“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (မတ်လ ၁၁ မှ ၁၆ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Mar 16, 2024

ဒီတစ်ပတ် (မတ်လ ၁၁ မှ ၁၆ ရက်အထိ) အတွင်း မြန်မာပြည်ထိပ်ဖျား ကချင်ပြည်ကနေ အောက်ဆုံး တနင်္သာရီတိုင်းအထိ တိုက်ပွဲတွေ ညံညံစီနေခဲ့ပါတယ်။ ရခိုင်က AA က ရမ်းဗြဲမြို့နဲ့ အောင်သပြေ နယ်ခြားစောင့်စခန်းကို သိမ်းနိုင်ခဲ့တဲ့သတင်း၊ ကရင်က KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နာမည်ကျော် ဖလူးတပ်စခန်းကို သိမ်းတဲ့သတင်း၊ ကချင်က ပိုပြင်းထန်လာတဲ့တိုက်ပွဲတွေသတင်းတွေနဲ့အတူ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စတင်စာရင်းကောက်နေတဲ့သတင်းတွေကို တစ်ပတ်တွင်းထိပ်တန်းရောက်သတင်းများအဖြစ် ကောက်နုတ်ဖော်ပြသွားပါမယ်။

****************************************

 

“စစ်မှုထမ်းဖို့ နိုင်ငံအနှံ့ စတင်စာရင်းကောက်”

 

ကောလာဟလများစွာကြောင့် လူငယ်တွေ စိတ်သောကရောက်နေရသော စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေအရ စစ်မှုထမ်းဖို့ ဒီသတင်းပတ်ထဲ ရပ်/ကျေးအဖွဲ့ဝင်တွေကနေ တစ်ဆင့် နိုင်ငံအနှံ့ နာမည်စာရင်းတွေ စကောက်နေပါပြီ။

 

စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ နေပြည်တော်၊ ရန်ကုန်အပါအဝင် ဧရာဝတီတိုင်း၊ မန္တလေး၊ ပဲခူးတို့မှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေသလို အခြားတိုင်းနဲ့ ပြည်နယ်တွေက စစ်ကောင်စီထိန်းချုပ်ရာ ဒေသတွေမှာလည်း လုပ်ဆောင်နေပါတယ်။

 

ကျေးရွာတွေဘက်မှာတော့ တစ်ရွာ ၄၊ ၅ ဦးအထိ စစ်မှုထမ်းရမယ်လို့ဆိုသလို ရန်ကုန်ဘက်မှာတော့ တစ်ရပ်ကွက်/ကျေးရွာကို ၁ ဦး ဒါမှမဟုတ် ၂ ဦးထမ်းဆောင်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

 

ရန်ကုန်ရဲ့ တချို့နေရာတွေမှာလည်း စာရင်းကောက်ပြီးနောက် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားတွေ လာရောက်ခေါ်ခံရသူတွေရှိတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

စစ်မှုမထမ်းလိုသူအချို့ကတော့ စစ်ကောင်စီ တပ်သားတွေ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို လာဘ်ထိုးပြီး ကျော်လွှားဖို့ ကြိုးစားနေကြသလို နိုင်ငံတွင်း တိမ်းရှောင်တာမျိုး၊ ပြည်ပကို တိမ်းရှောင်တာမျိုးတွေ ပြုလုပ်ဖို့ ကြိုးစားနေကြတာပါ။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်း ပထမဆုံးသင်တန်းကို လာမယ့် ဧပြီလထဲ စတင်ဖို့ရှိနေပြီး အပတ်စဉ် ၁ အတွက် သက်ပြည့်အမျိုးသား ငါးထောင်ဦးနဲ့စတင်မှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံတွေဆီက သိရပါတယ်။ သက်ပြည့်အမျိုးသမီးတွေကိုတော့ အပတ်စဉ် ၅ မှခေါ်ယူမယ်လို့ ဆိုပါတယ်။

 

နိုင်ငံအတွင်း စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်လူရွယ်တွေအပြင် မိဘတွေပါ စိုးရိမ်မှုအလွန်အမင်း မြင့်တက်နေကြပါတယ်။

