ကားလောကတွင် ပထမဆုံး ကျပ်သိန်းပေါင်းသောင်းနှင့်ချီ၍ လိမ်လည်မှုဖြစ်ပွား

Author ကိုထားဝယ်
Categories
Published on Mar 22, 2024

မြန်မာပြည်ကားလောကသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းပေါင်းသောင်းနှင့်ချီသည့် လိမ်လည်မှုတစ်ခု ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း လိမ်လည်သူဟုစွပ်စွဲခံရသူနှင့်သိရှိသူ ကားလုပ်ငန်းရှင်များထံမှ သိရသည်။

 

King’s Throne ဟု အမည်ရသည့် ကားငှားရမ်းရေးကုမ္ပဏီသည် ကားပိုင်ရှင်နှင့် ကားငှားရမ်းသူများကြား ချိတ်ဆက်ပေးသည့်ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါ ကားပိုင်ရှင်များထံသို့ ကားပြန်မအပ်သည့်အပြင် ပေးသွင်းရမည့် လစာနှင့် ကားငှားသူများထံမှ ရယူထားသည့် စပေါ်ငွေများ ပြန်မပေးနိုင်သည့်အတွက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်အောင်အပါအဝင် ရုံးအဖွဲ့အနေဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။

 

“လုပ်တဲ့ပုံစံကတော့ ကုမ္ပဏီထောင်လိုက်တယ်။ ကားငှားချင်တဲ့သူတွေရှိရင် ကားငှားပေးလိုက်တယ်။ အဲဒီလိုပဲ ကားပိုင်ရှင်တွေရှိတယ်ဆိုရင်လည်း ယူထားပေးလိုက်ပြီးတော့ တစ်ဆင့်ပြန်ငှားတာ။ အဲဒီမှာ ထူးခြားတာက ကားငှားတဲ့အခါမှာ စပေါ်တောင်းတာပေါ့။ သူက အလယ်ကနေပြီးတော့ စပေါ် သိန်း ၅၀ ကနေ ၁၀၀ ယူထားလိုက်တာ” ဟု ထိုအကြောင်းအရာကို အသေးစိတ်သိရှိသူ လုပ်ငန်းရှင်တစ်ဦးက CJ Platform သို့ ပြောသည်။

 

King’s Throne ကုမ္ပဏီပိုင်ရှင် ဦးသက်အောင်သည် ကားအစီးရေ ၁၀၀ ခန့်မှ ကားတစ်စီးလျှင် စပေါ်ငွေ ကျပ်သိန်း ၁၀၀ ခန့်ရယူထားသည့်အတွက် ကျပ်သိန်း သုံးသောင်းခန့်အထိ လိမ်လည်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။

 

သို့သော် အထက်ပါ CJ Platform ၏ သတင်းရင်းမြစ်ကမူ ကျပ်သိန်း သုံးသောင်းခန့်အထိ မဖြစ်နိုင်သော်လည်း အနည်းဆုံး ကျပ်သိန်းသောင်းနှင့်ချီရှိနိုင်သည်ဟု မှတ်ချက်ပေးသည်။

 

“သူ(ဦးသက်အောင်)ပြောပုံအရ သိန်း ၇၀၀၀ လောက်လို့ပြောပေမဲ့ တခြားသူတွေပြောတာက အစီး ၃၀၀ လောက်ကို သိန်းပေါင်း သုံးသောင်းလောက်လို့ ပြောကြတာပေါ့နော်။ ကျွန်တော့်အနေနဲ့တော့ သိန်းသောင်းနဲ့တော့ချီမယ်ထင်တယ်” ဟု King Throne ပိုင်ရှင်နှင့် ပြီးခဲ့သည့်ရက်ပိုင်းအထိ အဆက်အသွယ်ရှိခဲ့သည့် ကားလုပ်ငန်းရှင်တစ်ဦးက CJ Platform သို့ ပြောသည်။

 

