မြန်မာနိုင်ငံတွင် အကောင်ရေဆယ်ချီသာ ကျန်တော့သည့် ဧရာဝတီလင်းပိုင် တစ်ကောင်သေဆုံး၊ မျိုးသုဉ်းမသွားရန် ထိန်းသိမ်းစောင့်ရှောက်မှု အထူးလိုအပ်နေ
မြန်မာနိုင်ငံတွင် အကောင်ရေဆယ်ချီသာ ကျန်တော့သည့်အတွက် မျိုးသုဉ်းမှု အန္တရာယ်ကျရောက်နေသည့် ဧရာဝတီလင်းပိုင် တစ်ကောင်သည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ဘက်တွင် လွန်ခဲ့သည့် နှစ်ရက်ခန့် (မတ်လ ၁၈ ရက်) တွင် သေဆုံးနေခဲ့သည်ကို တွေ့မြင်ခဲ့ရကြောင်းကို မြန်မာနိုင်ငံရှိ ဇီဝမျိုးကွဲ မျိုးစိတ်များကို အမျိုးအစား ခွဲခြားပေးကာ မှတ်တမ်းတင်နေသော အဖွဲ့တစ်ခုဖြစ်သည့် Native Species Conservation & Identification (NSCI) အဖွဲ့၏ တည်ထောင်သူတစ်ဦးဖြစ်သူ ကိုဝင်းပိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာ့နေရာအမျာအပြားတွင် တွေ့ရနိုင်သော ရေချိုလင်းပိုင်များအားလုံးကို မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း စတင်တွေ့ရှိကာ မှတ်တမ်းတင်နိုင်ခဲ့သည်ကို အစပြု၍ “ဧရာဝတီလင်းပိုင်” ဟု အမည်ပေး ခေါ်ဆိုကြသည့် ရေချိုလင်းပိုင်များသည် မြန်မာ့နိုင်ငံအတွင်းရှိ ကမ်းရိုးတန်းနှင့် မြစ်ချောင်းများတွင် ခန့်မှန်း အကောင်ရေ (၇၀) ဝန်းကျင်ခန့်သာ ကျန်ရှိနေတော့သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေသော မျိုးစိတ်လည်းဖြစ်သည်ဟု သိရသည်။
“ဒီဟာက (အရေအတွက်က) ဒီထက်ပိုနည်းဖို့ပဲ ရှိပါတယ်၊ ဘာလို့လဲဆို ခုနောက်ပိုင်းမှာ ထိန်းသိမ်းရေးတွေက ဘယ်လိုမှ ဆက်လုပ်လို့မရဘူး၊ အဘက်ဘက်က အခက်အခဲကြောင့် ထိန်းသိမ်းရေးကလည်း ဆက်လုပ်လို့မရဘူး၊ ဧရာဝတီလင်းပိုင်တွေ ရှိတဲ့နေရာတွေကို သွားပြီး ထိန်းသိမ်းရေး လုပ်လို့မရတာတွေလည်း ရှိတယ်၊ သူတို့ဆီကို သွားပြီး စာရင်းကောက်လို့ မရတာတွေလည်း ရှိတယ်၊ အဲ့ဒါကြောင့် အကောင်ရေ စာရင်းကတော့ ကျွန်တော်တို့အနေနဲ့ အတိအကျမသိနိုင်ဘူး၊ (၇၀) ဆိုတာခန့်မှန်းခြေပဲရှိပါတယ်၊ ဒီ့ထက်နည်းဖို့ပဲရှိတယ်၊ ကံကောင်းပြီးတော့ ဒီ့ထက်များရင်လည်း များလိမ့်မယ်ပေါ့နော်” ဟု ကိုဝင်းပိုင်ဦးက CJ Platform သို့ပြောသည်။
သိပ္ပံအမည် (Orcaella Brevirostris) ဟု အမည်ပေးထားသည့် ဧရာဝတီလင်းပိုင်များသည် ရေနေနို့တိုက်သတ္တဝါ တစ်မျိုးဖြစ်ကာ မြန်မာနိုင်ငံအတွင်းတွင် ဗန်းမော်နှင့် မန္တလေးမြို့အကြားရှိ မြစ်ပိုင်းအတွင်းတွင် အုပ်စုဖွဲ့၍ ဖြန့်ကျက်သွားလာ ပေါက်ဖွားရှင်သန်လေ့ရှိပြီး ရံဖန်ရံခါတွင် ရေချိုရေငံ ထိစပ်နေသည့် ကမ်းရိုးတန်းဒေသများနှင့် ဒီရေတောများတွင်လည်း ကျက်စားလေ့ရှိသည်ဟု သိရသည်။
“သူတို့ဘယ်လိုတွေ ကျက်စားလဲဆိုတော့ အဓိကက သူတို့ကောင်းကောင်းရေကူးလို့ရမယ့် နေရာပေါ့၊ ဥပမာ ဧရာဝတီမြစ်ဆိုရင် ဧရာဝတီ မြစ်ရေတက်လာတဲ့ အချိန်တွေမှာဆိုရင် သူတို့ကို ခဏခဏတွေ့နိုင်တယ်။ ကချင်ပြည်နယ်မှာဆို တွေ့နိုင်တယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း အဲ့ဒီမှာဆို အများဆုံးတွေ့နိုင်တယ်ပေါ့နော်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အဲ့ဒီဒေသတွေကတော့ သူတို့ အဓိကျက်စားတဲ့ မြစ်ကြောင်းတလျှောက်ပေါ့နော်” ဟု ကိုဝင်းပိုင်ဦးက ဆက်ပြောသည်။
