“ဒီတစ်ပတ် ကမ္ဘာကြီးဘာထူးလဲ” (မတ်လ ၂၄ မှ ၃၀ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Mar 30, 2024

ဒီတစ်ပတ်(မတ်လ ၂၄ မှ ၃၀ ရက်အထိ)အတွင်း အစ္စရေး-ဟားမက်စ် ထူးခြားသတင်းတွေ၊ ဒီတစ်ပတ်ထဲကျရောက်တဲ့ ခရစ်ယာဉ်ဘာသာဝင်တွေရဲ့ Good Friday နေ့သတင်း၊ အနုမြူဗုံးအကြောင်းရိုက်ထားတဲ့ Oppenheimer ရုပ်ရှင် ဂျပန်မှာရုံတင်တဲ့သတင်းနဲ့ အမေရိကန်က ဘော်တီမိုးတံတားကြီးကို ကုန်တင်သင်္ဘောဝင်တိုက်မိခဲ့တဲ့သတင်းတွေအပါအဝင် ထူးခြားသတင်းတွေကို ကောက်နုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“တစ်ပတ်အတွင်း အစ္စရေး-ဟားမက်စ်သတင်းများ”

 

“အမေရိကမှာဆုံကြတဲ့ ကန်နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးတွေ”

 

ရာဖာမြို့က ဟားမက်စ်တွေကို တိုက်ခိုက်နိုင်မယ့်နည်းလမ်းတွေအကြောင်း အမေရိကန်နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးတွေ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်မှာ မတ်လ ၂၆ ရက်အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 

ဟားမက်စ်ကို ချေမှုန်းရေး၊ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေ လွှတ်ရေးနဲ့ စစ်ပြေးရှောင်သူတွေ အိမ်ပြန်နိုင်မယ့်အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရာဖာမြို့က ဟားမက်စ်တပ်ရင်း လေးရင်းမှာ တပ်သားထောင်ချီရှိပြီး ရာဖာမြို့ထဲမဝင်ဘဲ ဟားမက်စ်ကို မနှိမ်နင်းနိုင်ဘူးလို့ အစ္စရေးဘက်က ပြောပါတယ်။

 

“ကုလလုံခြုံရေးကောင်စီမှာအတည်ပြုလိုက်နိုင်ပြီဖြစ်တဲ့ ဂါဇာအပစ်ရပ်ရေး”

 

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ်လ ၂၅ ရက် တနင်္လာနေ့မှာ ပထမဆုံး မဲခွဲအတည်ပြု တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်က ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာမသုံးခဲ့သလို မဲလည်း မပေးခဲ့ပါဘူး။

 

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှာ အမေရိကန်က ကြားနေခဲ့ပြီးတဲ့နောက် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအတွက် ထောက်ခံမဲ ၁၄ မဲနဲ့ တညီတညွတ်တည်း အတည်ပြုလိုက်ကြတာဖြစ်ပါတယ်။

 

“ဟားမက်(စ်)နဲ့ အပစ်ရပ်ရေး ဆွေးနွေးဖို့သဘောတူလိုက်တဲ့ နေတန်ညာဟု”

 

ဟားမက်စ်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက မတ်လ ၂၉ ရက်နေ့ သောကြာနေ့မှာ သဘောတူလိုက်ပါတယ်။

 

ဂါဇာက အငတ်ဘေးကြုံနေရတဲ့ ပါလက်စတိုင်းတွေအတွက် အရေးပေါ် လူသားစာနာမှုအကူညီပေးဖို့ ICJ နိုင်ငံတကာ တရားရုံးက အစ္စရေးကို အမိန့်ချလိုက်ပြီး နောက်တစ်နေ့မှာပဲ အခုလို အစ္စရေးဝန်ကြီးချုပ်က သဘောတူလိုက်တာပါ။

 

အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးရင် အလဲအလှယ်အနေနဲ့ ဂါဇာမှာ ထိုးစစ်ရပ်မယ်လို့ပြောတဲ့ အစ္စရေးက အခုထိုးစစ်ကို ခေတ္တရပ်ပြီး အပစ်ရပ်သဘောတူညီချက်ရဖို့ နောက်ထပ်ဆွေးနွေးမှာဖြစ်တဲ့အကြောင်း သောကြာနေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

 

“အစ္စရေးရဲ့ ရာဖာမြို့စစ်ဆင်ရေးဆိုင်းငံ့ထား”

