“စစ်မှုထမ်းဥပဒေကြောင့် ‘လမ်းပျောက်’ နေကြတဲ့ လူငယ်တွေ”

Author လဂွန်းအိမ်
Categories
Published on Mar 17, 2024

မတ်လ တတိယပတ်ထဲကစလို့ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းဖို့ နာမည်စာရင်းတွေ လိုက်လံကောက်ခံနေကြပါပြီ။ ဒါကြောင့် လူငယ်တွေဟာ သူတို့စကားအရ ‘လမ်းပျောက်’ နေကြပြီဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ တီးတိုးသံကဏ္ဍအတွက် ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းဥပဒေကြောင့် ‘လမ်းပျောက်’ နေတဲ့လူငယ်တွေရဲ့ တီးတိုးသံတွေကို CJ Platform ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

****************************************

 

မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စုမှ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး

 

ကျောင်းပဲ အပ်ရမလား။ ပြည်ပပဲထွက်ရမလား။ ဝေခွဲမရဘူးဖြစ်နေတယ်။ ဖိတ်စာကြီး အိမ်ရောက်လာတော့ အဒေါ်ကလည်း ငိုယိုနေရော။ ရန်ကုန်က အဒေါ်ဆီလည်း ဖုန်းဆက်ပြီး ငိုကြပြန်ရော။ သူတို့က အဲဒီလိုဖြစ်နေတော့ ကိုယ်တိုင်ခံစားရတဲ့သူက ပိုပြီးဝေဝါးသွားတယ်။ ဘာလုပ်သင့်တယ်။ ဘယ်လိုညာလို အားပေးဖော်မရဘူး။ ငိုနေကြတော့ ကြောင်ပျောက်တာပေါ့။ ဘာဖြစ်လာဦးမယ်တော့မသိပေမဲ့ စစ်မှုထမ်းဖို့တော့ မလုပ်နိုင်ဘူး။ အစထဲက လုပ်နိုင်ရင် PDF ထဲသွားလုပ်တာပေါ့။ ကိုယ့်မှာ သေနတ်လည်းကိုင်ပြီး တိုက်ဖို့ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ တနည်းနည်းနဲ့တော့လစ်မှာပဲ။ ကျောင်းတက်မယ်ဆိုပြီး ရှောင်မရရင်တော့ ပြည်ပထွက်ဖို့ပဲ ရှိတော့တယ်။

 

ကိုယ်တွေ စွန့်စားရတော့မယ့်အချိန် ရောက်လာပြီပေါ့။ တော်လှန်ရေးထဲ အစထဲက မဝင်ခဲ့တာ မဟုတ်ဘူး။ ကိုယ့်လုပ်စာနဲ့ တတ်နိုင်တဲ့ဘက်ကနေ လတိုင်း ကူညီနေတယ်။ ငါမလုပ်နိုင်တာ သူတို့လုပ်နေတယ်ဆိုတဲ့အသိနဲ့ အမြဲအားပေးနေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီးလုံတယ်။ ဒီဥပဒေက သူတို့လူမရှိတော့လို့ ပြည်သူကိုဒုက္ခပြီး ဒုက္ခထပ်ပေးတဲ့ ဥပဒေပဲ။ အာဏာရှင်ပါဆို သူအာဏာရဖို့ပဲသိတာ။ သူအာဏာရနေဖို့ ကျွန်တော်တို့က စတေးပေးရမှာလား။ ကျွန်တော်အသိတရားထဲမှာတော့ စစ်သားဆိုတာ လက်ရှိတော်လှန်ရေး ရဲဘော်တွေပဲ။ သူတို့က အရိပ်နေပြီး အခက်ချိုးနေတဲ့ အတ္တရူးတွေ Brain Wash လုပ်ခံထားရတဲ့ ကောင်တွေ။ လူလို့သတ်မှတ်ဖို့‌‌ ‌‌တောင်ခက်တယ်။

****************************************

 

ညောင်တုန်းမြို့နယ်၊ ၁၀ ရပ်ကွက်မှ အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တစ်ဦး

 

