ရန်ကုန်နှင့် နေပြည်တော်တို့တွင် အပူချိန် ၄၂ အထိမြင့်တက်နိုင်၊ ဧပြီနောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ဟု NUG ခန့်မှန်း

Published on Apr 08, 2024

မြန်မာနိုင်ငံ တောင်ပိုင်းက ရန်ကုန်နှင့် အလယ်ပိုင်းက နေပြည်တော်တို့အပါအဝင် ယင်းဒေသများတွင် အယ်နီညိုသက်ရောက်မှုကြောင့် အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုတစ်ပတ်(ဧပြီလ ၈ မှ ၁၄ ရက်နေ့အထိ)အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ကုန်ဆုံးခါနီး အယ်နီညို၏သက်ရောက်မှုကြောင့် နေ့အပူချိန်များ ၄၀၊ ၄၁၊ ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာစေနိုင်ပြီး အပူဒဏ်ခံရနိုင်ကြောင်း ဖော်ပြသည်။ သို့သော် လေပွေလှိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်နိုင်ခြေအလွန်နည်းကြောင်း ခန့်မှန်းချက်ထုတ်ပြန်သည်။

 

ထို့ပြင် တောင်ဘက်မှ ရေငွေ့ပါသောလေများသည် မြန်မာနိုင်ငံပေါ်သို့ တိုးဝင်လာနိုင်သဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းကာ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာစေနိုင်ကာ ထိုအခြေအနေများက အပူဒဏ်ကို ပြန်လည်သက်သာစေနိုင်ကြောင်း အထက်ပါဌာနက ထုတ်ပြန်သည်။

 

ယခုရက်သတ္တပတ်အတွင်း ရာသီအကူးအပြောင်းကာလတွင် မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများ၌ မွန်းလွဲနှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်ငယ်များဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာနိုင်ခြေရှိသည့်အပြင် ဧပြီလ နောက်ဆုံးပတ်အတွင်း မုန်တိုင်းငယ်များဖြစ်ပေါ်လာနိုင်ခြေရှိ
ကြောင်း ဖော်ပြထားသည်။

 

လာမည့် ဧပြီလ ၁၀ ရက်မှ နောက်ထပ် ၂ ရက်ခန့်တွင် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများဖြစ်သော တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် နေ့အပူချိန်အနည်းငယ်လျော့ကျနိုင်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသများတွင် နေအပူချိန်များ လျော့ကျနိုင်ဖွယ်မရှိသေးကြောင်း မိုးဇလပညာရှင် ဦး၀င်းနိုင်က ၎င်း၏ လူမှုစာမျက်နှာတွင် ရေးသားသတိပေးထားသည်။