မိုးပြိုချိန်ဝယ် ရှင်သန်နိုင်ဖို့ (စစ်မိစ္ဆာတွေရဲ့ ခြောက်လှန့်မှုကို ဘယ်လိုဖြတ်ကျော်မလဲ)
လက်ရှိအချိန်ဟာ မြန်မာနိုင်ငံသားတွေအတွက် အင်မတန်ခက်ခဲကျပ်တည်းနေတဲ့ ကာလဖြစ်တယ်ဆိုတာ အထွေအထူးပြောနေစရာမလိုပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက တမြေ့မြေ့တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ လောင်စာကုန်ဆီခမ်းခါနီးမီးလို အစွမ်းကုန် တောက်လောင်လာတော့တယ်။ အဲဒီစစ်မီးနဲ့အတူ ပြည်တွင်းလူငယ်တွေရဲ့ ဘဝတွေဟာလဲ ပြာကျလုနီးဖြစ်ခဲ့ရတာပေါ့။ အာဏာသိမ်းစစ်တပ်ကို တော်လှန်ပုန်ကန်ဖို့ မြေဖြူကိုင်တဲ့ကျောင်းဆရာက သေနတ်လွယ်လာရပြီး ဂျူတီကုတ်နဲ့ ဆရာဝန်မလေးက စစ်မြေပြင်ထက်မှာ အရေးပေါ်ဆေးပုံးကိုင်လာရတယ်။ အင်ဂျင်နီယာတွေက ဒရုန်းမောင်းလာပြီး နည်းပညာသမားတွေက ဆိုက်ဘာစစ်ပွဲဆင်နွှဲနေတဲ့အထိ လူငယ်တွေရဲ့ ဘဝဟာလဲ ကျပန်းဆန်ဆန် ရှင်သန်နေကြရ။ အဲဒီကျပန်းဆန်မှုတွေရဲ့ အဆုံးအစွန်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေက ရှိနေလေရဲ့။
လူငယ်တွေရဲ့ ဘဝကို လူငယ်တွေ မပိုင်တော့တဲ့အခြေအနေ၊ လူငယ်တွေရဲ့ ဘဝဟာ အုပ်ချုပ်ရေးမှူးနှိုက်ခိုင်းတဲ့ မဲတစ်ပြားအပေါ် မူတည်နေတဲ့ အခြေအနေ၊ ကျပန်းဆန်လွန်းတဲ့ အခြေအနေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ မေးခွန်းက အဖြေနတ္ထိပါ။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာ အချိန်တိုအတွင်း ပြန်အဖက်ဆယ်နိုင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေအတွက် ဖြေဆေးကတော့ အတော်ရှားရှားပါ။ ဒီတစ်ပတ် CJ Platform ရဲ့ သိစေချင်လို့မှာ မိုးပြိုချိန်ကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုခံယူချက်တွေ ထားသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။
(၁) မိုးဟာ ကိုယ့်တစ်ယောက်တည်းအပေါ် ကွက်ပြိုတာ မဟုတ်
သန်းနဲ့ချီတဲ့ လူငယ်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဗျာများဒုက္ခရောက်နေကြရတာပါ။ မိုးဟာ တစ်ဦးတစ်ယောက်တည်းအပေါ်ကို သီးသန့်ကွက်ပြိုတာ မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာ ရှိသမျှ လူငယ်တွေအပေါ် ပြိုတာဖြစ်လို့ အဲဒီအကျပ်အတည်းတွေကို တစ်စိမ့်စိမ့်တွေးပြီး အားငယ်နေမဲ့အစား တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ပြီး စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ကျော်ဖြတ်သင့်ပါတယ်။ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတာကို သွေးအေးအေးနဲ့ သေချာချင့်ချိန်ဆုံးဖြတ်နိုင်ရင် အကောင်းဆုံးပါ။
