ခင်ဦးက စစ်ဘေးရှောင် မီးနေသည်
အညာဒေသ မိုးက ငြိုး၍ ပင်မပြေ။ နေ့စဥ် ရက်စက် ရွာသွန်းနေခဲ့၏။ လွန်ခဲ့သည့် နာရီပိုင်းကမှ မခင်ဦး (အမည်လွှဲ)တစ်ယောက် နေအိမ်ခန်းထဲ၌ ရှိနေခဲ့သေးသည်။
ကိုယ်ဝန်က နေ့စေ့လစေ့ဖြင့်။ ထိုနေ့ကမှ တိုက်ဆိုင် သည် ဆိုရမည်လားပင် မသိ။ မခင်ဦး မီးဖွားရန် အချိန်ခါ ကျရောက်လာခဲ့သည်။
တိုင်းရေးပြည်ရေး အခြေအနေမှာလည်း ကောင်းသည်မဟုတ်။ သဘာဝကို လွန်ဆန်ခြင်းငှာ မစွမ်းသာ၍ မခင်ဦးတစ်ယောက် သားဖွားခန်းထဲ အားတင်း ရောက်လာသည်။ စိတ်ထဲတွင်တော့ စိုး တစ်ထိပ်ထိပ်ပင်။
ရင်သွေးငယ်လေး၏ အဦးဆုံး ဟစ်ကြွေးသံကို ကြားမှပင် မခင်ဦး စိတ်ထဲ အတန်ငယ် အနားရပေတော့သည်။ အူဝဲ ဟူသည့် အသံလေးက မခင်ဦးအတွက် တော့ ဝိသကြုံနတ်သား ဖန်ဆင်းသည့် နတ်ဥယျာဥ် ထဲက ပဥ္စသိင်္ခနတ်သား တီးခတ်သည့် စောင်းသံထက် ပင် ချိုမြိန်လှသည်။
သားငယ်ကို မခင်ဦး တစ်ယောက် ကြည့်၍ပင် မဝ သေး။ ရွာထဲမှ ဆူဆူ ညံညံ အသံများ ထွက်ပေါ် လာတော့သည်။ ဤရပ် ဤရွာ ဤ ဒေသခံ မခင်ဦးအတွက် မည်သည့် အခြေအနေတွေ ဖြစ်လာမည်ကို တွက်ဆမိသွားခဲ့သည်။
လူ့လောကထဲ ရှင်သန်ရောက်ရှိလာသည်မှာ နာရီပိုင်းသာ ရှိသေးသည့် သားငယ်လေးကို မခင်ဦး ပွေ့ချီလိုက်သည်။ ကြိုတင်ပြင်ဆင်ထားသည့် အတိုင်း နွားလှည်းပေါ်သို့ တက်လိုက်၏။
မခင်ဦးတို့ အညာဒေသ၌ စစ်မီးတောက်နေခဲ့သည်မှာ တစ်နှစ်ခွဲပင်မကတော့ပေ။ ကြားလိုက် သည့်သတင်း တိုင်း လိုလို၌ ဟိုရွာဖြင့် မီးရှို့ခံရပြန်ပြီ၊ ဟို ရွာကဖြင့် လေယာဥ်နှင့် လာပစ်သွားပြန်ပြီ စသဖြင့် မခင်ဦး မကြားချင်မှ အဆုံးပင်။
ထောင်နှင့် သောင်းနှင့်ချီသည့် နေအိမ်များ မီးရှို့ခံရ သည်။ ကျေးရွာပေါင်း မည်မျှ မီးဘေးသင့်ခဲ့မှန်းပင် မခင်ဦး မတွက်ဆနိုင်တော့ပေ။
အတွေးကောင်းနေစဲ သားငယ်က လန့်၍ နိုးလာသည် ။ မိုးကလည်း မစဲ။ လမ်းခရီးကလည်း ကြမ်းလှသည် ။ အညာဒေသဖြစ်၍ သစ်ကြီးဝါးကြီး ကလည်း မရှိပေ။
ကွင်းပြောင်ပြောင် စီသာ ဦးတည်မောင်းပြေး နေရသည်။ ဘေးလွတ်ရန်သာ အဓိက။ ဘေးဘီ ပတ်ဝန်းကျင်တွင်လည်း မခင်ဦးတို့ ကျေးရွာသားများက လှည်းကိုယ်စီဖြင့် ကိုယ်စီ ပြေးလွှားနေကြသည်။
တစ်ဖြည်းဖြည်းဖြင့် သေနတ်သံ၊ ဗုံးသံများက ခပ်ပျပျတွင် ကျန်ရစ်ခဲ့သည်။ ချုံနွယ် အတန်ငယ်ဝိုင်းနေသည့် နေရာတစ်ခုကို ရွေး၍ လှည်းကို ရပ်လိုက်ကြသည်။
ထို့နောက်တွင်တော့ နွားကို ဖြုတ်တန်ဖြုတ် အစာကျွေးတန် ကျွေးဖြင့် မခင်ဦးတို့ မိသားစု မိနစ်ပိုင်းမျှတော့ အနားရရန် ကြိုးစားနေရသည်။ ကြာကြာနား၍လည်း မဖြစ်သေးပေ။
