ဒေါပုံတွင် လုပ်ကျွေးနေသော မြေး စစ်မှုထမ်းရန်မဲပေါက်၍ အဘွားဖြစ်သူ တံတားပေါ်က ခုန်ချသတ်သေ

Published on Mar 21, 2024

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် အနော်မာရပ်ကွက်တွင် အဘွားကို လုပ်ကျွေးနေသော အသက် ၂၀ ဝန်းကျင်အမျိုးသားတစ်ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် ၎င်း၏အဘွားဖြစ်သူ ချောင်းကူးတံတားပေါ်မှ ခုန်ချကာ အဆုံးစီရင်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရသည်။

 

မဲပေါက်သူ လူငယ်သည် မိဘမရှိတော့ဘဲ သေဆုံးသူအဘွား၊ ဦးလေး၊ အဒေါ်တို့နှင့်အတူနေထိုင်နေပြီး မင်္ဂလာဈေးတွင် အလုပ်လုပ်ကိုင်ကာ အဘွားဖြစ်သူကို လုပ်ကိုင်ကျွေးမွေးနေသူတစ်ဦးဖြစ်ကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“လူအေးလေးပဲဗျ။ မိဘတွေမရှိတော့ အဘွားကပဲ စောင့်ရှောက်လာခဲ့ပြီး အရွယ်ရောက်လာတော့ အဘွားကိုပြန်လုပ်ကျွေးနေတာပေါ့။ မဲပေါက်တုန်းကလည်း ထွက်ပြေးတာမျိုးမရှိဘူး။ အခုလည်း အိမ်မှာပဲ” ဟု ၎င်းက ပြောသည်။

 

ဒေါပုံ ချောင်းကူးတံတားအောက်ရှိ အုတ်ခုံပေါ်တွင် အသက် (၅၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို မတ် ၂၀ ရက် နံနက် ၈ နာရီခန့်တွင် ရပ်ကွက်နေပြည်သူများကတွေ့ရှိခဲ့ပြီး ခုန်ချသွားသူမှာ အနော်မာရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သည်ဟု သိရသည်။ ၎င်းသည် မိသားစုများမသိမီ အိမ်မှ ထွက်သွားပြီးနောက် ဒေါပုံချောင်းကူးတံတားပေါ်မှ ခုန်ချသတ်သေခဲ့ခြင်းဖြစ်သည်ဟု ၎င်းဖြစ်ရပ်ကို သိရှိသူ သာကေတမြို့ခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

“ခုလိုခုန်ချသွားတာကို မိသားစုတွေတောင် မနက်မှ သိကြရတာ။ မိသားစုတွေမသိအောင်ထွက်သွားပြီး ညကတည်းက ခုန်ချတာဖြစ်မယ်။ ရေထဲမကျဘဲနဲ့ တံတားအောက်ကအုတ်ခုံပေါ်ကျပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ အုပ်ချုပ်ရေးမှူးက ခုန်ချသွားတာကိုသိပေမဲ့ ဘာမှပြောဆိုတာမရှိဘူး။ ခုန်ချသွားတာက တံတားဟောင်းပေါ့။ ခုတော့ပိတ်ထားတယ်” ဟု ၎င်းက ပြောသည်။

 

သာကေတမြို့နယ် အနော်မာရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးခန့်သည် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၁၀ ရက်နောက်ပိုင်း ရပ်ကွက်အတွင်းစာရင်းကောက်ယူခဲ့ကာ မတ်လ ၁၈ ရက်က အနော်မာရပ်ကွက်တွင် အပိုင်းလေးပိုင်းခွဲ၍ မဲနှိုက်ခိုင်းခဲ့သည်။

 

“တချို့ကလည်း ရှောင်ကုန်ကြတာပေါ့။ မိသားစုက အားကိုးနေရသူတွေတော့ မပြေးနိုင်ကြဘူး။ မဲပေါက်တဲ့ထဲက ကလေးတစ်ယောက်ဆို အဖေမရှိသလို အမေဖြစ်သူက လေဖြတ်ထားတာ မောင်နှမမရှိဘူး။ တချို့ကလည်း ဒီလူကိုပဲအားကိုးနေရတဲ့ လူမျိုးတွေလည်းပါတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အနော်မာရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် ပစ္စတိုတစ်လက်ရှိပြီး ရပ်ကွက်ထဲတွင် စစ်ကောင်စီတပ်သား၊ ရဲများနှင့်ပူးပေါင်းကင်းလှည့်လည်ကာ ပြည်သူများကို ငွေညှစ်လေ့ရှိသကဲ့သို့ စစ်မှုမထမ်းဘဲတိမ်းရှောင်ပါက မိသားစုဝင်ထဲမှ အသက်ပြည့်မီသူများနှင့် အစားထိုး ခေါ်မည့်အပြင် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် နှစ်ရပ်လုံးချမည်ဟု ခြိမ်းခြောက်ဖိအားပေးနေကြောင်း ယင်းရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

 

ထို့ပြင် အနော်မာရပ်ကွက်တွင် မတ် ၁၉ ရက် ညပိုင်းက မဲပေါက်သူအချို့ကို ဧည့်စာရင်းစစ်မည်ဟုဟန်ဆောင်ကာ ခေါ်ဆောင်သွားခံရသူ ၉ ဦးထပ်မနည်းရှိသည်ဟု ခေါ်ဆောင်ခံရသူအမျိုးသားတစ်ဦး၏ ဇနီးသည်က ပြောသည်။

Related News

Depend on news