“အညာနွေကို စစ်ရှောင်တွေ ဘယ်လိုအံတုနေရလဲ”
အညာဒေသဟာ မြန်မာနိုင်ငံရဲ့ အပူပိုင်း(အလယ်ပိုင်း)ဒေသဖြစ်ပါတယ်။ ဒါကြောင့် အညာလို့ဆိုလိုက်တာနဲ့ အလိုလျောက် စိတ်ထဲ ပူသလိုလိုကို ခံစားမိတတ်ကြပါတယ်။ အခုလို နွေနေပူဆို နေစရာနေရာမရှိလောက်အောင် အပူဒဏ်ကို ခံစားရလေ့ရှိကြပါတယ်။ အိမ်ထဲမှာ ထိုင်နေရင်း အလိုအလျောက်ပူနေတာမျိုးရယ်ပါ။ ဆိုတော့ အညာဒေသက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေနဲ့ ရွာစဉ်မီးရှို့၊ ဓားပြတိုက်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းရန်တို့ကို ရှောင်တိမ်းနေရတဲ့သူတွေဆိုရင် ဘယ်လောက်များ အပူဒဏ်ခံနေရပါမလဲ။ သူတို့ အပူဒဏ်ကို ဘယ်လိုရင်ဆိုင်နေရပြီး အံတုနေကြပါသလဲ။ အပူဒဏ်ကြောင့် ဘာတွေတွေ့ကြုံခံစားနေရပါသလဲ။ ဒီတစ်ပတ် CJ Platform ရဲ့ တီးတိုးသံကဏ္ဍမှာ အညာက စစ်ဘေးရှောင်ပြည်သူတွေရဲ့ အသံတွေကို ထုတ်ဖော်ထားပါတယ်။
****************************************
“ကျွန်မတို့တွေကလေ တကယ်တမ်းကျတော့ အပြင်အပူက ဝမ်းရေးအပူနဲ့ အတွင်းစိတ်အပူတွေလောက် မပူပါဘူး။”
စစ်ရှောင်အမျိုးသမီးတစ်ဦး (စစ်ကိုင်းမြို့နယ်)
ကျွန်မတို့မှာ နေစရာထိုင်စရာ မရှိတော့ပါဘူး။ သူများ ခြံတွေထဲမှာနေရင်း စားဖို့သောက်ဖို့ဆိုတာလည်း သူများတွေကပေးတာနဲ့ ကိုယ်တိုင်လည်း နီးစပ်ရာမှာ အလုပ်ရှိရင်ဖြစ်ဖြစ်၊ ကူလီလိုက်ပြီးပဲ လုပ်ကိုင်စားသောက်ရတာပေါ့။ အရင်ကတော့ အိမ်မှာပဲနေရင်း လက်ရက်ကန်းလေးခတ် အရိပ်ထဲမှာပဲလုပ်ရတာပေါ့လေ။ အရင်နှစ်ဘက်က စစ်ကြောင်းလာတော့ အိမ်ပါ မီးရှို့ခံရတော့ ရက်ကန်းစင်လေးလည်း မီးထဲပါသွားတော့ ပြန်မဝယ်နိုင်တော့ဘူးလေ။ ပြေးလာရတာမှ အဝတ်တစ်ထည်ကိုယ်တစ်ခုလေ။ ဘာမှ ယူချိန်မရဘူး။ အခုတော့ နေပူပြင်းပြင်းထဲမှာ ကိုယ့်တစ်နေ့တာ ဝမ်းရေးဖြေရှင်းနိုင်ဖို့ ကြိုးစားလုပ်ကိုင်နေရတယ်။ ကိုယ့်မှာလည်း ဒီအချိန်တခြားရွေးစရာလည်းမရှိ။ ကိုယ်ပိုင်အလုပ်ဆိုရင်တော့ နားနားနေနေလုပ်လို့ရတယ်။ သူများအလုပ်ဆိုတော့ နေပူလည်းလုပ်ရမှာပဲ။ ထမင်းစားချိန်ပဲ နားရတယ်လေ။ ဒီဘက်တွေက အရမ်းပူတယ်။ မနက် ၉ နာရီ၊ ၁၀ နာရီကနေ ညနေ နေဝင်ချိန်ထိ အပူကမလျော့ဘူးလေ။ အခုချိန် ခရမ်းချဉ်၊ ပဲကောက်၊ ကြက်သွန်တူးတာ၊ ကောက်စိုက် အစုံပေါ့လေ။ အကုန်ရရာလုပ်ငန်း ဝင်လုပ်ရတာပေါ့။ တစ်ခါတလေ အပူရှိန်ကြောင့် နေမကောင်းဖြစ်တယ်။ ဒါပေမဲ့လည်း ကိုယ်မှမလုပ်ရင် ဘယ်သူကပေးမှာကျွေးမှာလဲ။ ဟုတ်တယ်မလား။ ပေးနေကျွေးနေတဲ့သူတွေကလည်း အမြဲတမ်းလာနေမှာမဟုတ်ဘူး။ ကိုယ်က ခြေကောင်းလက်ကောင်းရှိနေတာ။ ကိုယ်တိုင်လုပ်နိုင်မှာ ဝ၀လင်လင်စားရမှာလေ။ ဒီနှစ် နွေပိုင်းရောက်လာချိန်ကလေ အတော်လေ ပူတယ်။ ပူတယ်လို့ ထိုင်ငြီးနေလို့မှမရတာ။ ကျွန်မတို့တွေကလေ တကယ်တမ်းကျတော့ အပြင်အပူက ဝမ်းရေးအပူနဲ့ အတွင်းစိတ်အပူတွေလောက် မပူပါဘူး။ နေကြီးဘယ်လောက်ပူနေနေ ဝမ်းမီးအပူထိန်းဖို့က ကိုယ်တိုင်ရှာဖွေနိုင်မှကိုအဆင်ပြေမှာ။
****************************************
“ခေါင်းတွေမူး၊ နေမကောင်း ဖြစ်တယ်။ အဲဒီလိုအချိန် ကိုယ့်အိမ်ကိုယ့်ယာလေး သတိရလိုက်တာ။ ပြန်နေချင်လိုက်တာပေါ့နော်။”
စစ်ရှောင်အမျိုးသမီးတစ်ဦး (ရွှေဘိုမြို့နယ်)
ခုနွေမှမဟုတ်ဘူး။ ဒီနှစ်နဲ့ဆို ကျွန်မတို့က ၂ နှစ်ကျော်ပြီ။ ဒီ ၂ နှစ်မှာ ရာသီတိုင်းရဲ့ ဒဏ်ခံရတာ။ မိုးဆို မိုးရာသီမလို့ နေရတာကလေ၊ မိုးမလုံ လေမလုံတော့ တစ်ခါတလေ ညပိုင်း တဲထောင့်လေးကပ်နေနေရတယ်။ ဆောင်းရောက်ပြန်တော့ မိုးကာတဲ အအေးဒဏ်ကမကာနိုင်ဘူးလေ။ ခုဆို နွေအစရှိသေး အပူဒဏ်တအားပြင်းတယ်။ နောက်နွေအလယ်ပိုင်းများရောက်ရင် နေစရာရှိမှာကိုမဟုတ်ဘူး။ ခုချိန်ကလေ နေလို့ရတဲ့အချိန်က မနက်ပိုင်းလေးပဲလေနော်။ ၉ နာရီကျော်လောက်ဆိုရင် မိုးကာကပူ၊ နေကပူ သစ်ပင်အရိပ်မှာနေနေပြန်လည်း နေ့ပိုင်းဆို လေပူထိုးတာနဲ့ နေရှိန်တာနဲ့ကို မရဘူး။ ပူတယ်။ ညဘက်လည်း နေ့အပူရှိန်ကျန်တော့ နေရထိုင်ရတာအဆင်မပြေဘူး။ ဒီရက်ပိုင်းလေး ပူတာကို အဖုအပိန့်တွေထတယ်။ နေဒဏ်ပြင်းတာကိုလေနော်။ တစ်ခါတစ်ခါကျလည်း သူ့အလိုလိုပင်ပန်းပြီး မလှုပ်ချင်တော့အောင် နွမ်းသွားတာ။ ခေါင်းတွေမူး၊ နေမကောင်း ဖြစ်တယ်။ အဲဒီလိုအချိန် ကိုယ့်အိမ် ကိုယ်ယာလေး သတိရလိုက်တာ။ ပြန်နေချင်လိုက်တာပေါ့နော်။ ဝမ်းနည်းလို့ ထိန်းမရဘူး ငိုမိတယ်။