****************************************

 

“အဓမ္မစစ်မှုထမ်းခိုင်းနေတာ လုံခြုံရေးကောင်စီမှာ အရေးယူဖို့တောင်းဆိုလိုက်တဲ့ ဦးကျော်မိုးထွန်း”

 

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းခိုင်းနေတာ အဆုံးသတ်ရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲမှာ ထည့်သွင်းတောင်းဆိုလိုက်ပါတယ်။

 

စစ်ကောင်စီက မြန်မာလူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတာဟာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေကို တိုက်ခိုက်ရာမှာ လူသားဒိုင်း ဒါမှမဟုတ် ပေါ်တာအဖြစ် သုံးဖို့ဖြစ်ပြီး ဒီလို အတင်းအကျပ် လုပ်ဆောင်မှုကနေ လူသားစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ ပြဿနာတွေ ကြုံလာနိုင်ကြောင်း ကုလလုံခြုံရေး ကောင်စီကို တင်ပြခဲ့တာပါ။

 

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီမရအောင် တားဆီးပေးဖို့၊ စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေဖို့၊ လူသားချင်းစာနာမှု အကူညီပေးရေးလမ်းကြောင်းတွေ ပိတ်ဆို့မထားစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု ရှိလာအောင် ပံ့ပိုးကူညီပေးဖို့ကိုလည်း လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။

****************************************

 

“၃၅ နှစ်ကြာတပ်စွဲထားတဲ့ ဖလူးစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းပိုက်”

 

စစ်ကောင်စီတပ်သားတွေ ၃၅ နှစ်ကြာ တပ်စွဲနေထိုင်ခဲ့တဲ့ ဖလူးမဆုတ်တမ်းခံစစ်စခန်းကို မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မိနစ်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြပါတယ်။ တချို့က ငါးမိနစ်၊ တချို့က ၁၅ မိနစ်လို့ ဆိုကြပေမဲ့ မိနစ်ပိုင်းအတွင်း စခန်းသိမ်းလိုက်နိုင်တာကတော့ အသေအချာပါပဲ။

 

“ဘာမှတောင်မတိုက်လိုက်ရဘူး” လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KLNA)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက CJ Platform ကို ပြောခဲ့ပါတယ်။

 

အဲဒီထိုးစစ်ဆင်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က မတိုက်ဖို့တောင်းဆိုခဲ့သလို လက်နက်တွေ ယူသွားခွင့်ပြုဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီဘက်က လက်နက်တွေ ယူသွားခွင့်မပြုခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု အနည်းငယ်ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

 

အဲဒီနောက် မတ်လ ၁၆ ရက် သောကြာနေ့က ဖလူးတပ်စခန်းကို သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

အဲဒီထဲ လက်နက်အနည်းငယ်သာပါဝင်ပြီး ကျည်အများအပြား ခင်းကျင်းပြသထားတာကို KNU ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းများအရ သိရပါတယ်။

****************************************

 

“ အရင်အပတ်ကထက် ပိုပြင်းထန်ခဲ့တဲ့ KIA Vs SAC တိုက်ပွဲတွေ”

 

ပြီးခဲ့တဲ့အပတ်ကစတဲ့ ကချင်ပြည်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ(SAC)တပ်တွေရဲ့တိုက်ပွဲတွေ အရင်အပတ်ကထက် ပြင်းထန်ခဲ့ပါတယ်။

 

KIA ဌာနချုပ် လိုင်ဇာအနီးကနေစတဲ့တိုက်ပွဲတွေဟာ အခုဆို အရှိန်တော်တော်ရနေပြီဖြစ်ပါတယ်။ တိုက်ပွဲပထမအပတ်ထဲမှာ စစ်ကောင်စီစခန်း ဆယ်နဲ့ချီသိမ်းပိုက်နိုင်ခဲ့သလို ဒုတိယအပတ်ထဲမှာလည်း ဆက်သိမ်းနေဆဲဖြစ်ပါတယ်။

