စနေနေ့ အချိန်ပိုကြေးနှစ်နှင့်ချီမပေးခဲ့မှုကို တောင်းဆိုသည့် အလုပ်သမား ၅၀ ကျော်စက်ရုံမှ နှင်ထုတ်ခံရ

Author ခေတ်နီ
Categories
Published on Sep 24, 2022

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန်ရှိ ဖူဂျီဆပ်ပြာစက်ရုံသည် အလုပ်သမားများကို စနေနေ့တွင် အလုပ်ဆင်းခိုင်းပြီး နှစ်ကာလများစွာ စနေ အိုတီကြေးမပေးခဲ့တာကြောင့် ပေးရန် အလုပ်သမားများမှ တောင်းဆိုခဲ့ကြရာ တောင်းဆိုသည့် အလုပ်သားများကို စက်ရုံမှ နှင်ထုတ်မှုများလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FGWMမှထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းသွယ် ၁ ရှိ ဖူဂျီဆပ်ပြာထုတ်လုပ်သည့် Shwe Thazin ကုမ္မဏီသည် စက်ရုံရှိ အလုပ်သမားများကို ခွဲခြားဆက်ဆံကာ စနေနေ့တိုင်း အိုတီကြေး မပေးဘဲ အလုပ်လုပ်ခိုင်းနေသည်မှာ နှစ်ချီရှိနေပြီး၊ ကျွမ်းကျင်ကြေးကိုလဲ ကုန်ချောထုတ်သည့် ဌာနမှ အလုပ်သမားများနှင့် တန်းတူမရရှိမှုများရှိနေကြောင်း၊ လုပ်သက်ကြေး ခံစားခွင့်မရရှိမှုများကြောင့် အဆိုပါစက်ရုံရှိ လုပ်သားများမှ အလုပ်ရှင်နှင့် စက်ရုံမှူးထံ အခုလ ၂၁ ရက်နေ့တွင် ဆန္ဒပြ တောင်းဆိုတင်ပြခဲ့သော်လဲ အလုပ်ရှင်ဘက်က လိုက်လျောခြင်းမရှိဘဲ ယမန်နေ့တွင် ထိုဆန္ဒပြအလုပ်သမား ၅၀ ကျော်ကို စက်ရုံက နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“အလုပ်ထုတ်ခံရတာတော့ မဟုတ်ဘူး သူတို့ရပိုင်ခွင့်ကို အလုပ်ရပ်ပြီး တောင်းဆိုလို့ စက်ရုံကနေ နှင်ထုတ်တာပေါ့ အလုပ်သမားတွေကတော့ သူတို့ကိုနှင်မထုတ်ဖို့ ညှိနှိုင်းပေးဖို့ပြောကြတယ် FGWM ကိုလဲ အကူညီတောင်းလာတာပေါ့ အလုပ်သမားတွေက ဘာဆက်လုပ်ရမလဲ မသိတော့ဘူးတဲ့ မန်နေဂျာကလဲ ကြိုက်တဲ့နေရာသွားဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်”ဟု FGWM မှ တွဲဖက်အတွင်းရေးမှူးဖြစ်သူက CJ Platform ကိုပြောသည်။

လက်ရှိမှာတော့ FGWM အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သတ်၍ အလုပ်ရှင်အား ဖိအားပေးနိုင်ရန် အလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံနေရမှုများကို ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။