 

အစ္စရေးရဲ့ ရာဖာမြို့မြေပြင်စစ်ဆင်ရေးကို ခဏဆိုင်းငံ့ထားပြီး အစ္စရေးနဲ့ အမေရိကန် တာဝန်ရှိသူတွေရဲ့ဆွေးနွေးပွဲကို ပြန်လည်စီစဉ်နေတယ်လို့ အိမ်ဖြူတော်က ဒီအပတ်ထဲမှာ ပြောလိုက်ပါတယ်။ အနည်းဆုံး အဲဒီအစည်းအဝေးအပြီးတဲ့အထိ စစ်မဆင်ဘူးလို့ အမေရိကန်အစိုးရက မျှော်လင့်ထားကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက မတ်လ ၂၈ ရက် ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်-အစ္စရေး အစည်းအဝေးရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ သူကဆိုပါတယ်။

 

“ဆီးရီးယားမြောက်ပိုင်းမှာ အစ္စရေးက အရှိန်မြှင့်တိုက်ခိုက်”

 

ဂါဇာဒေသမှာ အပစ်ရပ်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းနေလို့ လှုပ်မရဖြစ်နေတဲ့ အစ္စရေးတို့ ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ စစ်သွေးကြွတွေကို အရှိန်တိုးမြှင့်တိုက်ခိုက်လာပါတယ်။

 

အစ္စရေးက ပါလက်စတိုင်းရဲ့ ဂါဇာမှာရော အီရန်ပံ့ပိုးနေတဲ့ ဆီးရီးယားမြောက်ပိုင်းက လက်ဘနွန် ဟက်ဇ်ဘိုလာတွေနဲ့ အီရန်တော်လှန်ရေး အစောင့်တပ် IRGC တို့ကို တိုက်ခိုက်နေရာကနေ မတ်လ ၂၉ ရက် သောကြာနေ့ကတော့ လက်ဘနွန်မှာ လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်ပါတယ်။

 

အစ်ဒ်လစ်ဘ်နဲ့ အလက်ပိုမြို့ အနောက်ပိုင်းကို အစ္စရေးရဲ့ မနက် ၂ နာရီလောက်မှာပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အလက်ပိုက သူတို့ပစ်မှတ်အများအပြားကို ထိမှန်ခဲ့ပြီး စစ်တပ်တာဝန်ရှိသူတွေအပါအဝင် အရပ်သားအများအပြား သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောပါတယ်။

****************************************

 

“ခရစ်ယာန်ဘာသာဝင်တွေရဲ့ Good Friday နေ့ ကမ္ဘာတစ်ဝှမ်းမှာကျင်းပ”

 

ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ သတ်မှတ်ထားတဲ့ မြင့်မြတ်တဲ့နေ့ဟာ အခုပတ် မတ်လ ၂၉ ရက် သောကြာနေ့မှာကျရောက်ခဲ့ပါတယ်။

Good Friday ထူးမြတ်တဲ့သောကြာနေ့မှာ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးအခမ်းအနားတွေကို ဆင်နွှဲခဲ့ကြပါတယ်။

 

ယေရှုခရစ်တော် ကားစင်တင်ခံရပြီး သုံးရက်မြောက် တနင်္ဂနွေနေ့မှာတော့ ယေရှုရှင်ပြန်ထမြောက်တဲ့ Easter Sunday နေ့အဖြစ်လည်း ဘာသာရေး အခမ်းအနားတွေ လုပ်လေ့ရှိပါတယ်။

****************************************

 

“အနုမြူတီထွင်တဲ့ Oppenheimer ရုပ်ရှင် ဂျပန်မှာ ရုံတင်”

 

အမေရိကန်သိပ္ပံပညာရှင်တစ်ယောက်က အနုမြူဗုံးတီထွင်တဲ့အကြောင်းရိုက်ကူးထားတဲ့ အော်စကာဆုရ Oppenheimer ရုပ်ရှင်ကို အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံမှာ ဒီရက်ပိုင်းထဲ ရုံတင်ပြသနေပါတယ်။

 

အမေရိကန် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ခံတွေကတော့ ဒီဇာတ်ကားကို မနှစ်မြို့ကြပါဘူး။ အနာဟောင်းကို လာဆွနေသလိုပဲလို့ မှတ်ချက်ပေးကြပါတယ်။ တချို့ သွားကြည့်ပြီးသူအချို့ကလည်း ဗုံးဒဏ်ခံရတဲ့အကြောင်း ဇာတ်လမ်းထဲမပါဝင်လို့ သိပ်ဘဝင်မကျကြပါဘူး။