အညာဒေသ လယ်ကွင်းများထဲ မိုးရွာသွန်းပြီး ဆိုလျင် အဆိပ်ရှိ သတ္တဝါများကလည်း လှုပ်ရှားသွားလာတတ်သည်။ မိုးမမှောင်ခင်လေး ညနေစာအတွက် မခင်ဦးတို့ ပြင်ဆင်ရပေမည်။
စစ်ပြေးလာစဥ် ထည့်လာသည့် ဆန် အနည်းငယ်ကို ထုတ်၊ အိုးလေးတစ်လုံးဖြင့် ထမင်းတည်လိုက်သည်။ ထမင်းဖြင့် မပြီးသေး၊ ပါလာသည့် ငပိထောင်းဗူးဖြင့် လျှာလည်စေရန် အတို့အမြှပ် ခူးရပေဦးမည်။
နို့ချိုပင် ဝ ဝ လင် လင် မသောက်သုံးဖူးသေးသည့် သားငယ်ကို အနှီးဖြင့်ပတ်၍ မခင်ဦး မိမိကိုယ်၌ လုံခြုံစွာ ပတ်ချည်လိုက်သည်။ မှတ်၊ ခြင်များက ပေါလှသဖြင့်လှည်းပေါ် သားငယ်လေးကို တင်ထားခဲ့၍ လည်း မဖြစ်ချေ။
လှည်းပေါ်ထိုင် သားငယ်ကို နို့ချို တိုက်ရန်အတွက်လည်း လတ်တလောက ဖြင့် မဖြစ်သေး။ မိုးရွာ၍အညာ ဒေသ၌ ရေက ရသည်ဟု သတ်မှတ်၍ မရပေ။
အနီးအနား၌ လက်ယက်ရေတွင်း၊ မြေစိမ့်တွင်းလေးများ ရှာ၍ ရေကလည်း ခပ်ရဦးမည်။ ရွာမှ အရီး တစ် ယောက်ကတော့ ရေခပ်ဖို့ နေရာတွေ့ထားသည်ဟုလည်း ပြောသဖြင့် ရှာရန်တော့ မလိုတော့ပေ။ ရေလေး ခပ်ပြီးရင်ဖြင့် ဟင်းရွက်လေး ခူးကာ လှည်းစီ ပြန်ရပေမည်။
မိုးရာသီမို့ ဟင်းစားကဖြင့် မရှားလှပေ။ ဟင်းရွက် များ ခူးအပြီးမှာတော့ မခင်ဦး တစ်ယောက် အာဟာရဖြည့်ရန် ပြင်ရပေတော့မည်။ မိမိအားပြည့်မှလည်း သားငယ်လေးလည်း အားပြည့်နိုင်မည်လေ။
အိမ်နီချင်းများကတော့ မလှမ်းမကမ်း၌ လှည်းအောက် တာလပတ်လေးများကာပြီး ညနေစာ သုံးဆောင် နေကြပြီလေ။ သူတို့မြင်မှ မခင်ဦး သတိရမိသွားသည်။
တည်ထားသည့် ထမင်းအိုးထဲမှ ထမင်းများကို ချိုင့်ထဲ ပြောင်း၍ ထည့်ထားရမည်။ မည်သည့် အချိန် ပြေးရမည်ဆိုသည်က တွက်ဆ ခန့်မှန်း၍ က မရပေ။ ရုတ်တရက်ကြီးလည်း ရဟတ်ယာဥ်များ ရောက်လာလေ့ရှိသည့် အညာဒေသ ဖြစ်လာခဲ့ပြီကိုး။
ဗူးလေးထဲမှ မစိုမခြောက် ငပိဗူးလေးကိုဖွင့်ကာ ချိုင့် ထဲထည့်ထားသည့် ထမင်းကို တစ်လုပ် စားလိုက်သည်။ ထိုအခိုက် မခင်ဦး ရင်ခွင်ထဲမှ သားငယ်လေးက လူးလွန့်ကာ စူးစူးဝါးဝါး ထငိုတော့သည်။
သားငယ်လေးကို ကြည့်ကာ မခင်ဦး တစ်ယောက် စိတ်မကောင်း။ နာမည်ပင် မပေးရသေး၊ အနမ်းပင် များများ မခြွေရသေး၊ မိမိဝမ်းမှ ထွက်ခါစမှာပင် ခရီးကြမ်းနှင် ပြေးလွှားလိုက်ပါလာရသည်။
ရာသီဥတုကလည်း ဆိုးလှသည်။ အကာမရံမရှိ၊ မိုးကသည်း လေကကြမ်းဖြင့်။ အတွေးများနေ၍ လည်း မဖြစ်သေး။ သားငယ်လေ ဆာလှရော့မည်။
စားလက်စ ထမင်းကို ခဏချ။ မခင်ဦးတစ်ယောက် ချည်ထည် အင်္ကျီခပ်နွမ်းနွမ်းကို ဟ သားမြတ်ကိုလှစ်ကာ သားငယ်လေးကို နို့ချိုတိုက်ကျွေးရန် ပြင်လိုက်တော့သည်။
မိုးကဖြင့် ရွာနေစဲ၊ ခပ်လှမ်းလှမ်း ရွာထံမှလည်း သေနတ်သံများ ကြားနေရစဲ၊ မခင်ဦးတို့ သားအမိလည်း အိမ်ပြန်ရန် အလှမ်းဝေးနေရစဲပင်….။