စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တချို့ ဘာတွေ ကြုံတွေ့နေရသလဲ

Author လဂွန်းအိမ် ၊လင်းနွေဦး
Categories
Published on Mar 24, 2024

စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာတော့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်နေခဲ့ပါပြီ။ ဧပြီလ ရုံးပိတ်ရက်တွေ ကျော်လွန်မှ စစ်မှုထမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်မယ့်လို့ ပြောဆိုထားတဲ့ စစ်ကောင်စီဟာ သူတို့ထုံးစံအတိုင်း အပြောနဲ့အလုပ် မညီဘဲ လုပ်ဆောင်တာဟာ မထူးဆန်းတော့ပါဘူး။ မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေကို စစ်မှုထမ်းစေဖို့ မဲနှိုက်ရွေးချယ်နေကြပါတယ်။ စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တချို့ ဘာတွေ လုပ်နေကြသလဲ ဘယ်လိုတွေ ရင်ဆိုင်နေကြရသလဲဆိုတာကို CJ Platform ရဲ့ အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“ပေါက်မဲပါတယ်ဆိုတော့ နှလုံးသွေးရပ်မတတ်ပါပဲ၊ အခုတော့ အမသားလေးက အမကြောင့် ဒုက္ခရောက်ရသလိုဖြစ်နေပြီ”

ညောင်တုန်းမြို့မှ စစ်မှုထမ်းရန် မဲပေါက်သူ လူငယ်တစ်ဦးရဲ့ မိခင်ဖြစ်သူ၏ တီးတိုးသံ

 

မဲနှိုက်ရမယ်ဆိုတော့ အစ်မကိုယ်တိုင် သွားနှိုက်ရတာ ပေါက်မဲပါတယ်ဆိုတော့ နှလုံးသွေးရပ်မတတ်ပါပဲ၊

အခုတော့ အစ်မသားလေးက အစ်မကြောင့် ဒုက္ခရောက်ရသလို ဖြစ်နေပြီ အခုထိ ရင်ထဲမှာ တစ်စို့ကြီး ဖြစ်နေတုန်းပဲ။

သားလေးက မန္တလေးမှာ အလုပ်သွားလုပ်နေတာလေ သူ့ကို ကျောင်းသားဆိုပြီး ရှောင်ဖို့လုပ်ပေမယ့် မရဘူးတဲ့ အဆက်ပြတ်ဆို လုံးဝလက်မခံပါဘူး ပြောတယ်။ ပြန်ခေါ်ခိုင်းလို့ ဖုန်းဆက်ပြီး လှမ်းခေါ်ရတယ် ဒါပေမယ့် အစ်မသား အခုဘယ်ရောက်သွားလဲ မသိတော့ဘူး အဆက်အသွယ်မရတော့ဘူး သူ့ဖုန်းတွေလည်း ပိတ်ထားတယ်။

နောက်ပိုင်း ဘာဖြစ်လာမလဲတော့ မသိဘူး ပြသနာအရှာခံရလည်း မတတ်နိုင်ဘူး အခုချိန်အထိတော့ အစ်မသားအတွက် ဘယ်လိုစိတ်ပူရမယ်ဆိုတာတောင် မသိတော့ဘူး တစ်နေ့ တစ်နေ့ အိပ်လို့လဲမပျော်ဘူး သူလည်း ဘယ်သွားလို့ ဘယ်ရောက်လဲ မသိတော့ဘူး။

မိဘပဲလေ ကိုယ့်သားသမီးကို ကိုယ့်ရင်ခွင်ထဲမှာပဲ ထားချင်တာပေါ့။ ဒီလိုတွေဖြစ်လာတော့ မတတ်နိုင်ဘူး အခုတော့ အဆက်အသွယ်မရတာပဲ စိတ်အေးရမှာလား စိတ်ပူရမှာလားတောင် မဝေခွဲတတ်တော့ဘူး။

****************************************

 

“တစ်နိုင်ငံလုံး ပတ်ပြီးဒုက္ခပေးနေတဲ့ ကောင်တွေနဲ့ မပေါင်းနိုင်ဘူး”

ပန်းတနော်မြို့မှ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်တစ်ဦး၏ တီးတိုးသံ

 

မဲပေါက်တယ်ပြောတာနဲ့ အထုတ်အပိုး အရန်သင့် ပြင်လိုက်တယ်၊ အဲဒီတစ်နေ့လုံး အိမ်ထဲက အိမ်ပြင်မထွက်ဘူး၊ နောက်နေ့ကြတော့ လွတ်ရာထွက်လာတာပဲ၊ တစ်လမ်းလုံးလဲ ရင်ထိတ်ထိတ်နဲ့ပါဗျာ၊ ကိုယ့်ကိုယ်ကိုယ် မလုံတာလဲပါတာပေါ့၊ လုံခြုံတဲ့နေရာရောက်မှ တော်လှန်ရေး(သူပြောတာ PDF) တပ်ဖွဲ့တစ်ခုဆီ ဆက်သွယ်ရတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကမ်းလှမ်းတဲ့ ကြေညာချက်က ကျွန်တော်တို့အတွက် အဆင်ပြေစေခဲ့တာ၊ အစကတော့ ဘယ်ဟာတွေ ဘယ်လိုတွေ မသိလို့ သိလောက်မယ်ထင်တဲ့သူ လုံခြုံလောက်မယ်သူကို အရင်မေးကြည့်လိုက်တာ၊ သူပြောသလို လိုက်လုပ်ပြီး ချိတ်ဆက် ထားလိုက်ပါပြီ။