(၂) ဆိုရှယ်မီဒီယာသုံးတာလျှော့ပါ။
ဆိုရှယ်မီဒီယာဆိုတာ ‘ကောင်းတယ်’ဆိုတဲ့ အခြေအနေကိုပဲ လူတွေ အဓိကမျှဝေတဲ့ နေရာပါ။ ဒီလိုနေရာမှာ ခပ်ကြာကြာနေမိမယ်ဆိုရင် ကိုယ့်အနေနဲ့ ငါတစ်ယောက်တည်း ဒုက္ခပင်လယ်ဝေနေတာဆိုတဲ့ အတွေးမျိုးဝင်ပြီး ပိုအထီးကျန်၊ ပိုစိတ်ဓာတ်ကျတတ်ပါတယ်။ တကယ့်တကယ်တမ်းမှာတော့ ပြည်တွင်းထဲမှာ ရှိသမျှ လူအကုန် တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒုက္ခရောက်၊ အဆင်မပြေဖြစ်နေကြတာပါ။ ဖြစ်တဲ့အတိုင်းအတာနဲ့ ဘာဒုက္ခလဲဆိုတာပဲ ကွာသွားတာမို့ နှိုင်းယှဉ်ဖို့ကြိုးစားမဲ့အစား ကိုယ်ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေထဲက ထွက်နိုင်မဲ့ တံခါးလေးရဲ့ သော့ကို ရှာပါ။ ကိုယ်နဲ့အတူ ကိုယ့်အနီးအနားက သူတွေလဲ အလားတူ အကျပ်အတည်းမျိုး ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာကို သတိကပ်ပြီး အားလုံးနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ဆောင်ရွက်ပါ။ စိတ်ဓာတ်တွေ မှိုင်ဝေကျဆင်းနေတာထက်စာရင် အဲဒီလို ရင်ဆိုင်လိုက်တာက ဖြေရှင်းနည်းတွေ ပိုပေါ်လာနိုင်ပါတယ်။
(၃) သတင်းတု/သတင်းမှားတွေကို ချင့်ချိန်ဆင်ခြင်ပါ။
ဆိုရှယ်မီဒီယာတွေဟာ သတင်းအချက်အလက် စီးဆင်းသွားလာမှု အင်မတန်များတဲ့ နေရာတွေဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ဘယ်နေရာမှာတော့ ဘယ်နှယောက်ပါသွားပြီ၊ ဘယ်မှာတော့ ဘယ်လိုဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ပလူပျံအောင် မြင်ရတတ်ပါတယ်။ အဲဒီသတင်းအချက်အလက်တွေထဲမှာ မှန်ကန်တဲ့ အကြောင်းအရာတွေပါသလို မှားနေတာတွေလဲ အများကြီးပါ။ ကိုယ့်အနေနဲ့ သတင်းတု၊ သတင်းမှားတွေကို သေချာသတိမထားမိဘဲ အလွယ်တကူ ယုံမိမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ကိုယ့်ရဲ့ စိတ်မှာ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ ပိုတိုးလားပြီး အရေးကြီးဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် မချနိုင်တာမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒီကနေ မလုပ်သင့်တာတွေကို အလောတကြီးလုပ်မိပြီး ပိုဆိုးတဲ့ အခြေအနေဆီ ကိုယ်တိုင်တွန်းပို့မိသလို ဖြစ်မှာပါ။ အဲဒီလို မဖြစ်အောင် ဒီနည်းလမ်းလေးကို သုံးနိုင်ပါတယ်။ အဲဒါကို့ –
