HIV/AIDS အကြောင်း သိစေချင်လို့ . . .

Author ဇက်
Categories
Published on Mar 31, 2024

HIV နဲ့ AIDS လို့ ပြောလိုက်တာနဲ့ အတော်များများက အဲဒီနှစ်ခုကို တူတူပဲလို့ ပြေးမြင်ကြတာ များပါတယ်။ အဲဒီလို အထင်အမြင်လွဲမှားတာတွေကနေ HIV ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံတာတွေ၊ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်တာတွေကလဲ လက်ရှိအချိန်ထိ ရင်နာနာနဲ့ ရှိနေဆဲပါ။ အထူးသဖြင့် အခြေခံကျန်းမာရေးအသိ ခေါင်းပါးအားနည်းတဲ့ မြန်မာနိုင်ငံတွင်းမှာဆိုရင် ပိုလို့တောင် ဆိုးတာပေါ့။ ဒီနေ့တော့ CJ Platform ရဲ့ သိစေချင်လို့ ကဏ္ဍမှာ HIV/AIDS ဆိုတာ ဘာလဲ . . .၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ အပါအဝင် လူအတော်များများ အသိမှားနေကြတဲ့ အကြောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

 

HIV ဆိုတာ အားလုံးသိထားသလိုပဲ လူ့ကိုယ်ခံစွမ်းအားစနစ်ကို ကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပါ။ ဒီဗိုင်းရပ်စ်က လူ့ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ တီဆဲလ်လို့ခေါ်တဲ့ သွေးဖြူဥတစ်မျိုးကို ထိန်းချုပ်ပြီး ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ ဒီဗိုင်းရပ်စ်က ကိုယ်ခံအားစနစ်ထဲမှာ ပြင်ပဝင်လာတဲ့ အန္တရာယ်တွေကို ကာကွယ်ပေးဖို့ ရှိနေတဲ့ တပ်သားတွေကို ဦးတည်တိုက်ခိုက်ပြီး အဲဒီတပ်သားတွေကို ကြားခံထားပြီး နောက်ထပ်ဗိုင်းရပ်စ်တွေ ဆက်ဆက်ပွားရင်း တစ်ပြိုင်တည်းမှာပဲ တီဆဲလ်တွေကို ဖျက်ဆီးတိုက်ခိုက်ပစ်လေ့ ရှိတာပါ။ တစ်ဖက်မှာ AIDS လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားကျဆင်းရောဂါကတော့ HIV ပိုး ကူးစက်ခံထားရပြီး လိုအပ်တဲ့ ကုသမှုမခံယူတဲ့ လူတွေကို ခေါ်ဝေါ်တဲ့ အသုံးပါ။ မြင်သာအောင်ပြောရရင်တော့ HIV ပိုးကို အပြင်းစား ကူးစက်ခံထားရပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကလဲ HIV ဗိုင်းရပ်စ်ကြောင့် အတော်လေး ထိခိုက်ယိုယွင်းနေတဲ့ ကာလရှည်ကြာ အခြေအနေကို ခေါ်ဆိုတာပေါ့။

 

ဒါဆို HIV ဘယ်လိုကူးလဲ . . .?

 

HIV ဗိုင်းရပ်စ်က လိင်က တဆင့် ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ သွေး၊ သုက်ရည်၊ အမျိုးသမီးကိုယ်က ထွက်တဲ့ အရည်၊ စအိုချွဲရည်နဲ့ မိခင်နို့ရည်တွေက တဆင့် ကူးစက်တတ်တာပါ။ ဒါပေမဲ့ တံတွေးတွေ၊ ချွေးတွေနဲ့ ကွဲရှပြတ်ရာမရှိတဲ့ အရေပြားအချင်းချင်း ထိတွေ့မိရာကနေတော့ လုံးဝ မကူးစက်နိုင်ဘူး။ ဒီ့အတွက်ကြောင့် HIV ဆိုတာ နမ်းရှုပ်တာ၊ ဖက်ပွေ့တာ၊ လက်ဆွဲနှုတ်ဆက်တာ၊ အိမ်သာအတူတူ သုံးတာနဲ့ ပန်းကန်ခွက်ယောက်တွေလို မီးဖိုချောင်ပစ္စည်းတွေ၊ အိပ်ရာတွေ အတူတူ မျှဝေသုံးစွဲရာကနေ လုံးဝ မကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီလိုဖြစ်လို့ HIV ရောဂါပိုးရှိသူနဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတာမျိုး မလုပ်မချင်း ဘယ်လိုပြဿနာမှ အထွေအထူး မရှိပါဘူး။