တစ်နိုင်ငံလုံး ပတ်ပြီးဒုက္ခပေးနေတဲ့ ကောင်တွေနဲ့ မပေါင်းနိုင်ဘူး။ လုပ်ရမယ့်အတူတူ ပြည်သူကြည်ဖြူတဲ့ဆီမှာပဲ လုပ်တော့မှာပေါ့၊ သေရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိပဲ သေမှာပေါ့။

အခုကြားတာတော့ မဲပေါက်တဲ့သူတွေ ပြေးကုန်လို့တဲ့ နောက်ထပ် ထပ်နှိုက်မယ်ကြားလို့ ပြေးလာတဲ့ကောင်တွေ ပါရှိတယ်။

ရွယ်တူတွေကို ပြောချင်တာက ထွက်လို့ရတဲ့ အချိန်မှာ ထွက်စေချင်တယ် အဲ့ဒီလိုမှမဟုတ်ရင် နေမြင့်လေ အရူးရင့်လေဖြစ်မှာပဲ ကြာလို့ တင်းကြပ်လာရင် ထွက်မရပဲ သူတို့(စစ်ကောင်စီ)လက်ထဲ ပိတ်မိနေနိုင်တယ်။

****************************************

 

“ပြေးခဲ့ရင်ရော မိဘတွေကို ဘာလုပ်ခံရမလဲလို့လဲသိချင်တယ်”

ညောင်တုန်းမြို့မှ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်တစ်ဦး၏ တီးတိုးသံ

 

မဲက အိမ်ကသွားနှိုက်တာ မဲပေါက်လို့ သွားရမယ်ပြောတယ်။ အခု စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးပြီး လက်ဗွေပါ နှိပ်ပေးခဲ့ရတယ်။

ပြောရရင်တော့ မသွားချင်ပါဘူး အိမ်ကသွားလုပ်ဆိုလို့ လုပ်ပြီးမှ အတူတူမဲပေါက်တဲ့ သူတွေက တစ်ယောက်မှ မရှိကြတော့ဘူးတဲ့ ပြေးကုန်ပြီလို့ သိရတယ်။

အစကတော့ ၂ နှစ်လောက်ပဲလေဆိုပြီး ဖြေသိမ့်လိုက်သေးတယ် အခုဟာက extension ဆွဲမှာကိုလည်းကြောက်တယ် ရှေ့တန်းပို့ခံရမှာလည်း ကြောက်တယ်၊ လက်မှတ်တွေလည်း သွားထိုးထားပြီးသား ဖြစ်နေတာ၊ ဘယ်လိုလုပ်ရမှန်းလဲ မသိတော့ဘူး။

ပြောချင်တာကတော့  လက်မှတ်ထိုးမယ်ဆိုရင် သေချာစဉ်းစားပြီးမှ လုပ်ကြပါလို့ပဲ ပြောချင်တယ်။ ကျွန်တော် အခုအချိန်ပြေးရင်ရော မှီသေးလားလို့လဲ သိချင်တယ်။ ပြေးခဲ့ရင်ရော မိဘတွေကို ဘာလုပ်ခံရမလဲလို့လဲ သိချင်တယ်။

****************************************

 

“ရွေးကြေးကတော့ သိန်း ၅၀ တဲ့။ အုပ်ကြီးတွေ သူဌေးဖြစ်မှာပဲဗျာ”

သင်္ဃန်းကျွန်းမြို့နယ်နေ အသက် (၂၀)အရွယ် လူငယ်တစ်ဦး၏ တီးတိုးသံ

 

ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ အပတ်က အိမ်ကိုစာရင်းလာပေးတယ်။ အစည်းအဝေးတက်ဖို့ ပြီးတော့  ညဘက်ကျ သွားတက်ရတယ် အယောက် ၅၀ ခေါ်တာ။ အသက် ၂၄ ကနေ ၃၅ ကြားပေါ့။ကျွန်တော်က အသက်လွတ်တော့ သွားမတက်လိုက်ရဘူး။ ကျွန်တော့်အစ်ကိုကလည်း အိမ်မှာ မနေတာကြာပြီဆိုတော့ မသွားလိုက်ရဘူး။ အစည်းအဝေး ခေါ်တဲ့ရက်က လူမပြည့်လို ဆိုပြီး လူရွေးတာ မလုပ်လိုက်ရဘူးလို့ သိရတယ်။ နောက်ရက်ကျမှ လူရွေးတယ်တဲ့။ အဲ့မှာလည်း အစားထိုး ထည့်တဲ့သူတွေရှိတယ်။ ဘယ်နေရာက သူတွေနဲ့ အစားထိုးလဲ ဆိုတာတော့ သေချာမသိရဘူးပေါ့။ သတင်းပဲပြန်ကြားရတာ။ ပထမဆုံးရွေးတဲ့ ရက်မှာ တစ်ယောက် အစားထိုးထည့်တယ်။ နောက် တစ်ရက်ကျ နောက်တစ်ယောက် အစားထိုးထည့်တယ်။ ကိုယ့်နာမည် စာရင်းသေချာပေါက် ပါသွားရင်လည်း ပြန်ရွေးလို့ ရတယ်လည်း ကြားနေရတယ်။ ရွေးကြေးကတော့ သိန်း ၅၀ တဲ့။ အုပ်ကြီးတွေ သူဌေးဖြစ်မှာပဲဗျာ။