– ရပ်၊ စမ်း၊ ရှာ၊ လိုက် လို့ ခေါ်ပါတယ်။
ဘယ်အကြောင်းအရာကို တွေ့တွေ့၊ ဘယ်လိုသတင်းကို မြင်မြင် အယုံမလွယ်လိုက်ဘဲ၊ အမှန်မထင်လိုက်ဘဲ၊ ထပ်ဆင့်ဖြန့်ဝေတာမျိုး မလုပ်ဘဲနဲ့ အဲဒီအင်ဖော်မေးရှင်းကို အရင်ဆန်းစစ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဘာမှ မလုပ်မိခင်မှာ ‘ရပ် – Stop’ ပြီး အရင်သေချာကြည့်ပါ။ ပြီးရင် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဝေဖန်ဆန်းစစ်ပါ။ ရင်းမြစ်ကို စုံ’စမ်း’စစ်ဆေး – Investigate ပါ။ စုံစမ်းစစ်ဆေးတဲ့ အဆင့် မလုပ်နိုင်သေးရင်တောင် ကိုယ်ပိုင် အသိဉာဏ်ကို သုံးပြီး အရင် ဝေဖန်ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ ပြီးရင် ကိုယ်တွေ့လိုက်ရတဲ့ သတင်းအချက်အလက်က ဘယ်လောက်ရော ယုတ္တိ ယုတ္တာကျလဲ၊ ဘယ်လောက်ယုံရနိုင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ‘ရှာ’လို့ ရတာ ရှာပါ။ (Find) . . . တခြားဘယ်မှာရော ဒါမျိုးကို တင်သေးလဲ။ သတင်းဆိုလဲ သတင်းဌာနတွေမှာ လိုက်ရှာကြည့်ပါ။ အဲဒီအကြောင်းအရာ ဘယ်က ပျံ့လာတာလဲဆိုတဲ့ နေရာကို ‘လိုက် – Trace’ ပါ။ ကိုယ်မြင်လိုက်တဲ့ အင်ဖော်မေးရှင်းတိုင်းဟာ ‘ဘယ်နေရာက လာတာလဲ’၊ ‘ဘယ်နေရာကို သွားမှာလဲ’ ဆိုတာကို ပိုင်းခြားဆင်ခြင်ကြည့်ပါ။ ဒီနည်းလမ်းကို သုံးပြီး သတင်းတု၊ သတင်းမှားတွေရဲ့ သားကောင်မဖြစ်အောင် ရှောင်တိမ်းနိုင်ပါတယ်။
(၄) ဒုက္ခတွေနဲ့ အသားကျအောင်နေပါ။
မြန်မာနိုင်ငံသားတွေ အကျွမ်းဆုံးအလုပ်ပါပဲ။ လက်ရှိအခြေအနေကနေ ဒီ့ထက်ပိုမဆိုးနိုင်တော့တာမို့ ဖြစ်ခဲ့ပြီးတာ၊ ရင်ဆိုင်ခဲ့ပြီးတာတွေကို ခေတ္တမေ့ပြီး လက်ရှိရှိနေတဲ့အချိန်နဲ့ ရှေ့လာမဲ့ အနာဂတ်တွေကို ကြိုတင်ပြင်ဆင်ပါ။ ဒုက္ခတွေဟာ ကိုယ့်ကို ပိုသန်မာလာစေဖို့အတွက် လေ့ကျင့်ပေးတာမို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားပြလိုက်ပါ။ ဝမ်းနည်းခွင့်၊ စိတ်ဓာတ်ကျခွင့်ရှိပေမဲ့ အမြဲတစေ လက်မှိုင်ကျနေခွင့်တော့ မရှိပါဘူး။ ဒီ့အတွက်ကြောင့် လဲပြိုချိန်မှာ တစ်ဝကြီး လဲပြိုလိုက်ပါ။ လူဆိုတာ ခံစားချက်ကို အခြေခံတည်ဆောက်ထားတာမို့ အချိန်ပြည့်သန်မာနိုင်စွမ်း ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ လဲပြိုပြီးရင်တော့ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ လိုပါလိမ့်မယ်။
(၅) လေ့ကျင့်ခန်းလုပ်၊ တရားထိုင်ပါ။