၎င်းနှင့် ဦးသက်အောင်တို့သည် လွန်ခဲ့သည့် ခုနစ်နှစ်ခန့် ၂၀၁၇ ခုနှစ်က စတင်သိရှိခဲ့ပြီး ထိုသို့သိကျွမ်းခဲ့စဉ်က ဦးသက်အောင်သည် Mercedes Car Showroom တွင် အလုပ်လုပ်ကိုင်နေသည့်အချိန်ဖြစ်သည်။

 

လက်ရှိ King Throne ကုမ္ပဏီဂယက်ကြောင့် ယင်းကုမ္ပဏီသို့ ကားငှားထားသူများနှင့် စပေါ်တင်၍ ကားငှားထားသူများကြား စိုးရိမ်ပူပန်နေကြသည်။

 

လတ်တလော ကားပိုင်ရှင်အချို့နှင့် စပေါ်တင်ပြီး ကားငှားထားသူအချို့ တွေ့ရှိသွားကြသူများရှိနေပြီဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် အချို့ကားပိုင်ရှင်များက စပေါ်ငွေ သိန်း ၁၀၀ ပြန်ပေးသကဲ့သို့ အချို့မှာ ကျပ်သိန်း ၅၀ ပြန်ပေးသော်လည်း တချို့မှာ စပေါ်ငွေလုံးဝပြန်မပေးဘဲ ကားသာ ပြန်ယူသွားကြသူများလည်းရှိနေကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

“အစ်ကို့အနေနဲ့တော့ Amount က အရမ်းများသွားပြီဆိုတော့ သူရှင်းမပေးနိုင်တော့ဘူးလေ။ အကုန်လုံးက လုံးဝရှုပ်ယှက်ခပ်သွားပြီပေါ့။ ဒါပေမဲ့ အကုန်လုံးရှင်းပြီးသွားတဲ့အခါကျမှ ကျွန်တော်ပြန်လာပါတယ်လုပ်ရင်တော့ မသိဘူးပေါ့နော်။ အဲဒီလို ပြန်လာရင်လည်း ခုနက ပြောသလိုပဲ။ ကိုယ့်ဘာကိုယ် နားလည်မှုနဲ့ရှင်းကြတာဆိုတော့ အကုန်လုံးရှင်းချင်လည်း ရှင်းမယ်ပေါ့နော်” ဟု ထိုဖြစ်စဉ်ကိုသိရှိသည့် အထက်ပါ CJ Platform ၏ သတင်းရင်းမြစ်က ပြောသည်။

 

ဆက်လက်၍ ၎င်းက ငွေရေးကြေးရေးကိစ္စများနှင့်ပတ်သက်၍ “ကိုသက်အောင်ဆီ စပေါ်တင်ထားတဲ့သူတွေအားလုံး တစ်ယောက်မှ ပြန်မရတာတော့ သေချာတယ်။ သူ့ဆီ ကားငှားထားတဲ့သူတွေကလည်း ကားငှားခတွေ မရတဲ့သူတွေကလည်း အခုထိ ပြန်မရတာလည်း သေချာတယ်” ဟု ပြောသည်။

အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်အောင်၏ The King’s Throne ကုမ္ပဏီကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီဖွဲ့စည်းလုပ်ကိုင်ခွင့်ပြုထားသည်။ ကုမ္ပဏီသည် အမှတ် ၁၇၊ ၁၁၃ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်တည်ရှိသည်။

 

အသက် ၄၂ နှစ်အရွယ်ရှိ ဦးသက်အောင်သည် ၎င်း၏ တရားဝင် လူမှုကွန်ရက် Meta(ယခင် Facebook)အကောင့်တွင် မတ်လ ၁၉ ရက်နေ့က ယခုဖြစ်ရပ်ကို ပြန်လည်ဖြေရှင်းပေးမည်ဟု ပြောဆိုထားသည်ကို တွေ့မြင်ရသည်။

 