 

မြန်မာလူမျိုး အတော်များများ အမှတ်မှားကြသလို HIV ဗိုင်းရပ်စ်က အင်းဆက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေကနေလည်း လုံးဝမကူးစက်နိုင်ပါဘူး။ မယုတ်မလွန် HIV ရှိသူနဲ့ လိင်ပိုင်းဆိုင်ရာ နှီးနှောမှုရှိရင်တောင် အကာအကွယ်တွေ စနစ်တကျအသုံးပြုသရွေ့ ပါတနာဆီကို ကူးစက်လာနိုင်တဲ့ အခွင့်အလမ်းက နည်းပါတယ်။

 

မအင်္ဂါ (ဒါမှမဟုတ်) စအိုကို ကွန်ဒုံးအသုံးမပြုဘဲ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံတာ၊ HIV ပိုးရှိသူနဲ့ ဆေးထိုးအပ်တွေ ထိုးသွင်းပစ္စည်းတွေကို အတူတူ မျှသုံးမိတာ၊ လိင်အာသာဖြေ အရုပ်တွေ မျှသုံးမိတာနဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ရှိလို့ ကလေးဆီ ကူးစက်တာလိုမျိုး အခြေအနေတွေက တဆင့်ပဲ ရောဂါကူးနိုင်တာပါ။

 

ဒါဆိုရင် HIV မှာ ဘယ်လိုအဆင့်တွေ ရှိလဲ . . .?

 

HIV ပိုး ကူးစက်ခံထားရသူ အများစုက ကိုယ့်ကိုယ်ကိုယ် ဗိုင်းရပ်စ်ဝင်နေမှန်း မသိကြတာ များပါတယ်။ သမရိုးကျ ဖျားတာ နာတာလောက်နဲ့တင် တစ်ခန်းရပ်သွားပြီး တခြားဘာလက္ခဏာမှ မပြလို့ မသိလိုက်ရာကနေ HIV နှောင်းပိုင်းအဆင့်ဖြစ်တဲ့ AIDS ရောဂါ အဆင့်ဆီ ကူးသွားတဲ့သူတွေ ဒုနဲ့ ဒေးပေါ့။

 

Stage 1: Acute HIV infection

 

အဆင့် ၁။ ပြင်းထန် HIV ကူးစက်မှု

 

HIV ရောဂါ ကူးစက်ခံရချင်း အချိန် နှစ်ပတ်ကနေ လေးပတ်အတွင်းမှာ လက္ခဏာစပြတတ်ပါတယ်။ တချို့မှာဆိုရင် ရာသီတုပ်ကွေးလိုမျိုး အချိန်ခဏ ဖျားနာတာမျိုး ရှိပါတယ်။ ဒီဖျားနာတဲ့အဆင့်ကို ကနဦး HIV ကူးစက်မှုလို့ ခေါ်သလို ပြင်းထန် HIV ကူးစက်မှုလို့လဲ သုံးလေ့ရှိကြတာပါ။ ဒီရာသီတုပ်ကွေးဆန်ဆန် ဖျားနာတဲ့အဆင့်မှာဆိုရင် အဖျားတက်တာ၊ ချမ်းတုန်တာ၊ အဖုအပိန့်တွေ ပေါက်တာ၊ ညဘက်တွေ ချွေးထွက်တာ အပြင် ကြွက်သားနာကျင်တာလိုမျိုး လက္ခဏာတွေပါ ပူးတွဲပြလေ့ရှိပါတယ်။ အဲဒီအစောပိုင်း လက္ခဏာတွေက ရက်ပိုင်းကနေ အချိန်သတ္တပါတ်အနည်းငယ်အထိ ကြာနိုင်သလို တချို့သူတွေမှာဆို ဘာလက္ခဏာမှ မပြတာလဲ ရှိပါတယ်။

 

အဲဒီလက္ခဏာတွေ ပြရုံနဲ့တော့ HIV ပိုးရှိတယ်လို့ တပ်အပ်ပြောလို့ မရပါဘူး။ ဒါပေမဲ့ အကယ်၍ ကိုယ်က HIV ပိုး ကူးစက်ခံထားရတယ်လို့ သံသယဝင်နေတဲ့အပြင် ဒီလက္ခဏာတွေပါ ပြလာရင်တော့ ဆေးစစ်သင့်ပါတယ်။