ဘာဆိုဘာမှ မလုပ်ချင်တော့လောက်အောင်ကို စိတ်ဓာတ်တွေ အဝီစိထိ ထိုးဆင်းနေတယ်လို့ ခံစားနေရတောင် အဲဒီအတိုင်း ဆက်နေနေတာက ဘာမှထူးမှာ မဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ကပ်ဖို့ လိုပါတယ်။ ဒီလို သတိပြန်ကပ်နိုင်ဖို့ရာအတွက် တက်တက်ကြွကြွနေပါ။ လေ့ကျင့်ခန်းတွေလုပ်ပါ။ လေ့ကျင့်ခန်းတွေလုပ်တာက ကိုယ့်ရဲ့ ခံစားချက်ကို ပိုကောင်းလာစေပါတယ်။ အကယ်၍ ကိုယ်က လေ့ကျင့်ခန်း လုပ်လေ့လုပ်ထမရှိသူဆိုရင် တစ်နေ့ကို အနည်းဆုံး မိနစ် (၂၀) ခန့် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ခြင်းက စိတ်ပိုင်းဆိုင်ရာမှာ မွန်းကြပ်ပိတ်လှောင်နေတာတွေကို ဖွင့်ဟပေးနိုင်စွမ်းရှိပါတယ်။ တရားထိုင်တာကလဲ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်စေပြီး နှလုံးသွင်းတည့်စေ၊ ဝင်သက်၊ ထွက်သက် မှန်စေ၊ သွေးလေစီးဆင်းမှု အားကောင်းစေတာမို့ တစ်နေ့ကို နာရီဝက်လောက် တရားထိုင်ပေးပါ။ ရှုပ်ထွေး မွန်းကျပ်စရာတွေ စုပြုံလာရင် အကုန်လုံးကို တစ်ခဏတာမေ့လိုက်ပြီး တရားသေချာထိုင်ပေးဖို့ တိုက်တွန်းပါတယ်။
ဒီနည်းလမ်း ငါးချက်ကို သုံးပြီး စိုးရိမ်ပူပန်စိတ်တွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အတိုင်းအတာတစ်ခုထိ ကုစားနိုင်ပါတယ်။ သန်းခေါင်ယံထက် ညဥ့်ပိုမနက်နိုင်တော့တာမို့ လက်ရှိအခြေအနေကို အန္တရာယ်အကင်းဆုံးရှင်သန်ပြီး ရောင်နီသမ်းတဲ့ ရည်မှန်းချက်ကို ဆက်လက်ဆုပ်ကိုင်ထားဖို့ လိုပါမယ်။ တောမီးလောင်တဲ့အခါ သစ်ပင်အများအပြား သေကျေပျက်စီးရပေမဲ့ တောမီးကို ကြံ့ကြံ့ခံ ရှင်သန်သွားတဲ့ သစ်ပင်တွေကတော့ တောမီးအလွန်မှာ တောအုပ်ကို အုပ်စိုးခွင့်ရသွားသလိုပေါ့။ အလားတူပဲ၊ ကျွန်တော်တို့အနေနဲ့လဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ဆက်ဆက်ဆုပ်ကိုင်ထားရင်း အနာဂါတ်ကို လှလှပပပုံဖော်နိုင်ပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ဘဝကိုလဲ သေချာပေါက် ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း သတိတရရှိစေချင်ပါတယ်။
ကျွန်တော်တို့အားလုံးမှာ တူညီတဲ့ ခံယူချက်တွေရှိနေပါတယ်။ တူညီတဲ့ ယုံကြည်ချက်တွေ ရှိနေပါတယ်။ မိုးပြိုချိန်မှာ ရှင်သန်နိုင်ဖို့ ကျွန်တော်တို့အားလုံး ဖြတ်ကျော်နိုင်ပါတယ်။ စစ်မိစ္ဆာများရဲ့ ငရဲလားချိန်ဟာ မကြာမြင့်တော့ပါဘူး ကျွန်တော်တို့ ပိုမိုကောင်းမွန်တဲ့ဘဝကို သေချာပေါက် ရရှိမှာပါ။ ရောင်နီဦးကို မျှော်ငေးရင်း နောက်တစ်ပတ်မှာ ကျွန်တော်တို့ ပြန်ဆုံကြပါစို့။