

 

“ထိတွေတိုက်ပွဲ မရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ ၊ကျွန်‌တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စကစဒေါက်တိုင်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ ၊ကင်းစခန်းတွေကို တောက်လျှောက် တိုက်ခိုက်သွားဖို့ ရှိတယ်ပေါ့နော်၊ ပြည်သူတွေအနေနဲ့ စကစရှိတဲ့နေရာတွေနဲ့ ဝေးဝေးနေကြဖို့ ပြောချင်ပါတယ်”ဟု ကိုရန်နိုင် က ပြောသည်။

 

စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့ရောင်းချနေမှု အပေါ်  နိုင်ငံတကာအနေဖြင့် ကန့်ကွက်ကြရန်နှင့် အရပ်သားများအပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်နေမှုအပေါ်  ဖိအားပေးတားမြစ်ကြစေရန် ဝိုင်း၀န်းနှိုးဆော်ပေးကြစေလိုကြောင်း ၎င်းမှ ထပ်မံပြောသည်။

 

မွန်ပြည်နယ် ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထိ အမှတ်(၈) ပြည်ထောင်စု လမ်းပိုင်းအား မတ်လ (၁၉)ရက်နေ့မှစ၍ ယနေ့(ဧပြီ ၇ ရက်နေ့)အထိ ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံ စစ်ဆေးလျှက် ရှိပြီး   ထိန်းချုပ်စိုးမိုးထားကြောင်း ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – ပေးပို့