၎င်းက Company Operation လွဲချော်မှုကြောင့် အခက်အခဲပြဿနာဖြစ်ပေါ်ခဲ့မှုအတွက် ရုံးခန်းပြန်ဖွင့်၍ အမြန်ဆုံးပြန်လည်ဖြေရှင်းပေးမည့်အကြောင်းနှင့် ချွတ်ချော်မှုများအတွက် တောင်းပန်ကြောင်း ပြောသည့်အပြင် ခရီးဝေးရောက်နေသဖြင့် 09420078478 ၊ 09793063635 Viber ဖုန်းနံပါတ်များသို့ ဆက်သွယ်ရန် ပြောဆိုထားသည်။ ထိုဖုန်းနံပါတ်များမှာ ဆက်သွယ်၍ မရကြောင်း ကားပိုင်ရှင်များနှင့် ကားငှားရမ်းထားသူများက ဆိုကြသည်။

 

CJ Platform သတင်းဌာနမှ ၎င်း၏ 09420078478 Viber နံပါတ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

 

ဦးသက်အောင်သည် ပြည်ပသို့ မရောက်ရှိသေးဘဲ ပြည်တွင်းမှာတွင်သာ ရှိနေနိုင်သေးသည်ဟု ၎င်းနှင့်နီးစပ်သူများက ဆိုသည်။

 

“သူ(ဦးသက်အောင်)က အခုထက်ထိ ရန်ကုန်မှာပဲ ရှိနေသေးတယ်ထင်တယ်။ နိုင်ငံခြားတော့ မရောက်လောက်သေးဘူး။ ဒါပေမဲ့ သူကတော့ နိုင်ငံခြားမှာ ရောက်နေတယ်လို့ ပြောတာပေါ့နော်။ (မြန်မာ)ဖုန်းတွေဘာတွေ ပြောလို့ရနေသေးတယ်ဆိုတော့ နယ်စပ်လည်း ဖြစ်ကောင်းဖြစ်တာပေါ့” ဟု ၎င်းနှင့်သိရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

 

ထိုသို့ မြန်မာနိုင်ငံ စီးပွားရေးလောကအတွင်း ကျပ်သိန်းသောင်းနှင့်ချီ၍ ငွေကြေးပမာဏအမြောက်အမြား လိမ်လည်မှုဖြစ်စဉ်မှာ ပဲ၊ ဆန်နှင့် မီးဖိုချောင်သုံးစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ/ဖြူ ပွဲရုံလုပ်ငန်းများအတွင်း ဖြစ်ပွားခဲ့ဖူးသည်။

 

ပဲလောကအတွင်း ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း စိန်နန်းထိုက်ကုမ္ပဏီမှ ပိုင်ရှင် ဦးဇော်သန်းထိုက်(ခ)ဦးဇော်ငယ်က ပဲကုန်သည် ၆၀ နီးပါးထံမှ ကျပ်သိန်းပေါင်း ငါးသောင်းခန့် လိမ်လည်မှုဖြစ်ပွားခဲ့သည်။

 

ထို့ပြင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ပွဲရုံလုပ်ငန်းများအတွင်း ဆန်နှင့် ပဲလောကအတွင်း ငွေကြေးကျပ်သိန်းသောင်းနှင့်ချီသည့် လိမ်လည်မှုများဖြစ်ပွားခဲ့သည်။

 

ဆန်ပွဲရုံလောကအတွင်း ၂၀၁၇ ခုနှစ် စက်တင်ဘာလက ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဆန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်း လေးထောင်ကျော် လိမ်လည်မှုနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျပ်သိန်းပေါင်း ခြောက်သောင်း လေးထောင်ကျော် လိမ်လည်မှု ၂ ခုဖြစ်ပွားခဲ့သည်။

 

ထို့နောက် ကြက်သွန်နီ/ဖြူပွဲရုံလုပ်ငန်းအတွင်း လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့က ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်/ငရုတ် ကုန်သည်လေးဦးထံမှ ကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှုဖြစ်ပွားခဲ့သည်။

 

လက်ရှိတွင်လည်း ဆန်၊ ပဲနှင့် ကြက်သွန်/ငရုတ် ပွဲရုံလုပ်ငန်းများအတွင်း ကျပ်သိန်းထောင်နှင့်ချီသည့် လိမ်လည်မှုအချို့ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု သိရသည်။