 

ဒီနှစ် အော်စကာဆုပေးပွဲမှာ ဆုအများဆုံးရရှိခဲ့တဲ့ Oppenheimer ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်ဇူလိုင်မှာထဲက ရုံတင်ပြသခဲ့တာဖြစ်ပေမဲ့ ဂျပန်နိုင်ငံမှာတော့ ခုကျမှ ရုံတင်ပြသတာပါ။ အဲဒီအချိန်က Oppenheimer နဲ့အတူရုံတင်ခဲ့တဲ့ “Barbie” ရုပ်ရှင်ကားကိုတော့ ဂျပန်မှာ အချိန်အတူနီးပါးပြခဲ့ပါတယ်။

 

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်က အမေရိကန်ပုလဲဆိပ်ကမ်းအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေအပေါ် အနုမြူဗုံးကြဲချခဲ့တဲ့အတွက် လူပေါင်း နှစ်သိန်းထက်မနည်း သေဆုံးခဲ့ပါတယ်။ အနုဗြူဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဂျပန်က လက်နက်ချ စစ်ရှုံးကြောင်း ကြေညာခဲ့ပါတယ်။

****************************************

 

“အမေရိကန်က ဘော်တီမိုးတံတားကို တည့်တည့်ဝင်တိုက်တဲ့ သင်္ဘော”

 

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာရှိတဲ့ ဘော်တီမိုးမြို့က Francis Scott Key တံတားကြီးကို ပြီးခဲ့တဲ့မတ်လ ၂၆ ရက် အမေရိကန်စံတော်ချိန် ညသန်းခေါင်ယံအချိန်မှာ ကုန်တင်သင်္ဘောကြီးက တည့်တည့်ဝင်တိုက်ခဲ့လို့ တံတားတစ်ခုလုံးပြိုကျပျက်စီးခဲ့ရပါတယ်။

 

တံတားကြီး ကျိုးမကျခင် တံတားပေါ်မှာ ဆောက်လုပ်ရေးအလုပ်သမား ၈ ဦး လမ်းပြင်နေကြတာဖြစ်ပါတယ်။ အဲဒီထဲက နှစ်ယောက်ကို နာရီပိုင်းအတွင်း ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ Pick-up ကားထဲ သေဆုံးနေတဲ့ အလုပ်သမား နှစ်ယောက်အလောင်းကိုတွေ့ရှိခဲ့ပါတယ်။ ကျန်လေးယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

 

မြစ်ကူးတံတားကြီးကို ဝင်တိုက်ခဲ့တဲ့ Dali ကုန်တင်သင်္ဘောကြီးပေါ်မှာ တန်ချိန် ၇၆၀ ကျော် အလေးချိန်ရှိတဲ့ ကွန်တိန်နာကြီး ၅၆ ခုမှာ သံချေးတက် ပျက်စီးနိုင်၊ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ lithium-ion ဘက်ထရီတွေပါဝင်ပါတယ်။

 

လတ်တလော ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဘော်တီမိုးလ်ဆိပ်ကမ်းကို ပိတ်ထားရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဆိပ်ကမ်းကနေ ပြန်မထွက်နိုင်သေးဘဲ ပိတ်မိနေတဲ့ ကုန်တင်သင်္ဘောတွေ အများအပြားရှိနေသလို ဆိပ်ကမ်းကိုလာပြီး ကုန်တင်ကုန်ချလုပ်လို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှု ကွင်းဆက်ပြတ်မယ့် အခြေအနေနဲ့ကြုံရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

 

ဝင်တိုက်ခဲ့တဲ့ကုန်တင်သင်္ဘောရဲ့ black box ဒေတာမှတ်တမ်းကို ဆယ်ယူရရှိခဲ့တဲ့အတွက် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအဆင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ကစပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါပြီ။

 

ကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကထွက်ခွာပြီး မကြာမီ တံတားကိုဝင်မတိုက်ခင် ဘာကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားလဲဆိုတဲ့မေးခွန်းကို သိရဖို့အတွက် အမေရိကန် သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးသူတွေက မျှော်လင့်ထားကြပါတယ်။