စစ်ကောင်စီသည် အသက် (၁၃)နှစ်သာ ရှိသေးသည့် ကလေးစစ်သားများကိုပါ ရှေ့တန်းတွင် အသုံးပြုနေ ၊ ကလေးငယ်များကို မူးယစ်ဆေးဝါးတိုက်ကျွေးထားဟုဆို

Author မင်းထက်
Categories
Published on Apr 02, 2024

မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံတက္ကသိုလ်အနီး သဲဖြူဝ၊ကျောက်ကုန်းရှိ စစ်ကောင်စီ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီမှ အသက်မပြည့်သေးသည့် အသက် (၁၃)နှစ် အရွယ် ကလေးငယ်တစ်ဦးကို ကျည်ကာအပါအဝင် လက်နက်အပြည့်အစုံတပ်ဆင်ကာ စစ်မှုထမ်းစေသည့် ပစ္စည်းသက်သေ လူသက်သေများကို ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ဆက်သွယ်ရေးတာ၀န်ခံက CJ Platform သို့ပြောသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီဘန်ကာစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှ စစ်မှုထမ်းခိုင်းထားသည့် အသက်မပြည့်သည့် ကလေးငယ်များအပြင် အမျိုးသမီးများကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဖမ်းဆီးရခဲ့ပြီး ကလေးငယ်များနှင့် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ကြောင်း သေဆုံးဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားများကို လူနာတင်ယာဉ်များဖြင့် စစ်ကောင်စီတပ်မှ သယ်ဆောင်သွားခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူထံမှ သိရသည်။

 

“အမျိုးသမီးတွေကတော့  စစ်ကောင်စီတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့သူတွေပါ၊ (၁၃) နှစ်ကလေးကိုလဲ သူ့ဆီက လက်နက်သိမ်းပြီး(ကိုးလုံးသေနတ်တစ်လက်နှင့်ကျည်များ) အမျိုးသမီးတွေနဲ့အတူ လွှတ်ပေးလိုက်တယ်၊ အခြား (၁၅) ၊ (၁၆) အရွယ်ကလေးတွေလဲ ရှိတယ် ထွက်ပြေးတဲ့အထဲပါသွားတယ်၊ ခုဖမ်းထားတဲ့ ကလေးဆို ၁၈ လောက်၊ သူ့ဆီက ဆေးတွေလဲပါလာတယ်၊ သူကသူတိူ့စခန်းမီးရှို့တာကို ပျော်နေပုံရတယ် ရယ်နေတာ။ ဆေးစွဲနေတဲ့ပုံပဲ ဆေးသုံးခိုင်းပြီး ခိုင်းတဲ့ အနေအထားဖြစ်မယ်၊ ဖမ်းဆီးကြိုးတုပ်တာမျိုးမရှိဘူး ဒီတိုင်းပဲခေါ်လာတယ်။ ကောင်းကောင်းမွန်မွန် ကျွေးထားပြီး ထိန်းသိမ်းထားပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ဆက်သွယ်ရေးတာ၀န်ခံက ပြောသည်။

 

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကလေးစစ်သားများ ခေါ်ယူလက်သက်မွေးခြင်း၊ မူးယစ်ဆေးများတိုက်ကျွေးကာ စိတ်ဓာတ်ရေးရာ ဖျက်ဆီးပြီးနောက် စစ်မှုထမ်းစေနေကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၏ စိစစ်တွေ့ရှိချက်များအရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း နှင့် ညီနောင်မဟာမိတ်များဖြစ်သော မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့(တပ်ခွဲ ၄) ၊ အမေ့လက်ရုံးပြောက်ကျားတပ် ၊  မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း ၊ Anyar Federal Task Force(AFTF) ၊  justice Warriors Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ- မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း