ဘယ်လိုပြောရမလဲ။ မြန်မာပြည်မှာ လူလာဖြစ်ရတဲ့ ဒုက္ခတစ်မျိုးပဲ။ အဲဒါကိုမှ တခြားရပ်ကွက်က တစ်ရပ်ကွက် ငါးယောက်။ ကျွန်တော်တို့ရပ်ကွက်ကျမှ တစ်ရပ်ကွက် ရှစ်ယောက်ခေါ်မယ် ပြောတယ်။ ကျွတော်က သူများလိုလည်း ပညာမတတ်ဘူး။ တစ်နေ့လုပ်တစ်နေ့စား PDF ‌တွေနဲ့လည်း အဆက်အစပ်မရှိဘူး။ မဲနှိုက်ရလို့ ပေါက်ရင်တော့ တစ်ခြားမြို့တွေသွားပြီး ကြုံသလိုနေရမှာပေါ့။ စဉ်းစားကြည့်ဗျာ ကိုယ့်သဘောကိုယ်သွားပြီး စာရင်းပေးတဲ့ကောင်တွေတောင် ထွက်ပြေးနေကြတာ။ ကျွန်တော်တို့လိုကောင်တွေက ဘယ်လိုလုပ်နိုင်မှာလဲ။

 

တောထဲသွားဖို့ဆိုတာလည်း မတွေးမိပါဘူး။ သွားရအောင် ငွေလည်းမတတ်နိုင်ဘူး။ မှတ်ပုံတင်လည်း မရှိဘူး။ စစ်တပ်ထဲတော့ မဝင်ချင်ပါဘူး။ ဘာပေးမယ်။ ညာပေးမယ်ပြောပြီးခေါ်လည်း မဝင်ဘူး။ သူတို့က တစ်ခါမှ အမှန်ပြောတတ်တာမဟုတ်ဘူး။ ယုံလို့မရတဲ့အထဲမှာ သူတို့လည်းပါတယ်။ ဖြစ်လာရင် ပြေးဖို့ပဲတွေးထားတာ။

****************************************

 

ညောင်တုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စုမှ ၂၂ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ တီးတိုးသံ

 

တကယ်လို့ လုံးဝရှောင်မရတော့ဘူးဆိုရင် အသက် မသေအောင်ကြည့်နေရမှာပေါ့။ ပြည်သူချင်း ပြန်ပစ်သတ်ခိုင်းတာမျိုးကလွဲလို့ ဘယ်သူ့မှ မထိခိုက်တဲ့အမိန့်မျိုးတွေခဏတာ လိုက်ရော လိုက်မယ်။ အခွင့်သာတာနဲ့ ဘက်ပြောင်းမယ်။ အခွင့်မသာလို့ သေရမယ်ဆိုလည်း အကြီးအကဲတစ်ယောက်တော့ အပါခေါ်သွားမယ်။ အဆုံးထိတွေးထားတဲ့အရာပဲ။

 

သူတို့အတွက် နောက်ဆုံးအချိန်ရောက်ပြီလို့ပဲထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့အချိန်ထိတောင် သူတို့တောင့်မခံနိုင်တော့ဘူးလေ။ သင်္ကြန်ပြီးမှလို့ပြောပြီး ခုထဲကလုပ်နေရပြီ။ ကျွန်တော်တို့မိသားစုက အကြွေးကိစ္စတွေနဲ့ တစ်ကွဲတစ်ပြားဖြစ်နေတာ။ အဲဒီကိစ္စတွေနဲ့ ရောပြီး ကျွန်တော့်ကို ချောက်တွန်းပြီး အရင်ထည့်မှာ လန့်နေရတယ်။

 

အလုပ်လုပ်ရတာလည်း ဘာကိုမှစိတ်မပါတော့တာ။ ကိုယ့်ကိုယ်ကိုယ်လည်း သေလူပဲသတ်မှတ်ထားခဲ့တဲ့ထိပဲ။ အသက်ရှုတွေ ပိုပြင်းလာတယ်။ ဘာနဲ့မှ ဖျောက်ဖျက်မရတဲ့ အိပ်မက်ဆိုးကြီး အရိပ်လိုလိုက်နေသလိုပဲ။ လက်လှမ်းမှီသ၍ ချိတ်ဆက်ထားတာရှိတယ်။ အခြေနေကလည်း စောင့်စရာကိုမလိုတော့ဘူး။ ဒီရေလိုတိုးလာပြီ။