စစ်ကိုင်း မင်းကွန်းရဲစခန်းတိုက်ခိုက်စဉ် မောင်းသူမဲ့လေယာဉ်ပေါက်ကွဲ၊ ဒဏ်ရာအနည်းငယ်ရသည့်ရဲဘော် ပြန်လည်သက်သာ

Author မင်းထက်
Categories
Published on Mar 16, 2024

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသရှိ မင်းကွန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝေဟင်စစ်ဆင်ရေးဖော်ဆောင်စဉ် မောင်းသူမဲ့လေယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း ပြန်လည်သက်သာနေပြီဖြစ်ကြောင်း အဆိုပါစစ်ဆင်းရေးတွင်ပါဝင်ခဲ့သည့် ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ခံ ကို Someday က CJ Platform သို့ ပြောသည်။

 

“အန္တရာယ် ကင်းပါတယ်။ ကံကောင်းလို့ ထိခိုက်နည်းနည်းပဲရှိခဲ့တာပါ။ ရဲဘော်တစ်ယောက်ထိခိုက်ခဲ့လို့။ ကျန်တာတွေ ဘာမှမသိရခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။

 

မင်းကွန်းရဲစခန်းကို ပြီးခဲ့သည့်မတ်လ ၁၄ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် Fix Wing သုံးစင်း၊ ဒရုန်းတစ်စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာတွင် ထပ်မံတိုက်ခိုက်ရန် သုံးစင်းမြောက် မောင်းသူမဲ့ Fix Wing ပစ်လွှတ်စဉ် ချက်ချင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ရဲဘော်က သက်သာနေပါပြီ။ ဗိုက်နဲ့ လက် ရှပ်ထိယုံပဲ” ဟု မြနန္ဒာ Drone Force (မန္တလေး) တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

အဆိုပါဝေဟင်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိနှင့်ပတ်သက်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အနေဖြင့် စုံစမ်းဆဲဖြစ်ပြီး ဒဏ်ရာရရဲဘော်ကိုသာ ဂရုစိုက်ခဲ့ကြသည့်အတွက် မသိရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

 

ထိုစစ်ဆင်ရေးကို မြနန္ဒာ Drone Force (မန္တလေး)နှင့်အတူ Unicorn Guerrilla Force ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ မော်ကွန်းသစ်(မန္တလေး) မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။