 

Stage 2: Chronic HIV infection

 

အဆင့် ၂။ နာတာရှည် HIV ကူးစက်မှု

 

ဒီအဆင့်မှာဆိုရင် HIV က ကိုယ်ခံအားစနစ်ထဲမှာ ရှိနေဆဲပေမဲ့ ပွားတဲ့နှုန်းကတော့ အတော်လေး နည်းပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ မှီဝဲခံယူမယ်ဆိုရင် ပိုးပွားနှုန်း ပိုလို့တောင် လျော့သွားပြီး နာတာရှည် HIV ကူးစက်မှု အခြေအနေကို ပြောင်းသွားပါတယ်။ အဲဒီအဆင့်မှာ ရှိနေတဲ့ HIV ဝေဒနာရှင်တွေဆိုရင် ဒီနာတာရှည်အခြေအနေနဲ့တင် ၁၀ နှစ်၊ ၁၅ နှစ်လောက် ဘယ်လိုလက္ခဏာမှ မပြဘဲ အေးအေးဆေးဆေး ဆက်လက်နေထိုင်သွားနိုင်ပါတယ်။ တချို့တွေမှာတော့ ကိုယ်ခံအားစနစ်အပေါ် မူတည်လို့ ပိုးပွားနှုန်း ပိုမြန်လို့ ကာလတိုသွားရတာပေါ့။

 

တကယ်လို့သာ HIV ကူးစက်ခံထားရသူက ဒီအဆင့်မှာ လိုအပ်တဲ့ ဆေးဝါးကုသမှုကို ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးမယ်ဆိုရင် အဆင့်သုံးဖြစ်တဲ့ AIDS ရောဂါကို လုံးဝ မကူးနိုင်ပါဘူး။ အဲဒီလို မဟုတ်ရင်တော့ သွေးတွင်းမှာ HIV ဗိုင်းရပ်စ် ပါဝင်နေမှုနှုန်းက တိုးသထက် တိုးလာပြီး AIDS ရောဂါအဆင့်ကို ကူးသွားနိုင်ပါတယ်။

 

ဒါပေမဲ့ ရောဂါရှာတွေ့သွားလို့ စောစောကုသမှု ခံယူနိုင်မယ်ဆိုရင် ရောဂါကူးစက်ခံထားရတဲ့ ဝေဒနာရှင်အနေနဲ့ သူ့ရဲ့ ကိုယ်တွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပမာဏကို အတော်အတန်လျှော့ချနိုင်ပါတယ်။ တချို့ဆိုရင် အရှင်းပျောက်လုနီးနီး အဆင့်မှာတင် ထိန်းထားပြီး ဘဝသက်တမ်းအပြည့် ကျန်းကျန်းမာမာ နေထိုင်သွားနိုင်တာပေါ့။ အဲဒီအဆင့်ထိကို ကုသနိုင်မယ်ဆိုရင် လိင်က တဆင့် HIV ပိုးမရှိသူတွေဆီ HIV ကူးစက်နိုင်ချေကလဲ အတော်နည်းပြီး လုံးလုံးမရှိတော့တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။

 

အဆင့် ၃။ AIDS သို့ ကိုယ်ခံအားကျဆင်းရောဂါ

 

ဒီအဆင့်ကတော့ HIV ကူးစက်ခံရမှုရဲ့ နှောင်းပိုင်းဖြစ်ပြီး အပြင်းထန်ဆုံး အခြေအနေလို့ ပြောရင်လဲ မမှားပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ၊ HIV ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာရှိတဲ့ တပ်သားဆဲလ်တွေကို တိုက်ခိုက်ချေမှုန်းတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ တကယ်လို့သာ HIV ဗိုင်းရပ်စ်အနေနဲ့ သွေးတစ်ကုဗမီလီမီတာထဲမှာ ရှိတဲ့ ကိုယ်ခံအားတပ်သားဆဲလ်အရေအတွက်ကို ၂၀၀ လောက်ပဲ ကျန်တော့အောင် တိုက်ခိုက်နိုင်သွားရင်တော့ အဲဒီအဆင့်ကို AIDS ရောဂါ ဖြစ်နေပြီလို့ သတ်မှတ်ကြတာပါ။

 

ဒီ AIDS အဆင့်မှာ ဖြစ်ပေါ်တဲ့ ဖျားနာတာတွေ၊ နုံးချိပင်ပန်းတာတွေအပါအဝင် တခြားပြင်ပရောဂါ ကူးစက်မှုအားလုံးဟာ HIV ဗိုင်းရပ်စ်တွေ တိုက်ခိုက်တာခံရလို့ အားနည်းသွားတဲ့ ကိုယ်ခံအားစနစ်ကို အခွင့်ကောင်းယူပြီး ခန္ဓာကိုယ်ထဲ အစုလိုက် အပြုံလိုက် ဝင်လာကြတော့တာပါပဲ။

 

AIDS ရောဂါ လက္ခဏာတွေထဲမှာဆိုရင် ကိုယ်အလေးချိန်ကျဆင်းလာတာ၊ ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ နီမြန်းရောင်ရမ်းတာ အပါအဝင် လက်မောင်း၊ ပေါင်ခြံနဲ့ လည်ပင်းမှာ ရှိတဲ့ Lymph Gland လို့ခေါ်တဲ့ သားနံရည် သွေးရည်ကြည် အကြိတ်တွေ ရောင်ရမ်းတာ၊ ကာလကြာရှည်ဝမ်းသွားတာ၊ ပါးစပ်၊ စအိုနဲ့ လိင်အင်္ဂါတွေမှာ အနာဖုပေါက်တာ၊ အရေပြားတွေ၊ ပါးစပ်အတွင်းပိုင်းနဲ့ နှာခေါင်းတွေ၊ မျက်ခွံတွေထဲမှာ အနီ၊ အညို၊ ပန်းရောင် အကွက်တွေ ပေါ်တာတွေ ပါပါတယ်။

 

AIDS ရောဂါအဆင့်ကိုလဲ လက်ရှိပေါ်ပေါက်နေတဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ သုံးပြီး ကာကွယ်ကုသလို့ ရနေပါပြီ။ ကနဦး HIV ကူးစက်ခံရတဲ့ အဆင့်မှာတင် ဆေးဝါးကုသမှု သေချာခံယူမယ်ဆိုရင် AIDS အဆင့်ကို ကူးသွားဖို့က ရာခိုင်နှုန်း အတော်လေး နည်းပါတယ်။ ဒီတော့ တကယ်လို့ ကိုယ့်အနေနဲ့ HIV ကူးစက်ခံထားရတယ်လို့ သံသယဝင်တယ်ဆိုရင် ဆေးသာ အတတ်နိုင်ဆုံး စောစောသွားစစ်ဖို့ အကြံပြုပါရစေ။ အချိန်စောသိရလေ၊ လိုအပ်တဲ့ ကုသမှုခံယူနိုင်လေဖြစ်ပြီး လိုအပ်တဲ့ ကုသမှုကိုသာ စောစောရခဲ့မယ်ဆိုရင် အရှင်းပျောက်လုနီးနီးအထိ ထိန်းထားနိုင်တယ်ဆိုတာ သတိတရရှိစေချင်ပါတယ်။

 

ဒါဆိုရင် HIV ကူးစက်မှုကို ဘယ်လိုကာကွယ်ရမလဲ . . .?

 

နည်းတွေအများကြီး ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ HIV ရောဂါ ကူးစက်မခံရအောင် ဘယ်လိုဘယ်ပုံ ပြုမူနေထိုင်ရမယ်ဆိုတဲ့ လမ်းညွှန်မှုမျိုးကို ငယ်စဉ်ကတည်းက လိင်ကျန်းမာရေးအသိပေးအနေနဲ့ ကျောင်းတွေမှာ သင်ကြားလေ့ရှိပါတယ်။ ကြိုတင်ကာကွယ်မှုက ဖြစ်လာမှ ကုသတာထက် အများကြီး ပိုအဆင်ပြေလို့ ဒီလို ငယ်စဉ်ကတည်းက လိုအပ်တဲ့ အသိပညာတွေကို လုံလုံလောက်လောက် ပေးထားနိုင်ဖို့ လိုအပ်တာပေါ့။

 

လူအများလက်ခံထားကြသလို HIV ကူးစက်ခံရတာဟာ ရှက်ကြောက်စရာ မဟုတ်သလို ကူးစက်ခံရတယ်လို့ သံသယရှိရင်လဲ ပေါ်ပေါ်တင်တင် စစ်ဆေးမှုခံယူဖို့ မဝင့်မရဲမဖြစ်သင့်ပါဘူး။ အပေါ်မှာ ပြောသလိုပဲ HIV ကူးစက်ခံထားရရင်တောင် သွေးထဲမှာ ပါဝင်နေတဲ့ ဗိုင်းရပ်စ်ပိုးအရေအတွက်ကို မရှိသလောက် နည်းတဲ့ အခြေအနေထိ လျှော့ချကုသနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေမှာ ရှိနေတာမို့ပါ။