ချစ်စဖွယ် မျက်နှာထားနှင့်အတူ လူများနှင့် နီးနီးကပ်ကပ်နေလေ့ရှိကာ တံငါသည်များ ငါးဖမ်းရာတွင်လည်း ကူညီပေးတတ်သော ဧရာဝတီလင်းပိုင်များသည် လူမျာနှင့် နီးနီးကပ်ကပ်နေနေသည့်အတွက်ပင် အလွယ်တကူ ဖမ်းဆီးခံရခြင်း၊ ရှော့တိုက်၍ သတ်ဖြတ်ခံရခြင်းနှင့် ရေထုညစ်ညမ်းခြင်း၊ငါးဖမ်းပိုက်များတွင် ငြိကာ သေဆုံးခြင်း စသည့် လူတို့၏ လုပ်ရပ်အမျိုးမျိုးဖြင့် သေဆုံးနေကြရကာ အရေအတွက်မှာ တဖြည်းဖြည်း နည်းလာပြီး ဆယ်ဂဏန်းသာကျန်တော့သည့်အတွက် မျိုးသုဉ်းကာနီးအနေအထားကိုပင် ကျရောက်နေပြီလည်းဖြစ်သည်။
“အဓိကက လူလို့ပဲပြောရမှာပေါ့နော်၊ ဘာလို့လဲဆိုတော့ ဒီမြစ်ထဲမှာနေနေတဲ့ ဧရာဝတီလင်းပိုင်တွေကို သတ်မယ့်အကောင်ဆိုတာ မရှိဘူး၊ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက မြစ်တွေက မိကျောင်းတွေရှိတဲ့ မြစ်လည်း မဟုတ်ဘူးလေ၊ မိကျောင်းတွေ ရှိတဲ့ မြစ်ဆိုရင်တော့ ဟုတ်မယ် လင်းပိုင်တွေကို မိကျောင်းတွေက စားပစ်မှာ၊ ဒါပေမဲ့ ဧရာဝတီ လင်းပိုင်တွေကို စားမယ့်အကောင် မြန်မာနိုင်ငံမှာမရှိဘူး၊ မြန်မာနိုင်ငံမှာ မရှိတဲ့အခါမှာ ဒီလင်းပိုင်တွေဟာ သူ့ဟာနဲ့သူဆိုရင် ဘယ်လိုမှ မျိုးသုဉ်းစရာ အကြောင်း မရှိဘူး၊ဘာလို့လဲဆို လူတွေကဖမ်းနေလို့၊ လူတွေက သတ်နေလို့ ဒါမှမဟုတ် လူတွေကြောင့် သေလို့သာ သူတို့က မျိုးသုဉ်းဖို့ အခြေအနေ ဖြစ်လာရတယ်ဖြစ်တယ်” လို့ ဧရာဝတီလင်းပိုင်တွေ အရေအတွက် လျော့ကျလာမှု အခြေအနေကို ကိုဝင်းပိုင်ဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံတွင် ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီလင်းပိုင်များ မြစ်အတွင်းဖြန့်ကြက် နေထိုင်မှုကို အပြည့်အဝသိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်း ကြား၌ လင်းပိုင် (၃၇) ကောင် တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုသုဉ်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပြီး Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင်လည်း ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့သည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်သည်ဟုလည်း Wikipedia တွင် ဖော်ပြထားသည်။
မြစ်အတွင်း ဂေဟစနစ်တွင် အရေးပါသည့် အပြင် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ ပြယုဂ်ဟု ခေါ်ဆိုနိုင်သော ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းမသွားစေရန် အားလုံးပူးပေါင်းကာ ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်းကိုလည်း အောက်ပါအတိုင်းတိုက်တွန်းပြောဆိုသည်။
“ဧရာဝတီလင်းပိုင်တွေကို သတ်နေတာတွေလျှော့ဖို့ပါ၊ တချို့နေရာမှာက မသိလို့ ရှော့တိုက်တာတွေ ဖြစ်ပေမယ့် တချို့နေရာမှာကတော့ သိသိရက်နဲ့ကို လုပ်နေတာမျိုးတွေရှိတယ်။ ဥပမာ ဧရာဝတီလင်းပိုင်တွေ အုပ်စုတစ်စုကို တချို့ရွာတွေမှာ တွေ့တယ်ဆိုရင် သူတို့ ဒါကို ရှားပါးမှန်းတော့ သိတယ်၊ သူတို့ အဲ့လောက်ကြီးထိ မသိပဲမဟုတ်ဘူး၊ သိတော့သိတယ် သိပေမယ့် ဒီအကောင်တွေကို ပိုက်ကွန်နဲ့တားပြီး ဖမ်းတာမျိုးတွေလုပ်တယ် ဒီကောင်တွေလာနေကျလမ်းကြောင်းကို တားတာမျိုးတွေလုပ်တယ်၊ ပိုက်ကွန်အကြီးကြီးတွေ အုပ်ပြီးတော့၊ ဒီအခါမှာ ဒီငါးတွေ မိသွားရင် သူတို့ မဖြစ်မနေသတ်ကြတာပါပဲ ပြီးရင် တရုတ်ဘက်ကို ရောင်းတာတွေ ထိုင်းဘက်ကို ရောင်းတာတွေလုပ်တယ်ပေါ့နော်။၊ အဲ့ဒီအခါမှာ ဧရာဝတီလင်းပိုင်တွေဟာ သူတို့ ပေါက်ဖွားလာတဲ့နှုန်းထက် အသတ်ခံရတဲ့နှုန်းက ပိုများလာတဲ့အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် အကောင်ရေက လျော့ကျလာတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ မျိုးသုဉ်းဖို့ အန္တရာယ်ကြုံလာရတာပေါ့နော်။” ကိုဝင်းပိုင်ဦးက ပြောသည်။
NSCI အနေဖြင့်လည်း လက်ရှိတွင် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နေသည့် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လူထုဆီပျံ့နှံ့အောင် လူမှုကွန်ရက်မှ တဆင့် ဖြန့်ဝေလျက်ရှိပြီး ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ရနိုင်သလောက် စုဆောင်းကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ (NGO) နိုင်ငံတကာရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGO) များနှင့် နိုင်ငံတကာရှိ ပညာရှင်များထံသို့ အချက်အလက်များ ပေးပို့ကာ ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု ကိုဝင်ပိုင်ဦးက ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံတဝှမ်းရှိ ဇီဝမျိုးကွဲ မျိုးစိတ်များကို Facebook လူမှုကွန်ရက်စာမျက်နှာတွင် Group ဖွဲ့ကာ အမျိုးအစားခွဲ မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေပြီး ထိုသို့လုပ်ဆောင်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် ပျောက်ကွယ်နေသည့် ရှားပါးနှံကောင်မျိုးစိတ်ကို ပြန်လည်ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကာမှတ်တမ်းတင်နိုင်ခဲ့ခြင်း အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်သည့် စာတမ်းပေါင်း ဆယ်စောင်ကျော် ရေးသားထုတ်ဝေနိုင် ခဲ့ခြင်းများ ရှိသည့်အတွက် နေရာအနှံ့အပြား၍ ရှိသော သူများအနေဖြင့် အဆိုပါ Group သို့ ဝင်ရောက်ကာ မိမိပတ်ဝန်းကျင်၍ရှိသော သက်ရှိ၊ သက်မဲ့များ၏ မှတ်တမ်း ဓာတ်ပုံများ တင်ပေးကြရန်လည်း ကိုဝင်းပိုင်ဦးက တိုက်တွန်းပြောဆိုသည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ ထို့အပြင် တောင်အာရှနှင့် အရှေ့တောင်အာရှ တို့၏ ကမ်းရိုးတန်းဒေသများတွင်လည်ကောင်း၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ် အပါအဝင် မြစ်ကြီး (၃) စင်းဖြစ်သော မဲခေါင်မြစ် နှင့် အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ မဟာခမ်မြစ်တို့ တွင်လည်း တွေ့နိုင်သည်။
ကမ္ဘာအနှံ့အပြားတွင်လည်း ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်၊ ၊ ဘင်္ဂလားဒေ့ရှ် ဗြဟ္မပုတ္တရမြစ်၊ လာအို၊ ကမ္ဘောဒီးယား စသည့် ဒေသများတွင်လည်း တွေ့ရနိုင်သည်။
ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရံပုံငွေအဖွဲ့ (World Wildlife Fund) ၏ ၂၀၁၉ ခုနှစ် အချက်အလက်များ အရ ကမ္ဘာတဝှန်းတွင် ဧရာဝတီလင်းပိုင် အကောင်ရေ (၃၀၀) အောက်သာ ကျန်ရှိနေတော့သည့်အတွက် ကျင်လည်ကျက်စားရာ ဒေသများတွင် နေထိုင်သူများအနေဖြင့် ဧရာဝတီလင်းပိုင်များကို အထူးထိန်းသိမ်းစောင့်ရှောက်သင့်နေပြီဟု ဆိုထားသည်။