 

မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကနေ သတင်းဖော်ပြနေသူတွေရဲ့အဆိုအရ ဒီတစ်ပတ်မှာလည်း စခန်းအတော်များများသိမ်းခဲ့တယ်လို့ သိရပါတယ်။ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူကတော့ သူရတဲ့မြေပြင်သတင်းတွေကို ပြန်ပြောပြတဲ့သတင်းတွေကို ကိုးကားရေးသူတွေမှာတော့ စခန်းသိမ်းတိုက်ပွဲတချို့ဖော်ဆောင်နိုင်ခဲ့တာမျိုးတွေရှိပေမဲ့ တချို့ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

 

မတ်လ ၁၅ ရက်နေ့ကတော့ ဘွမ်ရဲတောင် တပ်စခန်းကို KIA တပ်တွေက ဝင်ရောက် ရှင်းလင်းခဲ့ပြီး စစ်ကောင်စီကလည်း တစ်နေလုံးနီးပါး လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သူက ပြောခဲ့ပါတယ်။

 

“လေကြောင်းနဲ့တော့ ဒီမနက်ကနေ အခုထက်ထိ တိုက်နေတုန်းဖြစ်ပါတယ်။ ဆက်တိုက် ဗုံးကြဲပါတယ်။ လိုင်ဇာ ပတ်ဝန်းကျင်မှာ၊ ဘွမ်ရဲဘွမ် ပေါ့နော်၊ အဲဒီ ပတ်ဝန်းကျင်မှာ။ ဒါပေမဲ့ ဘွမ်ရဲ တပ်စခန်းကိုတော့ ဝင်တော့ ဝင်ရှင်းနေပြီ။ ဒါပေမဲ့ အသေးစိတ် ပြည့်ပြည့်စုံစုံကတော့ မရသေးဘူး။ ဝင်တော့ ဝင်ရှင်းနေပါပြီ” လို့ VOA မြန်မာပိုင်းကို ပြောကြားထားပါတယ်။

 

ဆွမ်ပရာဘွမ်မြို့က ခလရ ၄၆ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၄ ရက် ကြာသပတေးနေ့ မွန်းတည့် ၁၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းကနေ မတ်လ ၁၅ ရက်နေ့အထိ လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။

****************************************

 

 

“တစ်မြို့ပြီး တစ်မြို့သိမ်းနေတဲ့ AA”

 

‌မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းတို့အပြင် အခုသီတင်းပတ် မတ်လ ၁၁ ရက် တနင်္လာနေ့မှာတော့ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ရခိုင်ပြည်ထဲ ခုနစ်မြို့မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့တာပါ။

 

ရခိုင်နဲ့ဆက်စပ်နေတဲ့ ချင်းပြည်မှာလည်း ပလက်ဝဒေသတစ်ခုလုံးကို AA ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

 

ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းကနေ အောင်ချမ်းသာစေတီတိုက်ပွဲမှအစပြု တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကြားကနေ ၈၅ ရက် သုံးလနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

 

အဲဒီလို ရမ်းဗြဲမြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ မတ်လ ၁၀ ရက်နေ့ ညနေ ၇ နာရီကစလို့ ရသေ့တောင်မြို့ အခြေစိုက်စစ်ကောင်စီလက်အောက်ခံတပ်ရင်းဌာနချုပ်တွေကိုလည်း တပြိုင်နက် ဆက်လက်ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေခဲ့တာပါ။

 

အဲဒီလိုပဲ မတ်လ ၁၀ ရက်နေ့မှာ မောင်တောမြို့ မြောက်ဘက်က အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းကိုတိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၁၂ ရက် အင်္ဂါနေ့မှာ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီစခန်းသိမ်းတိုက်ပွဲထဲကနေ လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီ တပ်သားအလောင်းတွေ သိမ်းဆည်းရမိခဲ့တဲ့အပြင် စခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၈၀ နီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ရောက်ထွက်ပြေးသွားကြပါတယ်။