 

HIV ရောဂါ ကူးစက်မခံရအောင် ဒီအခြေခံနည်းလေးတွေကို သုံးပြီး ကာကွယ်လို့ ရပါတယ်။

 

၁။ ကွန်ဒုံးသုံးပါ။

 

အထိရောက်ဆုံးနဲ့ အဆင်အပြေဆုံး အကာအကွယ်နည်းစနစ်ပါ။ အလွှာပါးတာမို့ ကမ္ဘာခြားသလို မခံစားရစေတဲ့ ကွန်ဒုံးတွေလဲ ရှိနေပြီမို့ လိင်ပိုင်းဆိုင်ရာ နှီးနှောဆက်ဆံမှုတွေ လုပ်တော့မယ်ဆိုရင် အမြဲတမ်း ကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။ ပြီးရင် HIV ဆိုတာ သုက်ရည်ကြည်တွေ၊ မအင်္ဂါရည်တွေနဲ့ စအိုချွဲရည်တို့ကတဆင့် ကူးစက်နိုင်လို့ လိင်ဆက်ဆံတဲ့ အချိန်တစ်လျှောက်လုံး ဝတ်ဆင်ထားနိုင်ရင် အကောင်းဆုံးပေါ့။

 

၂။ ချောဆီသုံးပါ။

 

ချောဆီသုံးခြင်းအားဖြင့် လိင်ဆက်ဆံတဲ့အခါ ပွတ်တိုက်မှုနဲ့ ခြောက်သွေ့မှုကြောင့် ဖြစ်လာနိုင်တဲ့ စအို၊ ယောနိ ပေါက်ပြဲမှုတွေကို အတော်အတန်လျှော့ချနိုင်ပြီး ကွန်ဒုံးပေါက်ပြဲတဲ့ ပြဿနာကိုလဲ အထိုက်အလျောက် နည်းပါးစေပါတယ်။ သတိချပ်ဖို့ကတော့ ရေကို အခြေခံ ဖန်တီးထားတဲ့ ချောဆီတွေကိုပဲ သုံးသင့်ပြီး ဆီချောဆီတွေကို သုံးမယ်ဆိုရင် ကွန်ဒုံးထဲမှာ ရှိတဲ့ အဆီကို ခမ်းစေနိုင်ပြီး ပေါက်တာ ပြဲတာလို ပြဿနာဖြစ်လာနိုင်ပါတယ်။

 

၃။ ထိုးသွင်းပစ္စည်းတွေ မျှဝေသုံးတာကို ရှောင်ပါ။

 

HIV အပါအဝင် အခြားလိင်က ကူးစက်တဲ့ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့ရာအတွက် ဆေးထိုးအပ်တွေအပါအဝင် အခြားခန္ဓာကိုယ်တွင်း ထိုးသွင်းပစ္စည်းတွေကို တခြားလူတွေနဲ့ အတူ မျှဝေသုံးစွဲတာကနေ ရှောင်ပါ။ မြင်သာအောင် ပြောရရင် ဆံပင်ညှပ်တဲ့အခါ ဘရိတ်ဓားကို လဲခိုင်းတာ၊ တက်တူးထိုးတဲ့အခါ သန့်စင်ပြီးသား ထိုးအပ်ကို သုံးခိုင်းတာ၊ ဆေးထိုးအပ်တွေမှာဆိုရင်လဲ တစ်ခါသုံးတွေကို အသုံးပြုဖို့ ပြောတာမျိုုးတွေ လုပ်ပြီး အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

 

၄။ PrEp, PEP ဆေးတွေ သောက်သုံးနိုင်ပါတယ်။

 

