ဟုမ္မလင်းက ပျူစောထီး ၁၂၀ ခန့် လက်နက်ချ

Author ကိုထားဝယ်
Categories
Published on Apr 08, 2024

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင် ၁၂၀ ခန့် ယနေ့ ဧပြီ ၈ ရက် နံနက် ၂ နာရီခန့်တွင် လက်နက်ချအညံ့ခံကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ထုတ်ပြန်သည်။

ပျူစောထီးရွာများဖြစ်သော ကျွန်းကုန်း၊ သောင်သွတ်၊ အင်းကြင်းမော်နှင့် မနော်သာရွာတို့မှ ပျူစောထီးများကို တော်လှန်ရေးအင်အားစုများဘက်က (၉)ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ထားပြီးနောက် (၁၀)ရက်မြောက်နေ့တွင် လက်နက်ချအလင်းဝင်ရန် တိုက်တွန်းမှုကို ပျူစောထီးအဖွဲ့ဝင်များက လက်ခံလိုက်ခြင်းဖြစ်သည်ဟု MoD က ဆိုသည်။

အမှတ်(၁)စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အထူးလှုပ်ရှားတပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင် တပ်ရင်း-၁၊ ခန္တီးခရိုင် တပ်ရင်း-၁၊ ဖောင်းပြင်မြို့နယ် ပကဖနှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့၏ ကျွန်းကုန်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၁၃၀)လက်အပါအဝင် ခဲယမ်းမီးကျောက်မျိုးစုံ သိမ်းပိုက်ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ဓာတ်ပုံ – MoD