ရွာတော်ကြီးကျေးရွာကို စစ်ကောင်စီတပ်မှ ဓားပြဝင်တိုက်

Published on Mar 26, 2024

မတ္တရာမြို့နယ် ရွာတော်ကြီးကျေးရွာရှိ ဒေသခံပြည်သူများကို စစ်ကောင်စီစစ်ကြောင်းမှ မတ် ၂၆ရက်နေ့ နံနက် ၉နာရီခန့်တွင် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ဖုန်းနှင့်ရွှေထည်ပစ္စည်းများကို လုယက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါနေ့ နံနက် ၆နာရီခန့်တွင် ရွှေချောင်းနှင့် ငယ်တိုးကျေးရွာဘက်မှ အင်အား ၆၅ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆောက်ခြုံပေါက်ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ပြီးနောက် ရွာတော်ကြီးကျေးရွာသို့ ဝင်ရောက်ကာ ဒေသခံပြည်သူများထံမှ ဖုန်းနှင့်ရွှေထည်များကို လုယက်ခဲ့ခြင်း ဖြစ်သည်။

 

“ သူတို့ပြန်ဆုတ်တဲ့အချိန်မှာ ရွာတော်ကြီးရွာကိုဝင်ပြီး မိန်းကလေးတွေကို ထိုင်ခိုင်းတယ်။ ပြီးတော့ ဖုန်းနဲ့ ရွှေထည်ပစ္စည်း လက်ဝတ်လက်စားတွေ ယူသွားတယ်လို့ သိရတယ်ဗျ”ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက ပြောသည်။

 

ထို့ပြင် မတ် ၂၃ရက်ကလည်း စစ်ကောင်စီတပ်သည် ဆိပ်သာကျေးရွာ၊ အုန်းကုန်းကျေးရွာ၊ ကွေ့ကြီးကျေးရွာ၊ ကျွဲတပ်ကျေးရွာနှင့် ကျွဲကျကျေးရွာများက နေအိမ်များကို မီးရှို့ခဲ့ပြီး ဆိပ်သာကျေးရွာမှ နေအိမ် ၄၄ လုံး၊ အုန်းကုန်းကျေးရွာမှ နေအိမ်သုံးလုံး၊ ကွေ့ကြီးကျေးရွာမှ နေအိမ် ၁၃ လုံး၊ ကျွဲတပ်ကျေးရွာမှ နေအိမ်တစ်လုံး၊ ကျွဲကျကျေးရွာမှ နေအိမ်နှစ်လုံး၊ စုစု‌ပေါင်း နေအိမ် ၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

 

ဓာတ်ပုံ- ပေးပို့

 

ပုံစာညွှန်း- ဆောက်ခြုံပေါက်ကျေးရွာရှိ မီးရှိူ့ခံရသော နေအိမ်နှင့်ပဲမှောက်တိုက်များ