HIV ပိုး ကူးစက်ခံထားရခြင်း မရှိပေမဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ရှိတယ်ဆိုရင် ဒီ PrEP ဆေးတွေကို အကာအကွယ်အနေနဲ့ ကြိုတင်ခံပြီး သောက်သုံးနိုင်ပါတယ်။ ဆေးပြားအနေနဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပြီး HIV ကူးစက်ခံရနိုင်ချေရှိတဲ့ တစ်ခုခုကို မလုပ်ခင်မှာ ကြိုတင်သောက်သုံးလို့ ရတာပါ။ PEP ဆေးကတော့ PrEP နဲ့ မတူဘဲ HIV ကူးစက်ခံရနိုင်တဲ့ ထိတွေ့မှုတစ်ခုခု လုပ်ပြီးတဲ့ အခြေအနေမှာ သောက်ရတာပါ။ ထိတွေ့မှုပြီးပြီးချင်း ၇၂ နာရီအတွင်း သောက်ရတာ ဖြစ်ပြီး လေးပတ်ဆက်တိုက် သောက်သုံးပေးရပါတယ်။

 

၅။ ပုံမှန်ဆေးစစ်ပါ။

 

ဆေးစစ်မှု ပုံမှန်လုပ်တာကနေလဲ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒီနည်းက HIV ပြန့်ပွားတာကို ကာကွယ်ဖို့အတွက် အသင့်တော်ဆုံး နည်းလမ်းလို့လဲ ဆေးဘက်ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားတာပါ။ Pubmed Central ဂျာနယ်က ထုတ်တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် HIV ပိုး ကူးစက်ခံထားရတဲ့ လူတစ်ဝက်ခန့်က သူတို့ကိုယ် သူတို့ ပိုးကူးစက်ခံထားရတယ်ဆိုတာကို သတိမထားမိကြဘူးလို့ ဆိုတာပါ။ ဒီ့အတွက်ကြောင့် HIV ကူး/မကူး အခြေအနေကို အစောအလျင်သိနိုင်ဖို့က အတော်လေး အရေးကြီးပါတယ်။ အဲဒီလိုသိနိုင်ဖို့ကလဲ ဆေးစစ်ကြည့်မှ ရမှာပါ။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ် အပိုင်းအခြားတုန်းကတော့ HIV/AIDS ဆိုတာ သေမင်းတမန်သဖွယ် အလွန်အင်မတန်ကြောက်ဖို့ ကောင်းတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပေမဲ့ လက်ရှိ တိုးတက်လာတဲ့ နည်းပညာအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ HIV ဆိုတာ သွေးလွန်တုပ်ကွေးလောက်တောင် အသက်အန္တရာယ်မများတဲ့ ကူးစက်မှုတစ်ခု ဖြစ်နေပါပြီ။ HIV ကို အမြစ်ပြတ်ချေမှုန်းနိုင်တယ်ဆိုတဲ့ ဆေးဝါးမျိုး လတ်တလောမှာ မရှိသေးပေမဲ့ ဆဲလ်ထဲကနေ HIV ဗိုင်းရပ်စ်ပိုးကို ခွဲထုတ်နိုင်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ ပြီးရင် အမြစ်ပြတ်လုနီးနီး ချေမှုန်းနိုင်တဲ့ ဆေးဝါးတွေကလဲ အမြောက်အမြား ပေါ်ပေါက်နေပါပြီ။

 

အဆုံးသတ်ပြောရရင်တော့ HIV/AIDS ဆိုတာ ရှက်စရာ၊ ကြောက်စရာ ကိစ္စမဟုတ်ဘဲ လူတိုင်းဖြစ်နိုင်တဲ့ ရောဂါပါ။ ကူးစက်ခံရသူတွေအနေနဲ့လဲ သာမန်လူတစ်ယောက်နဲ့ ဘာမှမကွဲဘဲ ဘဝသက်တမ်းစေ့အောင် ရှင်သန်နေထိုင်နိုင်တဲ့အပြင် တစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးစက်ဖို့ကလဲ အတော်လေး ရှားတဲ့ အခြေအနေမို့ ရွံစရာ၊ မသတီစရာအနေနဲ့ ရှုမြင်သတ်မှတ်ကြတာတွေကို တတ်နိုင်သလောက် နည်းပါးလာဖို့ လိုပါတယ်။ အချင်းချင်း ဖေးမကူညီရင်း အပြုသဘောဆောင်တဲ့ HIV ကင်းစင် ရပ်ဝန်းကို တည်ဆောက်နိုင်ဖို့က အခုဖတ်နေတဲ့ သူဆီက စမှပဲ ရမှာမို့ ဒီအကြောင်းလေးကို မိမိနဲ့ နီးစပ်သူတွေကို တတ်နိုင်သလောက် မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက်တစ်ပတ် ပြန်ဆုံတာပေါ့။