မြောင်းမြ ရဲစခန်းအနီးရှိ ဆိုင်ခန်းတွဲ ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်၊ ဆိုင်ခန်းငါးခန်းပါအဆောက်အအုံတစ်ခုလုံးပျက်စီး

Author အေတီ
Categories
Published on Mar 21, 2024

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ရဲစခန်းအနီး မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သော အမှတ်(၄)ရပ်ကွက် ဦးဘချိုလမ်းတွင် ယနေ့ မတ် ၂၁ ရက် နံနက်အစောပိုင်းက ဂတ်စ်အိုးပေါက်ကွဲရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။

 

ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က စတင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ဆိုင်ခန်းတွဲငါးခန်းပါအဆောက်အအုံတစ်ခုလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူထိခိုက်မှုမရှိဘဲ ၂၅ မိနစ်အကြာ ၆ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယင်းဒေသခံများက ဆိုသည်။

 

“မနက်အစောကြီး ဂတ်စ်အိုးပေါက်သံအကျယ်ကြီးကြားရတော့ ရဲစခန်းဗုံးပေါက်တယ်ထင်နေတာ။ အခုလောင်တဲ့ဆိုင်ခန်းတွဲနေရာရဲ့ အနောက်မှာရဲစခန်းရှိပါတယ်” ဟု မီးလောင်မှုဖြစ်စဉ်အနီးနေထိုင်သူအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံအချို့၏ ပြောဆိုချက်အရ မြောင်းမြမြို့တွင် ခေါက်ဆွဲဖြင့် နာမည်ကြီးသည့် စားသောက်ဆိုင်မှတစ်ဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး လတ်တလော မီးလောင်မှုဖြစ်စဉ်အနီးဝန်းကျင်ကို ယာယီလမ်းပိတ်ထားသည်ဟု သိရသည်။

 

မီးလောင်ရာသို့ ဧရာဝတီတိုင်း မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကွယ်လွယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မြောင်းမြခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသည်။

 

အလားတူ ယနေ့ မတ် ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ဝါဝါဝင်းအိမ်ရာတွင် မီးလောင်ကျွမ်းမှုတစ်ကြိမ်၊ နေပြည်တော် ပုဗ္ဗသီရီမြို့နယ် အောင်သာယာရွာ နှင်းဆီအဝိုင်းအနီးတွင် မီးလောင်မှုတစ်ကြိမ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၅၅/၆)တွင် တောမီးလောင်မှုတစ်ကြိမ်၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ် စက်မှုဇုန် ၄ လမ်းနှင့် ၅ လမ်းကြားတွင် မီးလောင်မှုတစ်ကြိမ်စီဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။